Knowledge Women News

ကမ္ဘာတစ်လွှားက သက်တော်ရှည် ဘွားဘွား၅ယောက်ရဲ့ အသက်ရှည်နည်း လျှို့ဝှက်ချက်များ

အက်ဒ်မင်လည်း အသက်ရှည်ချင်လို့ ဆင်ဂယ်လ်ဘဝနဲ့ပဲနေတော့မယ် 😀 

မင်္ဂလာပါ ယောင်းတို့ရေ…ဆုတ်ကပ်လို့ ခေါ်ကြတဲ့ခုခေတ်ကြီးလည်း လူတွေလည်း အသက်တိုကြသလို ရောဂါဘယတွေကလည်း စုံစိပြီး များလိုက်ပါဘိနော်။ဆေးရုံဆေးခန်းတွေမှာဆိုတာ လူတွေအပြည့်ဘဲ။သူများကိုသာပြောနေတာ အက်ဒ်မင်ကိုယ်တိုင်ကလည်း ချူချာချက်ပဲ 😁…

အဲ့တော့ အသက်ရှည်ရှည်နေရအောင် လျှို့ဝှက်နည်းတွေများရှိမလား ဆိုပြီး လိုက်ရှာတာ အဲ့မှာတွေ့တာပဲ…ကမ္ဘာ့အသက်ကြီးဆုံးစာရင်းထဲက ဘွားဘွား၅ယောက်ကတော့ သူတို့အသက်ရှည်ရခြင်းရဲ့ လျှို့ဝှက်နည်းတွေကို ထုတ်ပြောလာခဲ့ပါတယ်။

5. Adele Dunlap

၂၀၁၆ စာရင်းအရ အသက်ကြီးဆုံး နံပါတ်(၅) နေရာမှာရှိတာက ဘွားဘွား အဒဲလ် ဒွန်လပ် ဖြစ်ပြီး ၂၀၁၆မှာ ၁၁၃နှစ်ရှိပါပြီ။ ၂၀၁၇ခုနစ်ရောက်တဲ့အခါ အသက်၁၁၄နှစ်နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဘွားဘွားက အမေရိကမှာနေပြီး ၁၉၀၂တည်းက မွေးတာပါတဲ့။ ဘွားဘွားက ပြောပါတယ် “ကျွန်မဟာ ကျန်းမာရေးအလွန်အကျွံလိုက်စားတာမျိုး မရှိခဲ့ပါဘူး”တဲ့။ ဘွားဘွားက joggingလျှောက်တာမျိုးတောင် မရှိပါဘူးတဲ့။ သူစားချင်တာလည်း စားပြီး အရင်ကဆို ဆေးလိပ်သောက်ပါသတဲ့။ နောက်မှသာ မကောင်းလို့ ဖြတ်လိုက်တာပါတဲ့။ ဆိုတော့ ဘွားဘွားက ဘာကြောင့်များ အသက်ရှည်နေပါလိမ့်? သူမရဲ့ လျှို့ဝှက်ချက်ကတော့ အုတ်မီးလ်(oatmeal)စားတာပါပဲ။ ဒီလိုဆိုတော့လည်း အုတ်မီးလ်က စွမ်းသားနော်…ယောင်းတို့လည်း အုတ်မီးလ်စားချင်ရင် supermarketတွေမှာ လွယ်လွယ်ဝယ်လို့ရတယ်နော်။ အက်ဒ်မင်ကတော့ အုတ်မီးလ်ကို နို့မှုန့်ရယ် ပျားရည်ရယ် စပျစ်ခြောက်ရယ် ထည့်စားတယ်။ အသက်ရှည်မရှည်တော့ မသိဘူး အရသာတော့ ရှိချက်ပဲ 😀

Related Article >>> ယောင်းတို့တွေ အံ့သြသွားရမယ့် Omega-3 ရဲ့အကျိုးကျေးဇူး (၆) ချက်

4. Ana Maria

နံပါတ်(၄) ကတော့ ဘွားဘွား အန်နာ မာရီယာ ဖြစ်ပြီး ၂၀၁၆ မှာ ၁၁၅နှစ်ရှိပါပြီ။ ဘွားဘွားကို ၁၉၀၁မှာ မွေးပြီး စပိန်နိုင်ငံမှာ သူကွယ်လွန်သွားတဲ့ ၂၀၁၇အထိ နေခဲ့ပါတယ်။ စပိန်ရဲ့ “အသက်ကြီးဆုံး သက်ရှိထင်ရှားပုဂ္ဂိုလ်”ထဲမှာလည်း ပါခဲ့ပါတယ်။ ဘွားဘွားရဲ့ သမီးကတော့ အသက်ရှည်ဆေး လျှို့ဝှက်ချက်ကို ပြောပြခဲ့ပါတယ်။ “လူတစ်ဘက်သားအပေါ် ထားတဲ့ ကိုယ်ချင်းစာတရား၊ ကရုဏာတရားတွေ (compassion)နဲ့ အကောင်းမြင်စိတ် (postitive attitude)ဟာ မေမေ အကြာကြီးနေရတဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ မေမေဟာ ကျွန်မတို့ အတွက် ကောင်းဆုံးအရာတွေကို ရှာပေးပြီး ကျွန်မတို့ကို အမြဲပျော်အောင်ထားပါတယ်” တဲ့။

Related Article >>> သင်ယူတာမရပ်လိုက်ပါနဲ့

3. Nabi Tajima

နံပါတ်(၃)အသက်ကြီးဆုံးက ဂျပန်က ဘွားဘွား နာဘီတာဂျီမားဖြစ်ပါတယ်။ ၁၉၀၀ မှာ မွေးတဲ့ဘွားဘွားဟာ ကမ္ဘာ့အသက်ကြီးဆုံး ဘွားဘွားမီဆာအို အိုကာဝါသေပြီးနောက် ဂျပန်ရဲ့ အသက်အကြီးဆုံး ဖြစ်လာပါတယ်။ လက်ရှိ ကာဂိုရှီးမားမှာနေပါတယ်။ ၂၀၁၆မှာ ၁၁၆နှစ်တောင်ရှိပြီ ဖြစ်ပြီး ဘွားဘွားရဲ့ သားမြေးမြစ်မျိုးဆက်တွေက ခုဆို အယောက် ၁၄၀တောင်ရှိနေပြီတဲ့။ ဘွားဘွားက ၂၀၁၄မှာတော့ သူမ အသက်ရှည်ရခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြခဲ့ပါတယ်တဲ့။ အဲ့ဒါကတော့ “အရသာရှိတဲ့ အစားအသောက်တွေကို စားတာပါပဲ”တဲ့။ လက်စသတ်တော့ ဘွားဘွားက foodieကိုး။ ဘွားဘွားဟာ ramen ခေါက်ဆွဲတွေ၊ အမဲသားစတူးတွေ၊ ထမင်းနဲ့ မက်ကရယ်ငါးနဲ့ လုပ်ထားတဲ့ ဆူရှီတွေ စားပါသတဲ့။ ဘွားဘွားနာဘီတာက ပြောပါတယ် ” စားပါ အိပ်စက်ပါ ။ ဒါဆိုရင် သားတို့သမီးတို့လည်း ဘွားဘွားလို အချိန်အကြာကြီးနေရလိမ့်မယ်။ ကောင်းကောင်းအနားယူတတ်ဖို့လည်း သင်ယူပါ”တဲ့။

Related Article >>> အဓိပ္ပါယ်ရှိသော အသက်ရှင်ချိန်

2. Violet Brown

နံပါတ်(၂) နေရာမှာရှိတာကတော့ ဂျမေကာ က ဘွားဘွား ခရမ်းညိုပဲ ဖြစ်ပါတယ် 😁 ဘွားဘွားရဲ့ နာမည်အပြည့်အစုံက Violet Moss-Brownဖြစ်ပြီး ဂျမေကာရဲ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်လည်းဖြစ်ခဲ့ပါတယ်။ ၂၀၁၆မှာ ဘွားဘွားကို အင်တာဗျူးတုန်းက သူ့အသက်က ၁၁၆နှစ်နဲ့ ၂၇၃ရက်ရှိပါပြီတဲ့။ ကမ္ဘာ့ဒုတိယအသက်ရှည်ဆုံး လူသား ဖြစ်ခဲ့ပြီး ၁၉၀၀ခုနှစ်မှာ မွေးပါတယ်။ ၂၀၁၇ သူမ အသက် ၁၁၇နှစ် ၁၈၉ရက် ရတဲ့နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဘွားဘွားရဲ့ သားကတော့ ဘွားဘွားရဲ့ နေထိုင်နည်းအကြောင်းကို မျှဝေခဲ့ပါတယ်။ ဘွားဘွားဟာ ကြက်သားနဲ့ဝက်သားကို လုံးဝမစားဘဲ ငါးနဲ့ ဆိတ်သားကို ကြိုက်တတ်သူပါတဲ့။ တစ်ခါတစ်လေမှာ နွားခြေထောက်စားတတ်ပြီး အာလူးတို့၊ လိမ္မော်သီးတို့ သရက်သီးတို့ စတဲ့ဒေသထွက်အစားအစာတွေကို နေ့တိုင်းစားလေ့ရှိပါတယ်တဲ့။ တစ်ခါစားရင်လည်း နည်းနည်းစီသာ စားတတ်သူပါတဲ့။ နှစ်ခြင်း ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ ဘွားဘွားကတော့ သူမအသက်ရှည်ရတာဟာ သူမရဲ့ ဘုရားသခင်အပေါ်ထားတဲ့ ယုံကြည်မှုကြောင့်လည်း ပါတယ်လို့ ဆိုလာပါတယ်။ ဆယ်ပါးသီလကို စောင့်ထိန်းတာဟာ သူမအသက်ရှည်ရဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ “ကိုယ့် အမေနဲ့ အဖေကို လေးစားပါ ချစ်ခင်ပါ ဒါဆို အသက်ရှည်ပါလိမ့်မယ်”လို့ ဆုံးမခဲ့ပါတယ်။

Related Article >>> အသက် ၁၀၀ နေရဖို့ နေ့တိုင်းစားရမယ့် အစာများ

1. Emma Morano

နံပါတ်(၁) မှာ သရဖူဆောင်းခဲ့ တဲ့ ကမ္ဘာ့အသက်ရှည်ဆုံး ဘွားဘွားကတော့ အီတလီကပါ။ အယ်မာ မိုရာနို လို့ခေါ်ပြီး ၂၀၁၆မှာ ၁၁၇နှစ်ရှိနေပါပြီ။ ဘွားဘွားဟာ ၁၈ရာစုမှာမွေးခဲ့တဲ့ နောက်ဆုံး လူသားပါပဲတဲ့။ ၂၀၁၆ နိုဝင်ဘာ၁၉မှာတော့ အီတလီနိုင်ငံ ဗာဘေးနီးယားမှာ သူမရဲ့ ၁၁၇နှစ်မြောက် မွေးနေ့ကို မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့ပြီး ၂၀၁၇ ဧပြီလမှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။ ၁၈၉၉မှာ မွေးတဲ့ ဘွားဘွားရဲ့ လျှို့ဝှက်ချက်ကတော့ တကယ့်အဆန်းကြီးနော် ယောင်းတို့အားလုံး သေချာမှတ်ထားဖို့ လိုပါတယ်။ အဲ့ဒါက ဘာလဲဆိုရင် “single နေတာပါပဲ” တဲ့ ။ ဘွားဘွားဟာ singleဘဝနဲ့ နေခဲ့တဲ့အချက်ဟာ သူမအသက်ရှည်ရတဲ့ အကြောင်းရင်းပါပဲတဲ့။ 😁 ဘွားဘွားဟာ ၁၉၃၈မှာ သူ့ယောကျာ်းကို ထားသွားပြီးတည်းက တစ်ယောက်တည်းပဲ နေခဲ့ပါတယ်တဲ့။ “ကျွန်မကတော့ ကျွန်မကို ဘယ်သူကမှ လာပြီး လွှမ်းမိုးနေတာကို မကြိုက်ဘူးလေ”လို့ ခပ်ပြတ်ပြတ် ပြောခဲ့လေရဲ့။ နောက်တစ်ချက်တော့ သူမရဲ့ ခပ်ဆန်းဆန်း dietကြောင့်လည်း ပါတယ်တဲ့။ ဘွားဘွားက တစ်နေ့ ကြက်ဥနှစ်လုံး ပုံမှန်စားတယ်တဲ့လေ။ ဘွားဘွား အသက် ၂၀လောက်တုန်းက anaemiaဆိုတဲ့ သွေးနီဥနည်းတဲ့ရောဂါ ဖြစ်တုန်းက တစ်နေ့ကို ကြက်ဥအစိမ်းနှစ်လုံးနဲ့ အကျက်တစ်လုံး ပုံမှန်စားခဲ့ပါတယ်တဲ့။ အသားကိုတော့ လုံးဝမစားပါဘူးတဲ့။

အသက်ရှည်ဆုံး ပုဂ္ဂိုလ်အများစုက ဘွားဘွားတွေ ဖြစ်နေတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ကြာကြာနေရတယ်ဆိုတဲ့စကားက မှန်သလိုလိုတော့ရှိသားနော်။ ဘွားဘွားတွေရဲ့ လျှို့ဝှက်ချက်ထဲမှာ ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာအောင် နေတာပါ သွားတွေ့ရပါတယ်။ဒါကြောင့် ယောင်းတို့လည်း အဆင်ပြေရင် သက်တော်ရှည် ဘွားဘွားတွေရဲ့ လျှို့ဝှက်နည်း အတိုင်း လိုက်နာကြည့်ကြပေါ့နော်…အက်ဒ်မင်ကတော့ နံပါတ် ၁ ဘွားဘွားရဲ့ အကြံပေးချက်အတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင် singleပဲနေတော့မယ်လို့စ်😁 😁
By
Mia (For Her Myanmar )
Reference links: Business Insider , The Guardian

Aye Mon Kyaw
Aye Mon Kyaw
ကျွန်မကတော့ Miaပါ။ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး စာတွေ၊ ကျန်းမာရေးတွေ ရေးပေးမယ့်သူပါ။ foodieဖြစ်တာမို့ ဟင်းချက်နည်းတွေလည်း ရေးပေးမှာနော်။

Leave a Reply

Your email address will not be published. Required fields are marked *