ဘယ်လိုခွန်အားပိုင်ရှင်လဲ

တိရိစ္ဆာန်ကမ္ဘာထဲက ယောင်းတို့နဲ့ အားသာချက်တွေ တူတာ ဘယ်အကောင်လေးတွေ ဖြစ်မလဲ

တိရိစ္ဆာန်လေးတွေချစ်တတ်တဲ့ ယောင်းတို့တွေရှိသလားဟင်။ တိရိစ္ဆာန်လေးတွေကလေ ချစ်စရာကောင်းရုံတင်မဟုတ်ဘူး သူတို့မှာ ကောင်းတဲ့အချက်လေးတွေလဲရှိတယ်နော်။

ကိုယ်တွေနဲ့နီးတဲ့ အကောင်လေးတွေပဲ ကြည့်ကြရအောင်။ ကြောင်လေးတွေဆို ကြော့ကြော့လေးနေတယ၊် ဥာဏ်ကောင်းတယ်၊ ကိုယ့်ကို သူများအသုံးချတာ မခံဘူး။ ခွေးလေးတွေဆို သစ္စာရှိတယ်၊ သူငယ်ချင်းကောင်းပီသတယ်၊ သိလွယ်တတ်လွယ်တယ်။ ငှက်ကလေးတွေဆို အသံသာယာတယ်၊ အချိန်မှန်တယ်။ ပုရွက်ဆိတ်ကလေးတွေက အလုပ်ကြိုးစားတယ်။ ပင့်ကူလေးတွေက ဘယ်တော့မှ လက်မလျှော့ဘူး။

ကိုယ်နဲ့ ခပ်ဝေးဝေး တောထဲက အကောင်းလေးတွေကို ကြည့်ဦးမလား။ ကျားတွေခြင်္သေ့တွေဆို အားကြီးတယ်၊ သတ္တိရှိတယ်။ ယုန်ကလေးတွေဆို လျင်မြန်တယ်၊ သတိကြီးတယ်။ မျောက်ကလေးတွေဆို ပျော်ပျော်နေတတ်တယ်၊ မိသားစုကိုချစ်ပြီး ရိုင်းပင်းတတ်တယ်။

တိရစ္ဆာန်လေးတွေအကြောင်း အခုလိုဘာလို့ပြောပြနေတာလဲဆိုရင် အက်ဒမင်က spirit animal အကြောင်း ပြောပြချင်တာမို့ပါ ယောင်းရဲ့။ Spirit animal ဆိုတာ ကိုယ့်ဘဝနေထိုင်မှုအတွက် လမ်းညွှန်ချက်ယူရတဲ့ တိရိစ္ဆာန်ပါတဲ့။ ရှုပ်သွားလား? ပြောချင်တာက ကိုယ်ရွေးချယ်ထားတဲ့ တိရစ္ဆာန်လေးရဲ့ကောင်းတဲ့အချက်တွေကို အတုယူပြီး ဘဝမှာပြန်လည် အသုံးချနိုင်ဖို့နဲ့ သူ့ရဲ့ အားနည်းချက် အားသာချက်တွေကို ကိုယ့်အတွက် လမ်းပြအနေနဲ့ အသုံးချနိုင်ဖို့ပါ။

Related article >>> တိချစ်သူယောင်းယောင်းတို့ ကြည့်သင့်တဲ့ ဇာတ်ကား (၄)ကား

ဟိုးအရင်တည်းက အမေရိကန်မှာနေခဲ့တဲ့ Native American လူမျိုးစုတွေကတော့ ဒီ spirit animal ဆိုတာကို အလေးအနက်ထားပါတယ်။ ကိုယ့် spirit animal အရုပ်ကလေးကို totem လို့ခေါ်တဲ့ အဆောင်ရုပ်ကလေးအဖြစ် ထွင်းထုပြီး ဆောင်ထားတတ်ကြတယ်။ ဘဝနေထိုင်မှုတင်မက ကျန်းမာရေး၊ စိတ်အင်အားနဲ့ ငြိမ်းချမ်းမှုတွေကိုပါ သူတို့ရဲ့ spirit animal ဆီကနေ ရှာကြပါတယ်။

ယောင်းတို့ Brother Bear ဆိုတဲ့ ကာတွန်းကား ကြည့်ဖူးကြလားမသိ။ ညီအစ်ကိုသုံးယောက်ရဲ့ spirit animals တွေကတော့ – အစ်ကိုကြီးက လမ်းပြရှင် လင်းယုန်၊ အစ်ကိုလတ်က ဥာဏ်ပညာဆိုတဲ့ ဝံပုလွေ၊ ညီအငယ်ဆုံးကတော့ အချစ်ရဲ့ဝက်ဝံတဲ့။ အစ်ကိုကြီးဆုံးသွားတဲ့အခါ ညီအငယ်ဆုံးက အမှားအယွင်းတစ်ခု လုပ်လိုက်မိလို့ ရှေးဝိဥာဉ်တွေရဲ့ ကျိန်စာကြောင့် သူရဲ့ spirit animal ဖြစ်တဲ့ ဝက်ဝံဘဝကို ရောက်သွားရတဲ့ ဇာတ်လမ်းပေါ့။ အတွဲ ၁ ရော ၂ ရော အရမ်းကောင်းပဲ။ မကြည့်ရသေးရင် ရှာကြည့်ကြနော် ယောင်းတို့။

အဲ ကာတွန်းကားသရဲကိုယ်က spirit animal အကြောင်းပြောရင်းက ကာတွန်းကားအကြောင်း ရောက်သွားပြန်ပြီ။ ပြောနေလက်စဆီ ပြန်သွားမယ်နော်။ ကိုယ့် spirit animal ကို ဘယ်လိုသိနိုင်လဲလို့ ပြောပြပါမယ်။

၁) ဘာလို့မှန်းမသိဘဲ အရမ်းသဘောကျနေမိတဲ့ တိရိစ္ဆာန်ရှိပါသလား၊

၂) သူ့အမူအကျင့်တွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်နေမိပြီး လိုက်လေ့လာချင်တဲ့ တိရိစ္ဆာန်ရော ရှိပါသလား

၃) တိရစ္ဆာန်ရုံသွားရင် ဘယ်အကောင်ကို အမြင်ချင်ဆုံး ဖြစ်မလဲ၊ ပန်းချီကားတွေ၊ ရုပ်ပုံတွေမှာကော ဘယ်အကောင်ပုံဆွဲထားတာကို သဘောတကျရှိတတ်သလဲ..

၎) ကိုယ့်ဘဝမှာ ခဏခဏမြင်နေရတဲ့ တိရစ္ဆာန်က ဘယ်အကောင်လဲ၊ ဥပမာ တွေ့နေကျ ခွေးတွေကြောင်တွေ မဟုတ်ဘဲ လှော်ကားလိုနေရာမျိုး သွားတဲ့အခါ ကိုယ့်အနားကို ရောက်ရောက်လာတတ်တာမျိုး၊ ဒါမှမဟုတ် TV တွေ၊ မီဒီယာတွေ၊ စာအုပ်တွေထဲမှာ တွေ့တွေ့နေတတ်တဲ့ အကောင်မျိုးပေါ့

၅) ငယ်ငယ်လေးတည်းက အိပ်မက်တွေထဲ ခဏခဏမက်တဲ့ တိရစ္ဆာန်မျိုးရော ရှိပါသလား

Related article >>> ရာသီခွင်အလိုက် အလုပ်အပေါ်ထားတဲ့ ယောင်းတို့ရဲ့စိတ်နေစိတ်ထား

ဒီမေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်ရင်တော့ ကိုယ့် spirit animal က ဘာဆိုတာ သိလောက်ပါတယ်။ ဒီထက်ပိုသိချင်ရင်တော့ http://www.spiritanimal.info/ ကိုသွားဖတ်ကြည့်ကြပါနော်။ ပြည့်ပြည့်စုံစုံရှိပါတယ်။ အရမ်းမှန်တယ်လို့တော့မဟုတ်ပေမယ့် အောက်က link လေးတွေမှာ အပျော်သဘောမျိုး မေးခွန်းလေးတွေ ဖြေကြည့်လို့လဲရပါတယ်နော်။

Quiz 1

Quiz 2

အက်ဒမင်ကတော့ ကိုယ့်ကိုယ်ကိုယ် မြွေလို့သတ်မှတ်ပါတယ်။ အင်မတန်မှပျင်းပြီး နေပူကြဲကြဲနဲ့ အပြင်ထွက်မယ့်အစား တစ်ခုခုဗိုက်အပြည့်စားပြီး အိမ်ကအိပ်ရာလေးထဲ ကွေးနေရတာပိုကြိုက်တယ်လေ။ မြွေတွေက နေပူနေပြီဆို အပြင်မထွက်ဘဲ အစာမြိုပြီး တွင်းအောင်းတတ်ကြသလိုပဲ။ နောက်ပြီး အက်ဒမင်က အလုပ်လုပ်တဲ့အခါနဲ့ လူမှုဆက်ဆံရေးမှာ မြွေတွေကို အတုယူပါတယ်။ ကိုယ့်ကိုလာမထိမချင်း ခွေနေတဲ့မြွေလို ပျင်းရိပျင်းတွဲနဲ့ အေးအေးဆေးဆေးနေတတ်တယ်။ လာထိကြည့်ပါလား ပေါက်ထည့်လိုက်မယ်။ ဟဲဟဲ အလကားပြောတာပါ ပေါက်စရာအစွယ်ဘယ်ရှိမလဲ။ ဒါမဲ့လေ အက်ဒမင်က သည်းခံနိုင်တဲ့ အတိုင်းအတာကျော်သွားရင်တော့ အင်မတန်စွာပါတယ်လို့။ အလုပ်ထဲဆိုလဲ မြွေတွေအရေခွံလဲသလို ကိုယ်နဲ့ပတ်သက်ရတဲ့ လူတွေအပေါ်လိုက်ပြီး ကိုယ်ရည်ကိုယ်သွေးပြောင်း ဆက်ဆံပါတယ်။ အက်ဒမင်ကမြွေနှစ်ဖွားလဲ ဖြစ်နေတော့ ကွက်တိပေါ့။

အက်ဒမင်မင့်အကြောင်း ဖတ်ပြီးရင် ယောင်းတို့တွေအကြောင်း အက်ဒမင့်ကို ပြန်ပြောပြခဲ့ပါလား။ ဘာအကောင်လေးနဲ့ တူသလဲ၊ ဘာလို့တူတာလဲ ဆိုတာတွေပေါ့။ အက်ဒမင့်လို မြွေဘယ်နှစ်ကောင်ပါလဲ။ ကြောင်လေးတွေလို ငချေလေးတွေ၊ ခွေးလေးတွေလို ချစ်ဖွယ်လေးတွေရော ပါမလား။ ကျားလိုခြင်္သေ့လို သတ္တိရှင်မမလေးတွေကော ဘယ်နှစ်ယောက်တုန်း။ အက်ဒမင်သိအောင် မပြောပြချင်ကြဘူးလားဟင်။

Khine (For Her Myanmar)

Ref:

https://whatismyspiritanimal.com/how-to-find-your-spirit-animal-complete-guide/

https://www.legendsofamerica.com/na-totems/

No Comments Yet

Comments are closed