ဘတ်စ်ကားပေါ်က အချိန်တွေကို အကျိုးရှိရှိဖြတ်သန်းနိုင်မယ့် နည်းလမ်းများ

 ဘတ်စ်ကားပေါ်ကအချိန်တွေ ဖင်လှည့်ခေါင်းလှည့် မကုန်စေပဲ အကျိုးရှိသွားရအောင် ဒီနည်းလေးတွေ လိုက်လုပ်ကြည့်ကြနော်။

ယောင်းတို့ရေ တို့တစ်တွေ တစ်နေ့တစ်နေ့ ဘတ်စ်ကားပေါ်မှာပဲ အချိန်တွေ
ကုန်နေကြရတယ်ဟုတ်။ တကယ်တမ်း ပြန်စဉ်းစားကြည့်မယ်ဆိုရင် ဘတ်စ်ကားပေါ်မှာ ကုန်သွားတဲ့အချိန်တွေက
သိပ်နှမြောဖို့ကောင်းတာပဲနော်။ အဲ့တော့ ဒီလိုမျိုးလေး အကျိုးရှိရှိ ကုန်ဆုံးကြည့်ကြရအောင်။
ဒီနေရာမှာ နှစ်ပိုင်းခွဲပြောပါမယ်။ ထိုင်ခုံနေရာရသူရယ်မရသူရယ်ဆိုပြီးတော့ပေါ့။
ထိုင်ခုံနေရာရတဲ့သူတွေအနေနဲ့ကတော့ ဒီလိုလေးတွေ လုပ်ကြည့်ပါ။

(၁) စာအုပ်ဖတ်ပါ
ကိုယ်ဖတ်ချင်တဲ့စာအုပ်လေးတစ်အုပ်ကို အိတ်ထဲမှာ အမြဲဆောင်ထားပါ။
ကားပေါ်ရောက်ပြီ ထိုင်ခုံရပြီဆိုတာနဲ့ စာအုပ်စဖတ်ပါ။
ကားပေါ်မှာ ဖတ်လို့အကောင်းဆုံးကတော့ ပုံပြင်စာအုပ်လေးတွေပေါ့။
ဘာသာစကားလေ့လာနေတဲ့ယောင်းတို့ဆိုရင် ကိုယ်လေ့လာနေတဲ့ဘာသာစကားနဲ့ရေးထားတဲ့
ပုံပြင်တိုလေးတွေဖတ်ပါ။ ခုဆို မိုးတွင်း ပိုတောင်ဖတ်လို့ကောင်းသေး။
အဲကွန်းဘတ်စ်စီးရတဲ့ ယောင်းတို့ဆိုရင်တော့ဇိမ်ပဲ။

(၂) အနားယူပါ
ကားအကြာကြီးစီးရတဲ့သူအတွက် ကားပေါ်မှာတစ်ရေးတစ်မော အိပ်ရတာလည်း
ဇိမ်ပါပဲ။ အဲကွန်းကားဆို ပိုလို့တောင် မိုက်သေး။ ဒါပေမယ့် သတိလက်လွတ်တော့မအိပ်ပါနဲ့။ တော်နင်ကြာ သူခိုးခိုးခံနေလိမ့်မယ်နော်။
သတိလေးနဲ့ မှိန်းရုံလေးပဲ မှိန်းပါ။ ခုခေတ်က ဒီဂျစ်တယ်ခေတ်ဆိုတော့ကာ
တစ်ချိန်လုံး အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ မျက်လုံးက ထိတွေ့နေရတာမို့
သူတို့ကို ခဏတစ်ဖြုတ်တော့ အနားပေးသင့်ပါတယ်။

(၃) စာရင်းပြုစုပါ
တစ်နေ့တာ လုပ်ရမယ့်အလုပ်တွေကို မှတ်မိသလောက် ချရေးကြည့်ပါ။
ဖုန်းတော်တော်များများမှာ မှတ်စုမှတ်လို့ရတာလေးတွေပါပါတယ်။
အဲ့မှာ လုပ်ရမယ့်ဟာလေးတွေ ချရေးပါ။ ရုံးရောက်တာနဲ့ အဲ့စာရင်းကြည့်ပြီး တန်းလုပ်ရုံပါပဲနော်။

(၄) ဝေါဟာရတွေကျက်ပါ
ဥပမာ ယောင်းတို့က အင်္ဂလိပ်စာလေ့လာနေတဲ့သူပဲဆိုပါတော့။
ဝေါဟာရအသစ်တွေကို စာအုပ်သေးလေးတစ်အုပ်မှာပဲဖြစ်ဖြစ်
စာရွက်ပိုင်းလေးတစ်ခုနဲ့ပဲဖြစ်ဖြစ် အိမ်ကနေ ရေးလာပါ။
ကားပေါ်ရောက်တာနဲ့ ဝေါဟာရအသစ်တွေ ရေးထားတဲ့ စာရွက်ကို
ထပ်ခါတလဲလဲဖတ်ပါ။ အများကြီးလုပ်စရာမလိုပါဘူး။ တစ်နေ့ကို (၃) လုံး သို့ (၅) လုံးဆိုရင်ပဲ လုံလောက်နေပါပြီ။

ထိုင်ခုံမရတဲ့ ယောင်းတို့ကတော့ ဒီလိုလေးတွေလုပ်ကြည့်ပါ။

(၁) သင်္ချာလေ့ကျင့်ပါ
ဖြတ်သွားတဲ့ကား နံပါတ်တွေကို လိုက်ပေါင်းပါ။
များများပေါင်းလေ သင်္ချာကျွမ်းလာလေဖြစ်လာပါလိမ့်မယ်။
ပြောမရဘူး ကြာရင် သင်္ချာကျွမ်းကျင်အဆင့်တွေဘာတွေဖြစ်လာမှာနော်
(၂) လမ်းတွေလိုက်မှတ်ပါ
သတိလက်လွတ် ဘေးဘီဝဲယာ ရှေ့နောက် ငေးနေမယ့်အစား
ဘယ်နေရာမှာ ဘာရှိတယ်။ ဘာကားတွေကတော့ ဘယ်ကိုရောက်တယ်
စတဲ့ အချက်အလက်တွေကို လေ့လာပါ။

(၃) သီချင်းနားထောင်ပါ
ဘာသာစကားလေ့လာနေတဲ့သူတွေဆိုရင် ဘာသာစကားနဲ့ဆိုင်တဲ့ သီချင်းကောင်းကောင်းလေးတွေကို
ဖုန်းထဲမှာ သွင်းထားပြီး နားထောင်ပေးပါ။ အကြားစွမ်းရည် တိုးတက်စေနိုင်ပါတယ်။ တစ်နည်းအားဖြင့်
သီချင်းနားထောင်နေတော့ ယောင်းတို့ဖုန်းကို သူခိုးတွေ အလွယ်တကူခိုးလို့မရနိုင်တော့ဘူးပေါ့။

ကဲ ဒီနည်းလမ်းလေးတွေနဲ့ ဘတ်စ်ကားပေါ်က အချိန်တွေကို ပြန်အဖတ်ဆယ်ကြရအောင်နော်။ ယောင်းတို့ထဲက တချို့တွေလည်း ဒီလိုနည်းလမ်းတွေလုပ်ဖူးကြမယ်ထင်ပါတယ်။ တခြား ကိုယ်လုပ်ဖူးနေကြလေးတွေရှိရင်လည်း မျှဝေခဲ့ပါဦးလို့။

Christina (For Her Myanmar)

No Comments Yet

Comments are closed