Family Knowledge Love

တန်ဖိုးရှိတဲ့ Rebel Girls အိပ်ရာဝင် ပုံပြင်လေးတွေ

မေမေတို့ရဲ့ သမီးလေးတွေဟာ မေမေတို့ပြောပြနေတဲ့ ပင်တိုင်စံ မင်းသမီးလေးဘဝကို တကယ်ရော စိတ်ဝင်စားနေကြပါသလား? 

လူမှုပတ်ဝန်းကျင်ရဲ့ ပုံသွင်းမှုတွေဟာ ကလေးတွေအပေါ် သက်ရောက်သလို ကလေးတွေကို ပြောပြတဲ့ ပုံပြင်တွေ၊ သူတို့ကြည့်တဲ့ ဇာတ်လမ်းလေးတွေက သူတို့လေးတွေရဲ့ ဘဝအတွက် သင်ယူစရာ လေ့လာစရာတွေ ပါပဲ။ မိဘတော်တော်များများဟာ ကလေးတွေ မွေးလာပြီဆို မိန်းကလေးမို့ ပန်းရောင်လေး၊ ယောက်ျားလေးမို့ အပြာလေးနဲ့ ရွေးတတ်ကြပါသေးတယ်။ ကိုယ်ကိုယ်တိုင်ရော သမီးလေးကို အပြာရောင် ရွေးခိုင်းဖူးရဲ့လားဆိုတာကို မစဉ်းစားမိကြပါဘူး။ အဲ့လိုပဲ သားလေးတွေကို လူစွမ်းကောင်းတွေ၊ သူရဲကောင်းတွေအကြောင်း ပြောပြနေချိန် သမီးလေးတွေကို မင်းသားလေးနဲ့ ညားတဲ့ ပုံပြင်လေးတွေ ပြောပြနေကြတယ်။ သူတို့လေးတွေရဲ့ ဆန္ဒကိုရော နားထောင်မိခဲ့ကြလို့လား…

ဒီတစ်ခေါက်တော့ ယောင်းတို့ကို  Rebel Girls ပုံပြင်ဆိုတာလေးအကြောင်း ပြောပြချင်ပါတယ်။ Rebel ဆိုတဲ့ ဝေါဟာရက တစ်ကယ်တော့ တော်လှန်ခြင်း၊ ပြောင်းလဲခြင်းဆိုတာကနေ လာပါတယ်။ Rebel Girls ဆိုတာလေးကတော့ လူတွေရှေးအစဉ်အလာအရ လက်ခံလာတဲ့ မိန်းကလေးတွေအပေါ် မြင်လာတဲ့ အမြင်တွေကို ပြောင်းလဲဖို့ပါပဲ။ Rebel Girls စာအုပ်လေးက သမီးမိန်းကလေးတွေကို ပြောပြနေကြ ပုံပြင်တွေထဲကနေ ရုန်းထွက်ထားတာပါ။

Related Article >>> ကလေးတွေကို လွတ်လပ်ခွင့်ပေးလိုက်ပါ…

ဒီအိပ်ရာဝင် Rebel Girls ပုံပြင်လေးကို ၂၀၁၆ မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ စာရေးသူတွေကတော့  သတင်းထောက်တစ်ယောက်ဖြစ်သူ Elena Favilli နဲ့ စာရေးဆရာမ Francesca Cavallo တို့ဖြစ်ပါတယ်။ သူတို့ဟာဆိုရင် media လောကရဲ့ စွန့်ဦးတီထွင်သူတွေလည်း ဖြစ်ကြပါတယ်။ ဒီပုံပြင်လေးတွေကို Good Night Stories for Rebel Girls ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ စာအုပ် ထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်ထဲက ပုံပြင်လေးတွေဟာ မိန်းကလေးတွေ အတုယူ အားကျစေဖို့ ကမ္ဘာတစ်ဝှမ်းမှ Elizabeth 1 တို့ Serena Williams တို့ စတဲ့ အားကျစရာကောင်းတဲ့ အမျိုးသမီးတွေ အကြောင်းကို အခြေခံပြီး ရေးသားထားတာလေးတွေ ဖြစ်ပါတယ်။

Related Article>>> ငယ်လေးချစ်တဲ့ ဖေဖေမေမေ

သမီးလေးတွေကို မိဘတွေကပြောပြတဲ့ မင်းသမီးလေး ပုံပြင်တွေ၊ ကံကောင်းလို့ နတ်သမီးလေးကကယ်၊ မင်းသားလေးနဲ့ညားဆိုတဲ့ ပုံပြင်တွေဟာ သမီးလေးတွေရဲ့ အတွေးတွေကို သွယ်ဝိုက်ပြီး ပိတ်ထားလိုက်တာပါပဲ။ မိန်းကလေးတွေဟာ အဲ့ဒီ ပုံပြင်တွေထဲကလို အိမ်ထောင်ပြုမှ လက်ထပ်မှ သူတို့ဘဝသာယာမှာတဲ့လား။ ကိုယ်ဟာ အမျိုးသမီးတစ်ယောက် ဖြစ်လို့ ကိုယ်လည်း စွမ်းဆောင်ရည်ရှိတယ်၊ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝဟာ မင်းသားလေးနဲ့ အမြဲတမ်းတွေ့နိုင်တာ မဟုတ်ဘူးဆိုတာကို ဒီ Rebel Girls ပုံပြင်လေးတွေ ပြောပြပေးပါတယ်။

ပြီးတော့ ဒီပုံပြင်လေးတွေက အမျိုးသမီးသူရဲကောင်းတွေ၊ အမျိုးသမီးတွေရဲ့ အောင်မြင်မှုတွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ ပုံပြင်လေးတွေ ဖြစ်လို့ သမီးငယ်လေးတွေကို ရဲစွမ်းသတ္တိရှိအောင်၊အောင်မြင်မှုတွေနဲ့ ရင်းနှီးအောင်၊ ကိုယ်ပိုင်ဘဝကို တန်ဖိုးထားတတ်အောင်၊ အနာဂတ်ရဲ့ တန်ဖိုးမြင့် အမျိုးသမီးတွေ ဖြစ်လာအောင် ယုံကြည်မှုတွေ ပေးနိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ မီးမီးလေးတွေ၊ တူမလေးတွေကို Rebel Girls ညအိပ်ရာဝင် ပုံပြင်လေးတွေ ပြောပြပြီး တန်ဖိုးမြင့် တန်ဖိုးသိသော Rebel အမျိုးသမီးလေးတွေဖြစ်လာအောင် ဖန်တီးယူကြရအောင် ယောင်းတို့ရေ… 

Myat Lay ( For Her Myanmar)

Myat Lay
မြတ်လေးသည် ဒဂုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာနှင့် BARS လူမှုရေးပညာ ကျောင်းသူတစ်ဦး ဖြစ်ပြီး နိုင်ငံရေးနှင့် အမျိုးသမီး စွမ်းအားမြှင့်တင်ရေးကို စိတ်ဝင်စားသူ ဖြစ်ပါသည်။ For Her Myanmar Page တွင် ဗဟုသုတနှင့် စိတ်ဓာတ်ခွန်အား စာပေများ ရေးသားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *