တစ်ချိန်က လူတိုင်းပါးစပ်ဖျား ရေပန်းစားခဲ့တဲ့ တော်ဝင်မင်းသမီးတစ်ယောက်အကြောင်း

တော်ဝင်ပေမဲ့ နန်းမဆန်ခဲ့တဲ့ ပန်းရိုင်းတစ်ပွင့်

ယောင်းတို့ရေ… ဒုတိယ အဲလစ်ဇဘက် ဘုရင်မကြီးကို အားလုံးသိကြတယ်ဟုတ်? လူတိုင်း ချစ်ကြတဲ့ သက်တော်ရှည်ဘုရင်မတစ်ယောက်ဖြစ်ပြီး သိပ်နာမည်ကြီးသူ တစ်ယောက်ပါ။ ဒါပေမဲ့ ဘုရင်မကြီး ထက် နာမည်ကြီးတဲ့ တစ်ယောက်ရှိပါသေးတယ်။ အဲ့ဒါကတော့ သူ့ ညီမတော် မာဂရတ်ပါပဲ။ ကွယ်လွန်သွားခဲ့တာ ကြာပြီမို့ ဒီခေတ်လူငယ်တစ်ချို့က မင်းသမီးမာဂရတ်ကို သိပ်မသိကြတော့ပါဘူး။ အင်္ဂလန်ရဲ့ တော်ဝင် မင်းသမီးမာဂရတ်ဟာ ဒိုင်ယာနာ မပေါ်ခင်ကာလမှာ လူတိုင်း ပါးစပ်ဖျား ရေပန်းစားခဲ့တဲ့ တော်ဝင်မင်းသမီးတစ်ယောက်ပေါ့။

မင်းသမီး မာဂရတ်ဟာ သူ(မ)ရဲ့ ညှို့အားပြင်းအလှကြောင့် အဲ့ခေတ်က အလှဆုံးမင်းသမီးတစ်ပါးလို့ သတ်မှတ်ခဲ့ကြပြီး ပြည်သူတွေအတွက်တော့ လှလွန်းတဲ့ မာဂရတ်ဟာ နတ်သမီးပုံပြင်တွေထဲက မင်းသမီးလေးပါပဲ။ အဲ..ဒါပေမဲ့ မာဂရတ်ဟာ သူ(မ)ရဲ့ စိတ်ဓာတ်၊ စရိုက်နဲ့ နေပုံထိုင်ပုံတွေကြောင့် သတင်းစာတွေမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူလည်း ဖြစ်ပါတယ်။ တော်ဝင်မင်းသမီးတစ်ပါးအနေနဲ့ တမင်တကာလူပြောသူပြောခံပြီး ခပ်ပေပေ ခပ်ဆိုးဆိုး နေခဲ့ပေမယ့် သူ(မ) ဘဝ နောက်ကွယ်က စာမျက်နှာတွေက စိတ်ဝင်စားစရာ ကောင်းပြီး သနားစရာလည်း ကောင်းပါတယ်။

အဲလစ်ဇဘတ် ဘုရင်မကြီး နဲ့ မာဂရတ် မင်းသမီး

Related Article >>> ဝေလမင်းသမီး ဒိုင်ယာနာ သို့မဟုတ် ဗြိတိန်ရဲ့ကြွေလွင့်ခဲ့တဲ့နတ်သမီး

မင်းသမီး မာဂရတ်ဟာ ဘုရင်မ အဲလစ်ဇဘတ်ရဲ့ တစ်ဦးတည်းသော ညီမလေးဖြစ်ပြီး ၁၉၃၀မှာ မွေးခဲ့တာမို့ အစ်မတော်နဲ့ လေးနှစ်ကွာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတဲ့ အဲလစ်ဇဘက်နဲ့ မာဂရတ်ဟာ သူတို့ကိုယ်သူတို့ ထီးနန်းဆက်ခံသူတွေ ဖြစ်လာလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ကြပါဘူး။ ဒါပေမဲ့ ဦးလေး ဖြစ်သူ ဘုရင် ဟာ မုဆိုးမကို လက်ထပ်ဖို့ အတွက် ထီးနန်းကို ရုတ်တရက်စွန့်သွားတဲ့အခါ သူတို့ ကံကြမ္မာဟာ လုံးဝပြောင်းလဲသွားပါတော့တယ်။

ဦးလေးဖြစ်သူမှာ ဆက်ခံစရာ သားသမီးလည်း မရှိတာမို့ မာဂရတ်တို့ အဖေဟာ ဂျော့ဘုရင်ဖြစ်လာပြီး အစ်မတော် အဲလစ်ဇဘတ်ကတော့ အိမ်ရှေ့စံမင်းသမီး ဖြစ်လာခဲ့ပါတယ်။ ဒီနေရာမှာ အက်ဒ်မင် တစ်ခုပြောချင်တာက အင်္ဂလန်ရဲ့ ဘုရင်စနစ်ဟာ စေလိုရာစေ၊ လက်ညိုးညွှန်ရာ ရေ ဖြစ်တဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်မဟုတ်ပါဘူး ယောင်းတို့ရေ… ဘုရင်မှာ ဘာအာဏာမှ မရှိတဲ့အပြင် ဘုရင့်မိသားစုကို အင်္ဂလန် ဘုရားကျောင်းနဲ့ ပါလီမန်က မျက်စိဒေါက်ထောက်ကြည့်ပြီး ထိန်းချုပ်ထားတာပါ။

မာဂရတ်ရဲ့ စရိုက်ကို ပြောရမယ်ဆိုရင် သူ့ အစ်မတော်နဲ့ တခြားစီပါပဲ။ မာဂရတ်ဟာ စိတ်ထက်ပြီး သူ(မ) စိတ်ချမ်းသာမယ့်အရာဆိုရင် ဘယ်သူ့မျက်နှာမှ မထောက်ဘဲ လုပ်တတ်သူပါ။ ဒါကြောင့်လည်း မာဂရတ်ဟာ Royal Rebel (တော်ဝင်မိသားစုထဲက ပုန်ကန်ရေးသမား)ဆိုပြီး နာမည်ကြီးခဲ့တာပါ။ ကိုယ်လုပ်ချင်တာ လုပ်တတ်တဲ့ မာဂရတ်ကြောင့် ဘုရင်မ အဲလစ်ဇဘတ်တစ်ယောက် မျက်နှာပူခဲ့ရပေါင်းလည်း မနည်းပါဘူး။ တကယ်တော့ မာဂရတ်ဟာ သူမဘဝကို သာမန်သူတစ်ယောက်လို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေချင်ခဲ့တယ်လို့ အက်ဒ်မင်ကတော့ ယူဆပါတယ်။

လှလိုက်တာနော်..

ဒါပေမဲ့ စိတ်ထက်လွန်းတဲ့ မာဂရတ်တစ်ယောက် ဖိအားဒဏ်တွေကို မခံနိုင်ဘဲ အရှုံးပေးခဲ့ရတဲ့ ကိစ္စတစ်ခုတော့ ရှိခဲ့ပါတယ်။ သူမ အတွက်သိပ်ကို အရေးပါပြီး သူမဘဝကို ပြောင်းလဲသွားစေတဲ့ အရာတစ်ခုပေါ့။ အဲ့ဒါကတော့ ပီတာ ဆိုတဲ့ စစ်ပြန် သူရဲကောင်းအပေါ် ထားတဲ့ သူမရဲ့ အချစ်တွေပါပဲ။ မာဂရတ်ဟာ သိပ်လှလွန်းတာကြောင့် မျက်နှာကြီးအသိုင်းအဝိုင်းတွေထဲက လူကြီးလူကောင်းတွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့ပေမဲ့ သူချစ်ခဲ့တာကတော့ တစ်ယောက်တည်းပါပဲ။ အဲဒါကတော့ မြန်မာပြည်မှာမွေးဖွားခဲ့တဲ့ ပီတာတောင်းန်ဆန်းဒ် ဆိုတဲ့ စစ်ပြန်သူရဲကောင်း တစ်ဖြစ်လဲ နန်းတွင်းအရာရှိတစ်ယောက်ပါ။

ပီတာဟာ မာဂရတ် အဖေရဲ့ လက်ထောက်ဖြစ်ပြီး မာဂရတ်နဲ့ အနေနီးရင်းကနေ ချစ်ကြိုက်သွားခဲ့တာပါ။ အဲ့တုန်းက မာဂရတ်တစ်ယောက် ဆယ်ကျော်သက်အရွယ်ပဲရှိပါသေးတယ်။ အချစ်ကို ကိုးကွယ်တဲ့ မနူးမနပ်အရွယ်လေးပေါ့။ ပီတာဟာ မာဂရတ်ထက် အသက် ၁၅နှစ်တောင်ကြီးပေမယ့် သူမဘဝရဲ့ အချစ်ဦးဖြစ်တာကြောင့် အရူးအမူးချစ်ခဲ့ပါတယ်။ လူမသိ သူမသိ တိတ်တိတ်လေး တွဲခုတ်ရင်းကနေ သူတို့ဇာတ်လမ်းဟာ ၁၉၅၃ခုနစ် အဲလစ်ဇဘတ်ဘုရင်မရဲ့ နန်းတက်ပွဲအခမ်းအနားနေ့မှာတော့ လူသိရှင်ကြားဖြစ်သွားခဲ့ပြီး အားလုံးကို ရှော့ခ်ရစေခဲ့ကြပါတယ်။

သနားစရာ မာဂရတ်တစ်ယောက်ဟာ သူအရမ်းချစ်တဲ့ ယောကျာ်းနဲ့ ဘယ်တော့မှ မပေါင်းနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆို ပီတာဟာ ကွာရှင်းထားတဲ့ အရပ်သား လူအိုတစ်ယောက်ဖြစ်နေလို့ပါပဲ။ သာမန် အရပ်သူတစ်ယောက်ဆိုရင်တော့ ကွာရှင်းထားတဲ့လူအို မကလို့ ကလေးအဖေ မုဆိုးဖိုပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ချစ်လို့ရပေမဲ့ မာဂရတ်ဟာ ထီးနန်းစိုးစံတဲ့ ဘုရင်မတစ်ပါးရဲ့ ညီမဖြစ်နေပါတယ်။ မာဂရတ်ရဲ့ အချစ်ရေးဟာ ဥပဒေနဲ့ မညီတာမို့ တရားလည်းမဝင်ပါဘူး။ ဒီနေရာမှာ အစ်မလုပ်သူ ဘုရင်မရဲ့ ခွင့်ပြုချက်ရမှ သူတို့နှစ်ယောက်ပေါင်းနိုင်မှာဖြစ်ပေမယ့် အစ်မလုပ်သူက ခွင့်ပြုချက် မပေးနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆို အင်္ဂလန်ရဲ့ ဘုရားကျောင်းက ဒါကို ရှုံ့ချကန့်ကွက်ခဲ့လို့ပါပဲ။ဒါ့အပြင် ရှေ့မှာလည်း မာဂရတ်ဦးလေးတစ်ယောက် မုဆိုးမကို ယူဖို့ ထီးနန်းစွန့်သွားတဲ့အထိ ဖြစ်ခဲ့တော့ တော်ဝင်မိသားစုနဲ့ ဝန်ကြီးချုပ်ဟာ မာဂရတ်ကိစ္စကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့ပါတယ်။ ပြည်သူတွေကလည်း သူတို့ မင်းသမီးရဲ့ အချစ်ရေးကို လုံးဝသဘောမတူသလို အင်္ဂလန် ဘုရားကျောင်းကလည်း ကောင်းချီးမပေးခဲ့ပါဘူး။

Related Article >>> ကမ္ဘာ့သမိုင်းထဲမှာ စံတင်ရလောက်အောင် ထက်မြက်တဲ့ ဘုရင်မ ဗစ်တိုးရီးယား

ဘယ်လောက်တောင်လဲဆို “မင်းသမီး ဒီလို လူနဲ့ ယူတာကို ကြည့်နေမယ့်အစား ကျုပ်တို့ပဲ နှုတ်ထွက်လိုက်တော့မယ်” ဆိုပြီး ပါလီမန်က ဘုရင်မကိုခြိမ်းခြောက်ခဲ့ပါတယ်။ နောက်ဆုံး မာဂရတ်ကို အရိုက်အရာ ဆက်ခံခွင့်အထိ  ရုပ်သိမ်းပြီး တော်ဝင်မိသားစုကနေ ထွက်သွားဖို့ အထိ ဖိအားပေးလာတဲ့အခါမှာတော့ ပီတာဟာ မင်းသမီးဘဝ ကောင်းစားဖို့အတွက် သူ့ဘက်ကစပြီး လမ်းခွဲလိုက်ပါတော့တယ်။ ဒီလိုနဲ့ မာဂရတ်တစ်ယောက် သူမ ဦးလေး လမ်းစဉ်လည်း မလိုက်နိုင်တော့ဘဲ သူမရဲ့ အချစ်တွေကို စတေးခဲ့ရပါတယ်။ သတင်းစာတွေထဲပါလာတဲ့ ကြေကွဲနေတဲ့ မာဂရတ်မျက်နှာဟာ ရောင်ကိုင်းမို့အစ်နေတာကို တွေ့ရပါတယ်။ အတော်လေး ငိုထားတဲ့ပုံပါပဲ။

မာဂရတ်ဟာ အဲ့နောက်ပိုင်း သူမ ဘဝကို ရေစုန်မျှောလိုက်ပြီး နေချင်သလိုနေပါတော့တယ်။ ဆေးလိပ်တွေအလွန်အကျွံသောက်တတ်လာပြီး မနက်၃နာရီလောက်ထိလည်း ပါတီပွဲတွေမှာ ကခုန်နေတတ်ပါတယ်။
သူမကို ဘယ်သူမှလည်း ထိန်းလို့မရခဲ့သလို ဘယ်သူ့ကိုမှလည်း မာဂရတ်က အလျှော့မပေးခဲ့ပါဘူး။

Princess Magaret’s wedding

မာဂရတ်ဟာ သူ့အစ်မ အလိုကျ ၁၉၆၀မှာ အန်ထော်နီဆိုတဲ့ ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းက ရုပ်ရှင်ဒါရိုက်တာနဲ့ လက်ထပ်လိုက်ပါသေးတယ်။ ကလေးနှစ်ယောက်တောင်ရလိုက်ပေမယ့် မာဂရတ်ကတော့ အနေအထိုင် ပေတေမြဲ ပေတေဆဲပါ။ မာဂရတ်တစ်ယောက် သူမ နေထိုင်ရတဲ့ ဘဝကို လုံးဝမပျော်ပိုက်ခဲ့ပါဘူး။

မာဂရတ်ဟာ သူတကယ် မချစ်တဲ့ယောကျာ်းဆီကနေ ကွာရှင်းဖို့ လမ်းစရှာတာပဲလား မသိ။ ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်နဲ့ လူသိရှင်ကြား တွဲခုတ်ခဲ့လို့ ၁၉၇၆မှာတော့ မာဂရတ်ရဲ့ အိမ်ထောင်ရေး အဆုံးသတ်ခဲ့ပါတယ်။ ဒီကြားထဲ လူမသိ သူမသိ တွဲခဲ့တာတွေလည်း ရှိသေးတယ်လို့ ဆိုပါတယ်။ ထူးခြားချက်ကတော့ ဒီကွာရှင်းခွင့်ဟာ နှစ်ပေါင်းလေးရာအတွင်းမှာ ပထမဆုံး ဖြစ်ခဲ့တဲ့ တော်ဝင်မိသားစုရဲ့ကွာရှင်းမှု ဖြစ်ပြီး မာဂရတ်တစ်ယောက် ဒီကွာရှင်းခွင့်ကို လွယ်လွယ်နဲ့ ရခဲ့တာတော့မဟုတ်ပါဘူး။ ကွာရှင်းမှုတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်လေ့ရှိတဲ့ အင်္ဂလန် ဘုရားကျောင်းရဲ့ ဝေဖန်ထိုးနှက်မှုတွေကြားကနေ မနည်းရအောင် ယူခဲ့ရတာပါ။ သူမရဲ့ ကွာရှင်းခွင့်တောင်းခံမှုဟာ တော်ဝင်မိသားစုအပြင် နိုင်ငံတစ်ဝန်းက ကတ်သလစ်ဘုန်းတော်ကြီးတွေနဲ့ ပြည်သူတွေကို ပါ ထိတ်လန့်သွားစေခဲ့ပါတယ်။

ပြည်သူလူထုရှေ့မှာ စံပြဖြစ်အောင် နှစ်ပေါင်းများစွာ စည်းနဲ့ကမ်းနဲ့ နေလာတဲ့ တော်ဝင်မိသားစုကို ကမောက်ကမ ဖြစ်သွားအောင် လှုပ်ခါခဲ့တာမို့ မာဂရတ်ဆိုရင် တော်တော်များများက အမြင်မကြည်ကြဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ မင်းသမီး မာဂရတ်ဟာ ပြည်သူလူထုအပေါ် မှာတော့ အင်မတန်ရက်ရောပါတယ်။သူမဟာ ပရဟိတအဖွဲ့အစည်းများစွာကို ဦးစီးဦးဆောင်ပြုခဲ့သူတစ်ယောက်ပါ။

မင်းသမီး မာဂရတ်ဟာ အစ်မတော်လောက် အသက်မရှည်ခဲ့ဘဲ ပေပေတေတေနေခဲ့ တဲ့ ဒဏ်တွေကြောင့် ကျန်းမာရေးချို့တဲ့ပြီး ၂၀၀၂ ခုနစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ကုန်လွန်ချိန်မှာ ၇၁နှစ်ရှိပါပြီ။ ချစ်တဲ့သူနဲ့ ကွေကွင်းခဲ့ရတာကြောင့် ခုလို ကိုယ့်ဘဝကိုယ် ရေစုန်မျှောပစ်ခဲ့တဲ့ မင်းသမီးရဲ့ ဇာတ်လမ်းကတော့ သေချာစဉ်းစားကြည့်ရင် ဝမ်းနည်းစရာပါပဲနော်။ သူမရဲ့ ဇွတ်တရွတ်နိုင်မှုတွေကြောင့် တော်ဝင်မိသားစုရဲ့ သမိုင်းထဲမှာ နာမည်ပျက်နဲ့ ကျန်ရစ်ခဲ့ရသလို သူမကိုယ်တိုင်လည်း အများကြီးပေးဆပ်ခဲ့ရပါတယ်။  ယောင်းတို့ကော ဒီမင်းသမီးကို ဘယ်လိုမြင်လဲဟင်?

By

Mia ( For Her Myanmar)

Reference links: History,  Biography ,  Vanity Affair

No Comments Yet

Comments are closed