Knowledge Language

တစ်ယောက်တည်းရော အင်္ဂလိပ်စကားပြော လေ့ကျင့်လို့ရနိုင်လား?

၁၀၀ ရာခိုင်နှုန်း ရတာပေါ့

လူတိုင်းတော့ သိမှာပါ အင်္ဂလိပ်စကားပြော အမြန်ဆုံး တိုးတက်နိုင်တဲ့ နည်းလမ်းက Native Speaker (အဲ့နိုင်ငံမှာကြီးပြင်းလာတဲ့သူ) နဲ့တူတူ စကားပြောလေ့ကျင့်တာဆိုတာ။ ဒါပေမဲ့ လူတိုင်း အဲ့လိုလေ့ကျင့်နိုင်တာလည်း မဟုတ်ဘူးလေ။ ယုတ်စွအဆုံး အက်မင်ဆို အိမ်မှာလေ့ကျင့်ဖို့ အဖော်တောင်မရှိဘူး။ အိမ်က လူကြီးတွေက အင်္ဂလိပ်စကားပြောမတတ်ကြဘူးလေ။ ဒါကြောင့်လည်း သူတို့က အက်မင့်ကို အရမ်းဖြစ်ထွန်းစေချင်ကြတယ်။ ဒါကြောင့် ကျောင်းကောင်းကောင်းမှာထားတယ်။ ဒါပေမဲ့နော် ဘယ်လောက်ပဲ ကျောင်းကောင်းပါစေ၊ ဆရာကောင်းပါစေ ကိုယ်တိုင်က ကြိုးစားအားထုတ်မှု မရှိဘူးဆိုရင် ဘာမှ ဆက်မဖြစ်လာဘူးဆိုတာပါပဲ။ ခု အက်မင်ပြောပြမယ့် နည်းလမ်းတွေက ကိုယ်ကိုယ်တိုင် တစ်ယောက်တည်း လေ့ကျင့်နိုင်မယ့် နည်းလမ်းတွေမို့ လေ့ကျင့်ဖော်မရှိတာကို အကြောင်းပြချက်မပေးတော့ဘဲ ဒီနည်းလမ်းတွေကို သေချာဖတ်ပြီး လေ့ကျင့်ကြည့်ပါနော်။ ကဲ စလိုက်ရအောင်။

(၁) အင်္ဂလိပ်လို တွေးပါ။ 

အရေးကြီးဆုံးအချက်က အင်္ဂလိပ်လိုတွေးပါ ယောင်းတို့တွေ အင်္ဂလိပ်စကားပြောခါနီးတိုင်း မြန်မာလိုအရင်တွေးတယ်ဟုတ် ပြီးမှ အင်္ဂလိပ်လို ဘာသာပြန်ချလိုက်တာ မလား? အက်မင်လည်း အဲ့လိုလုပ်ခဲ့ဖူးပါတယ်။ ဒါဟာ အလေ့ကျင့်ကောင်း မဟုတ်ပါဘူး။ စိတ်ထဲမှာ ဘာသာပြန်နေရတဲ့အတွက်ကြောင့် အချိန်လည်း ကုန်သလို၊ လိုရင်းလည်း မရောက်ပါဘူး။ ဒါကြောင့် အမြဲအင်္ဂလိပ်လိုတွေးနိုင်အောင် ကြိုးစားပါ။ အဲ့လိုတွေးနိုင်အောင်လည်း ကိုယ်က အင်္ဂလိပ်စကားစုအတွဲလိုက်တွေ မှတ်ထားဖို့လိုသလို၊ အဘိဓာန်ကြည့်တဲ့အခါ အင်္ဂလိပ်-မြန်မာ အဘိဓာန်လှန်တာမျိုးထက် အင်္ဂလိပ်- အင်္ဂလိပ် အဘိဓာန်ကို ကြည့်ပါ။ အဲဒီလိုလုပ်ရင်း အင်္ဂလိပ်စကားပြောရတာ ပိုလွယ်လာပါလိမ့်မယ်။ အစကတော့ ခက်မှာပါ။ လွယ်လွယ်နဲ့ လက်မလျှော့ဘဲ ဆက်ကြိုးစားကြည့်ရင် လွယ်လာပါလိမ့်မယ်။

(၂) အပြောကို ဦးစားပေးပါ။ 

သဒ္ဒါမှန်ဖို့ထက် အပြောမွှတ်ဖို့ကို ပိုအာရုံစိုက်ပါ တော်တော်များများက စကားပြောတိုင်း သဒ္ဒါမှန်ဖို့ကို အာရုံစိုက်ကြပါတယ်။ ဒါကြောင့် သူတို့ စကားတစ်ခွန်းပြောဖို့လုပ်တိုင်း ပိုကြာနေတတ်ကြပါတယ်။ ဒါကြောင့် အင်္ဂလိပ်စကားပြော ပြောတော့မယ်ဆိုရင် သဒ္ဒါကို ခဏလောက် မေ့ထားပါ။ မှားမှာ မကြောက်ပါနဲ့။ သဒ္ဒါက အရေးမှာပိုအရေးကြီးသလို အပြောမှာဆိုလည်း စကားပြောမွှတ်ဖို့ရယ်၊ တစ်ဖက်လူ နားလည်ဖို့ရယ်က အရေးကြီးပါတယ်။ တဖြည်းဖြည်း အပြောရဲလာရင်း သဒ္ဒါပါ မှန်အောင် ကြိုးစားကြည့်ပါ။

Related article >>> ရိုးရိုးအင်္ဂလိပ် စကားပြောအသုံးနှုန်းကို Business English ဘယ်လိုပြောင်းကြမလဲ

(၃) လျှာလိပ်စေတဲ့ စကားတွေ လေ့ကျင့်ကြည့်ပါ။ 

English Tongue Twister တွေကို လေ့ကျင့်ကြည့်ပါ Tongue twister ဆိုတာက မြန်မြန်ဆန်ဆန်ပြောဖို့ ခက်ခဲတဲ့ စကားလုံးတွဲတွေ ဖြစ်ပါတယ်။ ဥပမာ – The thirty-three thieves thought that they thrilled the throne throughout Thursday. ဒါကို ခဏခဏပြောကြည့်ပါ။ တဖြည်းဖြည်းနဲ့ လျှာလိပ်လာပါလိမ့်မယ်။ လက်မလျှော့ဘဲ ကြိုးစားကြည့်ပါ။ ဘာလို့ဆို ဒီလေ့ကျင့်ခန်းက ယောင်းတို့ရဲ့ လျှာနဲ့ ပါးစပ်အနေအထားမှန်အောင် ကူညီပေးနိုင်တဲ့အပြင် အသံထွက်မှန်အောင်ပါ ကူညီပေးနိုင်လို့ပါပဲ။

(၄) ကြားသမျှ လိုက်ပြောပါ။

နားထောင်ပြီး ကြားသမျှလိုက်ပြောပါ အင်္ဂလိပ်သတင်းတွေ၊ Youtube video တွေ၊ သီချင်းတွေ၊ ဇာတ်ကားတွေကို ကြည့်ပါ။ ပထမအကြိမ် သူတို့ရဲ့အသံထွက်တွေ၊ အသံနေအသံထားတွေကို နားထောင်ပါ။ နောက်တစ်ကြိမ် သူတို့နောက်က လိုက်ပြောပါ။ အင်္ဂလိပ်သတင်းဆိုရင် DW က လွှင့်တာတွေ နားထောင်ကြည့်ပါ။ သီချင်းဆိုလည်း ယောင်းအကြိုက်ဆုံးသီချင်းကိုရွေးနားထောင်ပါ (စာသားလည်းရှာပါ) အလွတ်နီးပါးရတဲ့အထိ နားထောင်ပါ။ လေ့ကျင့်ဖို့အကောင်းဆုံးကတော့ Celin Dion ရဲ့ သီချင်းတွေပါပဲ။ အချိန်ရမယ်ဆိုရင် သီချင်းတစ်ပုဒ်ချင်းစီကို ဘာသာပြန်ကြည့်ပါ။ အင်္ဂလိပ်ဇာတ်ကားကြည့်မယ်ဆိုလည်း အရင်ဆုံး ဇာတ်လမ်းတိုလေးတွေကနေ စစမ်းကြည့်ပါ။ တဖြည်းဖြည်းနဲ့ ဇာတ်ကားရှည်တွေ ကြည့်ပါ။

(၅) မှန်ကြည့်ပြီး လေ့ကျင့်ပါ။ 

မှန်သုံးပြီး လေ့ကျင့်ပါ ဒီနည်းလမ်းကို အက်မင်ခဏခဏပြောပါတယ်။ ဒီနည်းလမ်းက ရူးတယ်လို့ထင်ရပေမဲ့ အရမ်းအသုံးဝင်ပါတယ်။ မှန်ရှေ့မှာ စကားပြောတာဟာ ကိုယ့်ကို လူတစ်ယောက်က ကြည့်နေတယ်ဆိုတဲ့ စိတ်မျိုးဖြစ်စေပါတယ်။ မှန်ရှေ့မှာ ကိုယ့်စိတ်ထဲပေါ်လာတဲ့ စကားတိုင်းကို ပြောချပါ။ အရေးကြီးဆုံးက မရပ်ဖို့ပါပဲ။ စကားလုံးမေ့သွားတဲ့အခါ တခြားစကားလုံးနဲ့ ပြောဖို့ ကြိုးစားကြည့်ပါ။

Related article >>> သိထားသင့်သော အင်္ဂလိပ်စကားလုံးတွဲများ

(၆) အသံဖမ်းပြီး ပြန်နားထောင်ပါ။ 

ကိုယ့်အသံကို Record (အသံဖမ်း) လုပ်ပါ ဘယ်လိုလုပ်ရမလဲဆိုတော့ ကိုယ့်မှာရှိတဲ့ အင်္ဂလိပ်စာအုပ်တစ်အုပ်ကို ခပ်ကျယ်ကျယ်နဲ့ အသံနေအသံထားနဲ့ ဖတ်ပါ။ မြန်စရာမလိုဘူးနော်။ သူများကို ဖတ်ပြနေတယ်လို့ တွေးပြီးဖတ်ပါ။ ဖတ်နေချိန်မှာ အသံဖမ်းထားပါ။ ပြီးရင် ကိုယ့်အသံကို နားထောင်ကြည့်ပါ။ ပထမတော့ ကိုယ့်ရဲ့ အင်္ဂလိပ်အသံကို ကြားရတာ ထူးဆန်းနေပါလိမ့်မယ်။ ကြာလာတော့လည်း ကျင့်သားရသွားမှာပါ။ ဒီလေ့ကျင့်ခန်းက ယောင်းရဲ့ အသံထွက်နဲ့ အသံနေအသံထားကို ပိုတိုးတက်စေပါလိမ့်မယ်။ ဒါမှမဟုတ်လည်း Native Speaker ပြောထားတဲ့ အသံဖိုင်ကို အရင်နားထောင်ပါ။ သူ့နောက်ကနေ သူ့အသံနေအသံထားနဲ့ အသံထွက်အတိုင်း အတိကျနိုင်ဆုံး လိုက်ပြောကြည့်ပါ။ လေ့ကျင့်လို့စိတ်ကျေနပ်ပြီဆိုရင် ကိုယ့်အသံကိုယ်ဖမ်းပါ။ ပြီးရင် အသံဖိုင် (၂) ခုကို ယှဉ်ပြီး ခြားနားချက်တွေကို ရှာကြည့်ပါ။ အမှားတွေ့တဲ့အခါ ပြန်ပြင်ဆင်ပြီး ထပ်အသံဖမ်းပါ။ ဒါက အသံနေအသံထားနဲ့ အသံထွက်ကို တိုးတက်စေမှာဖြစ်ပါတယ်။

ယောင်းတို့ရေ အက်မင်ပြောသွားတဲ့ ဒီနည်းလမ်းတွေကိုသာ အချိန်မဆွဲဘဲ မှန်မှန်လေ့ကျင့်သွားမယ်ဆိုရင် အချိန်တိုတွင်းမှာ သိသာတဲ့ရလဒ်တွေကိုရမှာ အသေချာပါပဲ။ အရေးကြီးဆုံးက ဘယ်တော့မှ လက်မလျှော့ပါနဲ့။ နိုင်ငံခြားဘာသာစကားကျွမ်းကျင်ဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့မှာ ခက်ပါတယ်။ ဒါပေမဲ့ အချိန်လုံလုံလောက်လောက် စိုက်ထုတ်မယ်၊ မှန်မှန်ကြိုးစားသွားမယ်ဆိုရင်တော့ မထင်မှတ်ထားတဲ့ ရလဒ်တွေရလာမှာ အသေချာပါပဲ။ ဒါကြောင့် အကြောင်းပြချက်တွေကို မေ့လိုက်ပြီး အခုပဲ စတင်လေ့လာ အသုံးချလိုက်ကြရအောင်နော်။

Myat (For Her Myanmar)

Myat Moe
နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤

Leave a Reply

Your email address will not be published. Required fields are marked *