ရာဇဝင်ထဲက သူမ ( ဘုရင်မ ရှင်စောပု)

ပုခက်လွှဲတဲ့လက်ဟာ ကမ္ဘာကိုအုပ်စိုးနိုင်တယ်ဆိုတာကို လက်ခံကြသလားယောင်းတို့ရေ… လက်မခံလို့မရအောင်ကို မြန်မာ့သမိုင်းမှာလည်း မိန်းမအာဇာနည်တွေ အများကြီးရှိခဲ့တာပေါ့။ 

ရာဇ၀င်ထဲမှာ သူ့နည်းသူ့ဟန်နဲ့ထင်ရှားတဲ့ မိန်းမသားများစွာရှိပါတယ်။ အဲ့ဒီထဲကမှ ဘုရင်မကြီးရှင်စောပုဟာ ကျွန်မလေးစားမိတဲ့ ဘုရင်မတစ်ပါးဖြစ်ပါတယ်။ ယောင်းတို့ကတော့ ထင်မှာပေါ့နော်.. ဘုရင်မဖြစ်လို့ စိတ်ဝင်စားတာလားဆိုတာလေ။ ဘုရင်မဖြစ်တယ်ဆိုတာထက် သူမဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းကြောင်း၊ သူမရဲ့ဘ၀၊ သူမရဲ့ကြင်နာတတ်တဲ့ စိတ်ဓာတ်ကို ပိုလေးစားမိတယ်ဆို ပိုမှန်ပါမယ် ယောင်းတို့ရေ။

ရှင်စောပုဟာ အင်းဝနဲ့ဟံသာဝတီတို့ထီးပြိုင်နန်းပြိုင်ကြချိန်အပြင် တခြားပဒေသရာဇ်ငယ်လေးတွေကော မြို့စားနယ်စားများပါ အာဏာပြိုင်နေကြတဲ့ကာလကို ဖြတ်သန်းခဲ့ရပါတယ်။ ငယ်ရွယ်စဉ်ကတည်းက တိုက်ပွဲတွေကြားက မိန်းမသားတွေရဲ့ ခံစားချက်တွေကို တွေ့မြင်ခံစားခဲ့သူလေးပေါ့။ အရွယ်ရောက်လာတဲ့အခါမှာ သူမခမည်းတော် ရာဇာဓိရာဇ်မင်းတရားရဲ့တူတော်သူ၊ သူမရဲ့ငယ်ချစ်ဦးလည်းဖြစ်သူ သမိန်စည်သူနဲ့ လက်ထပ်ထိမ်းမြားခဲ့တယ်။ လက်ထပ်ပြီးငါးနှစ်အကြာမှာ ချစ်လှစွာသောခင်ပွန်းသည်က သူမကို သမီးတော်လေးနှစ်ပါး၊ သားတော်လေးတစ်ပါးနဲ့အတူထားခဲ့ပြီး မရဏနိုင်ငံကို ခရီးနှင်သွားတယ်။ ဒီကာလအတွင်းမှာပဲ ဟံသာဝတီမှာ စစ်ပွဲများစွာဖြစ်ခဲ့ပြီး အင်းဝဘက်က စစ်ရေးသာနေခဲ့ပါတယ်။ သူမခမည်းတော်အပါအ၀င် ဟံသာဝတီရဲ့ သူရဲကောင်းများစွာ ကျဆုံးပြီးနောက်မှာတော့ အစ်ကိုတော်က စစ်ပြေငြိမ်းဖို့အတွက်နဲ့ သူမကို အင်းဝဘုရင်ဆီ ဆက်သလိုက်ပါတော့တယ်။ ဒီလိုနဲ့ချစ်ရတဲ့သားသမီးတွေနဲ့ခွဲခွာရတဲ့ ၀မ်းနည်းမှုကို မြိုသိပ်ပြီး အင်းဝနေပြည်တော်ကို သူမခြေချရပါတော့တယ်။

Related Article >>> For Her Myanmar ဆောင်းပါးရှင်ယောင်းယောင်းတို့ လေးစားကြတဲ့ မြန်မာလေဒီများ

အင်းဝဘုရင်ဆင်ဖြူရှင်သီဟသူကို သူမနာမည်ကြားဖူးရုံမှအပ တစ်ခြားဘာမှမသိခဲ့သလို အင်းဝနန်းတော်ဆိုတာလည်း သူမအတွက် အားလုံးသူစိမ်းပြင်ပြင်ရယ်ပါ။ အင်းဝနန်းတော်မှာ အချောအလှသတင်းကြီးတဲ့ ရှင်မင်းလှ၊ ရှင်ဘို့မယ်စတဲ့ မိဖုရားတွေရှိပြီးသားပါ။ အထူးသဖြင့် ရှင်ဘို့မယ်ဆိုတာ မင်းအဆက်ဆက်မိဖုရားမြှောက်ခံရတဲ့သူပါ။ မိဖုရားအချင်းချင်းကြားမှာလည်း အတွင်းကြိတ်ကြံနေတဲ့ ကိစ္စတွေရှိနေကြပြီး အာဏာသာ စေရာဖြစ်နေတဲ့ ဒီနန်းတွင်းအရှုပ်တော်ပုံထဲမှာ သူမဟာ ရိုးရိုးရှင်းရှင်းနဲ့ စိတ်ထားမွန်မြတ်စွာပဲ ဘာသာတရားကိုင်းရှိုင်းလို့ အေးချမ်းစွာ နေထိုင်ပါတယ်။

ကလေးမြို့စားကျေးတောင်ညိုနဲ့ရည်ငံနေတဲ့ ရှင်ဘို့မယ်ဟာ သီဟသူကို လုပ်ကြံလိုက်ပါတယ်။ သီဟသူနတ်ရွာစံတဲ့အခါ တကယ်တမ်း နန်းရလာတာက ရှင်မင်းလှရဲ့ အသက်ကိုးနှစ်သာရှိသေးတဲ့ မင်းလှငယ်ဖြစ်ပြီး ရှင်မင်းလှဟာ ဘုရင့်မယ်တော်နေရာယူကာ ရှင်စောပုကို ကိုးနှစ်အရွယ်ဘုရင်မင်းမြတ်နဲ့ ပေးစားလိုက်ပါတော့တယ်။ ရှင်စောပုအတွက်တော့ ကံဆိုးပြီးရင်းဆိုးပေါ့..

မကြာပါဘူးလေ။ ရှင်ဘို့မယ်ရဲ့လုပ်ကြံမှုကြောင့် ကိုးနှစ်အရွယ် ဘုရင်ကလေးဟာနတ်ရွာစံခဲ့ပြန်ပါတယ်။ ပြီးတော့ သူမနဲ့ရည်ငံနေတဲ့ ကလေးမြို့စားကို အင်းဝဘုရင်တင်မြှောက်လိုက်ခဲ့တဲ့အခါ ရှင်စောပုဟာ အလိုအလျောက် အင်းဝဘုရင်သစ်ရဲ့ မိဘုရားတစ်ပါးဖြစ်သွားရပြန်ပါတယ်။ ဒီအချိန်မှာ မိုးညှင်းမင်းတရားရဲ့တပ်မကြီးကလည်း ချီတက်လာချိန်ပေါ့။ စစ်ပွဲနဲ့ပတ်သက်ပြီး ဘာမှအရည်အချင်းမရှိတဲ့မင်းဟာ ရှုံးနိမ့်မှုများစွာရင်ဆိုင်ရပြီးနောက်မှာ ပုခန်းမြို့စားတရဖျားအတွက် ရှင်စောပုကို လက်ဆောင်အဖြစ်ပေးပြီး စစ်ပွဲနိုင်အောင်တိုက်ခိုင်းပါတယ်။ ဒါပေမယ့် မိုးညှင်းမင်းရဲ့တပ်တွေက အသာစီးရပြီး အင်းဝနန်းတော်ကို သိမ်းပိုက်နိုင်ချိန်မှာတော့ ရှင်စောပုကို ပုခန်းမြို့စားလက်က ပြန်တိုက်ယူခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယောင်းတို့သာ ရှင်စောပုနေရာမှာဆို ဘယ်လိုခံစားရမလဲနော်။ ဒါဟာ ရှင်လျက်သေနေတဲ့ ဘ၀မျိုးလား။

အဲ့ဒီနောက်မှာ ဘုရားတရားကိုသာ အဓိကလုပ်တော့တဲ့ ရှင်စောပုမှာ အားကိုးစရာ ကိုရင်လေးနှစ်ပါးရှိလာပါတယ်။ ရှင်ဓမ္မဓရနဲ့ ရှင်ဓမ္မဥာဏဖြစ်ပါတယ်။ ကိုရင်နှစ်ပါးကို ဦးဇင်းဖြစ်သည်အထိ အစစထောက်ပံပြီး တရားရေအေးကိုသောက်သုံးရင်းသာ ငြိမ်းချမ်းမှုရှာနေပါတော့တယ်။ ရှင်စောပုကို မယ်တော်သဖွယ်လေးစားတဲ့ ဦးဇင်းနှစ်ပါးဟာ ရှင်စောပုကို ဟံသာဝတီနန်းတော်ဆီ တိတ်တဆိတ်ပြန်ထွက်ပြေးဖို့ ကူညီပေးသူများဖြစ်လာပါတယ်။ ဟံသာဝတီရောက်ပြီးနောက် သူမသားတော် ဗညားပရူဟာ နန်းတက်ပြီးမကြာခင်ပဲ ကံကုန်သွားပါတယ်။ ဦးဇင်းနှစ်ပါးမှာ ရှင်ဓမ္မဥာဏဟာ ဖိုထိုးတာဝါသနာကြီးမားပြီး ရှင်ဓမ္မဓရကသာ တရားတော်ကိုဇောက်ချလုပ်ကိုင်တာမို့ ရှင်စောပုဟာ သူမရဲ့အပူမီးတွေကို ရှင်ဓမ္မဓရနဲ့သာဆွေးနွေးရင်း အချိန်ကုန်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာလည်း ဟံသာဝတီထီးနန်းဟာ မင်းပြောင်းမင်းလွှဲတွေများစွာဖြစ်ပြီးနောက်မှာ တိုင်းသူပြည်သားမှူးမတ်များအားလုံးက တညီတညွတ်တည်းတင်ပေးခဲ့တဲ့ ဘုရင်မတစ်ပါးပေါ်ပေါက်လာပါတယ်။ သူမကတော့ရှင်စောပုပါပဲ။ ရာဇအာဏာဆိုတာကို ဘယ်တုန်းကမှာလိုချင်တပ်မက်ခြင်းမရှိတဲ့ သူမဟာ အားလုံးရဲ့အသနားခံတောင်းဆိုမှုနဲ့ ဘုရင်မတစ်ပါးဖြစ်လာခဲ့ပါပြီ။ အဲ့အချိန်မှာ သူမအသက်ဟာ ငါးဆယ့်ကိုးနှစ်တိုင်ခဲ့ပြီလေ။ သူမဟာ ဟံသာဝတီပြည်ကြီးကို တရားမျှတစွာ အုပ်ချုပ်မင်းလုပ်ပြီးနောက်မှာ သူမလေးစားရတဲ့ ဦးဇင်းဓမ္မဓရကို တောင်းပန်လူထွက်ခိုင်းပြီး သမီးတော်နဲ့လက်ဆက်ပေးကာ ထီးနန်းလွှဲအပ်ပေးခဲ့ပါတယ်။ ဦးဇင်းဓမ္မဓရဟာ နောင်အခါ ဓမ္မစေတီမင်းရယ်လို့ ထင်ရှားခဲ့ပါတယ်။

ယောင်းတို့ရေ။ ရှင်စောပုရဲ့ဘုရင်မတစ်ပါးဖြစ်လာဖို့ ဘ၀လမ်းဟာ အတော်ကြမ်းခဲ့ပါတယ်။ စိတ်ရှည်မှု သည်းခံမှု လောကဓံကို ကြံ့ကြံ့ခံနိုင်မှုတွေ ပြည့်လွှမ်းနေတဲ့ သူမရဲ့သမိုင်းကြောင်းကနေ သင်ခန်းစာယူနိုင်ကြမယ်ဆိုရင်ဖြင့် ပြောပြရကျိုးနပ်ပါပြီ ချစ်သောယောင်းတို့ရေ။

Amber (ForHerMyanmar)

No Comments Yet

Comments are closed