အောင်မြင်လွန်းတာကြောင့် တစ်ချိန်က မြောက်ကိုရီးယားတွေပြန်ပေးဆွဲတာ ခံခဲ့ရတဲ့ မင်းသမီးကြီး ချွဲအွန်ဟီး

မြောက်ကိုရီးယားမှာ နိုင်ငံခြားဇာတ်လမ်းတွေ၊ အထူးသဖြင့် တောင်ကိုရီးယား ဇာတ်လမ်းတွေ ကြည့်ခွင့်မပြုဘဲ ခိုးကြည့်တာမိရင် မိသားစုလိုက်၊ အစုလိုက်အပြုံလိုက်ကို သေဒဏ်ပေးတတ်ပါတယ်။ ဒါပေမဲ့ သူမကို ပြန်ပေးဆွဲရတဲ့ အကြောင်းရင်းကတော့….

မင်္ဂလာပါ ယောင်းတို့ရေ ….ယောင်းတို့တော်တော်များများ တောင်ကိုးရီးယား မင်းသမီး ချွဲအွန်ဟီးနဲ့ သူမယောကျာ်းကို မြောက်ကိုရီးယား သမ္မတရဲ့သားက ဂျိန်းစဘွန်းကားဆန်ဆန် ပြန်ပေးဆွဲခဲ့တဲ့ ဇာတ်လမ်းကို ကြားဖူးကြမှာပါ…အဲ့ မင်းသမီးကြီးဟာ ဧပြီလ ၁၇ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီး အသက် ၉၁နှစ်တောင်ရှိနေပါပြီ။ ၁၉ရက်နေ့ ကြာသပတေးနေ့မှာတော့ သူမရဲ့ ဈာပနကို ဆိုးလ်မှာ ကျင်းပခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ကို ပြန်ပေးဆွဲခဲ့တဲ့ ဇာတ်လမ်းဟာလည်း သာမန်ပြန်ပေးဆွဲတဲ့ ဇာတ်လမ်းတွေနဲ့ မတူဘဲ ထူးခြားလွန်းတာမို့ အဲ့ခေတ်အခါက ကမ္ဘာကျော်ခဲ့ရပါတယ်။

ယောင်းတို့သိကြတဲ့အတိုင်း မြောက်ကိုရီးယား နိုင်ငံဟာ သက်ဦးဆံပိုင် အာဏာရှင်အုပ်စိုးတဲ့ ဆိုရှယ်လစ်နိုင်ငံဖြစ်ပါတယ်။ မြောက်ကိုရီးယားမှာ နိုင်ငံခြားဇာတ်လမ်းတွေ၊ အထူးသဖြင့် တောင်ကိုရီးယား ဇာတ်လမ်းတွေ ကြည့်ခွင့်မပြုဘဲ ခိုးကြည့်တာမိရင် မိသားစုလိုက်၊ အစုလိုက်အပြုံလိုက်ကို သေဒဏ်ပေးတတ်ပါတယ်။ ပြည်သူတွေကိုသာ အဲ့လို ဥပဒေ ပြဌာန်းထားပြီး ချုပ်ချယ်ထားပေမယ့် မြောက်ကိုရီးယားအာဏာရှင်ရဲ့သား ကင်မ်ဂျုံအီကတော့ နိုင်ငံခြားကားတွေ၊ တောင်ကိုရီးယား ရုပ်ရှင်တွေ၊ ဟောလီးဝုဒ်ကားတွေ၊ 007ဇာတ်လမ်းတွေကို အလွန်ရူးသွပ်ခဲ့ပြီး ရုပ်ရှင်တွေ ဖန်တီးရတာကြိုက်တဲ့ ရုပ်ရှင်ဝါသနာအိုးကြီးပါတဲ့( ဥပဒေကို အဲ့လို တိတိကျကျ လိုက်နာတာ  )။ 007ကတော့ သူ အကြိုက်ဆုံးဇာတ်လမ်းလို့ ဆိုပါတယ်။

Related article >>> အမေရိကန်နိုင်ငံရဲ့ သမ္မတကတော်ဖြစ်ခဲ့တဲ့ Barbra Bush တစ်ယောက် ယမန်နေ့က ဆုံးပါးသွားခဲ့

နောင်တစ်ချိန် အာဏာလွှဲပြောင်းယူရမယ့် လူငယ် ကင်မ်ဟာ မြောက်ကိုးရီးယားရဲ့ ရုပ်ရှင်အဆင့်အတန်းကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းစေလိုတဲ့ ဆန္ဒရှိခဲ့ပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံရဲ့ ပကတိအခြေအနေကို ဖုံးကွယ်ပြီး နတ်ပြည်လို ထည်ဝါတဲ့ နိုင်ငံပုံစံ ရိုက်ထားတဲ့ ဝါဒဖြန့် ဇာတ်ကားတွေကို ဖန်တီးလိုခဲ့ပါတယ်။ ကင်မ်က အဲ့ခေတ်တုန်းက နာမည်ကြီး မင်းသမီး ချွဲအွန်ဟီးရဲ့ အမာခံဖန်တစ်ယောက်ပါ။ ချွဲအွန်ဟီးဆိုတာလည်း ကိုရီးယားရဲ့ ခင်သန်းနုလို့ပြောရမလားပဲ။ လူကလည်း လှသလို သရုပ်ဆောင်ကလည်း ကောင်းတာမို့ ဇာတ်ကားအားလုံးနီးပါးမှာ ခေါင်းဆောင်မင်းသမီး နေရာကနေ ရိုက်ကူးခဲ့ရပါတယ်။ သူမဟာ သူမဇာတ်လမ်းတွေကို ဖန်တီးပေးတဲ့ ဒါရိုက်တာ ရှင်ဆောင်အုတ်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ အဲ့ခေတ်မှာ ရှင်ဆောင်အို့ ဟာ ဒါရိုက်တာတွေထဲမှာ နာမည်အကြီးဆုံး၊ အအောင်မြင်ဆုံး သူတစ်ယောက်ပါ။ နာမည်ကြီး မင်းသမီးနဲ့ နာမည်ကြီးဒါရိုက်တာ ညားကြပြီး ရုပ်ရှင်အတူတူ ဖန်တီးကြတဲ့အခါ ကားတိုင်းနီးပါး သိပ်ကို အောင်မြင်ခဲ့ပြီး နာမည်ကြီးခဲ့ပါတယ်။

ကံကြမ္မာဆိုတာ အတက်လည်းရှိသလို အကျလည်း ရှိလေတော့ မင်းသမီးချွဲအွန်ဟီးလည်း လောကဓံရဲ့ ရိုက်ပုတ်မှုကို အများနည်းတူ ခံခဲ့ရပါတယ်။ အိမ်ထောင်ရေးမှာ ပြဿနာတွေ အများကြီးတက်ပြီး အဆင်မပြေဖြစ်ကြလို့ နောက်ဆုံး ကွာရှင်းခဲ့ကြပါတယ်။ ပိုဆိုးတာက ချွဲအွန်ဟီးက ဒါရိုက်တာရှင်ဆောင်အို့ နဲ့ ကွာရှင်းလိုက်တဲ့ သတင်းလည်း ပြန့်သွားကော သူမရဲ့ အောင်မြင်မှုတွေဟာ ၁၉၇၇ကာလတွေမှာ ထိုးဆင်းကျခဲ့ပြီး စီးပွားပျက်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ အဲ့အချိန်မှာ စီးပွားရေး လုပ်ဖို့ ဟောင်ကောင် လုပ်ငန်းရှင်တစ်ယောက်နဲ့ ချိတ်ဆက်မိပြီး ဟောင်ကောင်မှာ တွေ့ဆုံခဲ့ပါတယ်။ ဟောင်ကောင်သားအယောင်ဆောင်ထားတဲ့ မြောက်ကိုရီးယားလူမျိုးဆိုတာကို မသိခဲ့ရှာပါဘူး။ ချွဲအွန်ဟီးဟာ မေ့ဆေးထိုးပြီး အဖမ်းခံရပြီး ရှစ်ရက်ကြာလို့ သူမ နိုးလာတဲ့အခါ မြောက်ကိုရီးယားနိုင်ငံရဲ့ အကောင်းစား ဇိမ်ခံ ဗီလာထဲမှာ ရောက်နေတယ်လို့ ဆိုပါတယ်။ သိပ်မကြာခင်မှာ သူမပျောက်ဆုံးသွားလို့ လိုက်ရှာတဲ့ ဒါရိုက်တာ ရှင်ဆောင်အို့ ဟာလည်း ချွဲအွန်ဟီးလိုပဲ ဟောင်ကောင်မှာအဖမ်းခံရပြီး မြောက်ကိုရီးယားကို ပို့ခံလိုက်ရပါတယ်။

Related article >>> ကိုရီးယားရဲ့ နာမည်ကြီး ဝက်ဆလပ်ကို အိမ်မှာလုပ်စားကြမယ်

နှစ်ယောက်ကို တူတူမထားဘဲ အစောင့်တွေ အချိန်ပြည့်ချထားတဲ့ နေရာမှာ သီးခြားဖမ်းထားပါတယ်။ ဖမ်းထားတယ်ဆိုပေမယ့် ကင်မ်ဟာ သူတို့ကို နှိပ်စက်ညှင်းပန်းတာ မရှိဘဲ လေးလေးစားစားဆက်ဆံခဲ့ပြီး အကောင်းစား ဇိမ်ခံအိမ် မှာ ကောင်းကောင်းထားတယ်လို့ဆိုပါတယ်။ ကင်မ်ဟာ သူတို့နှစ်ယောက်ကို ရုပ်ရှင်ကားကောင်းတွေ ဖန်တီးပေးဖို့ တောင်းဆိုခဲ့ပြီး ထွက်ပြေးဖို့ကြိုးစားရင်တော့ သတ်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ ဒါရိုက်တာကြီးကတော့ ပူးပေါင်းဖို့ ငြင်းလို့ နှစ်အတော်ကြာ အကျဉ်းချခံထားရပါတယ်။ နောက်မှသာ ရုပ်ရှင်ရိုက်ပေးဖို့ သဘောတူခဲ့လို့ သူတို့လင်မယားနှစ်ယောက်ကို ပြန်ပေါင်းစည်းစေခဲ့ပြီး ရုပ်ရှင်ကားတွေ တစ်ခုပြီးတစ်ခု ရိုက်ကူးစေခဲ့ပါတယ်။ အဲ့အချိန်မှာတော့ တောင်ကိုရီးယားမှာ သူတို့နှစ်ယောက် ရုတ်တရက်ပျောက်သွားပြီး အစတောင်ရှာမရလို့ အစိုးရကလည်း ခေါင်းစားနေတဲ့အချိန်ပါ။ မြောက်ကိုရီးယားအတွက် ရုပ်ရှင်ရိုက်ကူးပေးနေတဲ့ မင်းသမီးနဲ့ ဒါရိုက်တာအဖြစ် ရုပ်ရှင်ပွဲတော်တွေမှာ တွေ့လိုက်ရတဲ့အခါ တောင်ကိုရီးယားပြည်သူတွေဟာ သူတို့ကို အမျိုးသားသစ္စာဖောက်အဖြစ် စွပ်စွဲအထင်လွဲခဲ့ကြပါသေးတယ်။

မြောက်ကိုရီးယားမှာ နေတဲ့နှစ်တွေကြာလာတာနဲ့ အမျှ ကင်မ်နဲ့ သူတို့လင်မယားဟာ မိတ်ဆွေအရင်းတွေလို ရင်းနှီးခင်မင်လာခဲ့ပါတယ်။ ကင်မ်ဟာ အာဏာရှင်ပေါက်စ လူငယ်တစ်ယောက်ဖြစ်ပေမဲ့ သူဟာ အနုပညာရဲ့ တန်ဖိုးတွေအရည်အသွေးတွေကို လေးစားတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် သူတို့ကြားက ဆက်ဆံရေးကောင်းလာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နေရတာ မပျော်တဲ့ သူတို့နှစ်ယောက်ဟာ လွတ်မြောက်ဖို့ လမ်းကိုအမြဲရှာနေခဲ့ပါတယ်။ ကင်မ်ဟာ သူတို့ကို ယုံကြည်လာတာကြောင့် အရင်ကလောက် အစောင့်အကြပ်မထားတော့ပါဘူး။ ဒါကို အခွင့်ကောင်းယူပြီး ၁၉၈၆လောက်မှာ ဘာလင်ရုပ်ရှင်ပွဲတော်တက်ပြီးနောက် ဗီယင်နာကို သွားလည်ပတ်ကြတဲ့အခါ အမေရိကန်သံရုံးထဲ ပြေးဝင်ပြီး နိုင်ငံရေးအကာအကွယ်နဲ့ ခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။ တကယ်လို့သာ အမေရိကန်သံရုံးကသာ ပယ်ချခဲ့ရင် သူတို့နှစ်ယောက်ဟာ သေချာဖောက် မြောက်ကိုရီးယား ပြန်ပါသွားပြီး အသတ်ခံရမှာပါ။ ကံကောင်းစွာနဲ့ပဲ အမေရိကန် အစိုးရရဲ့ အကာအကွယ်ရခဲ့ပြီး မြောက်ကိုရီးယားလက်ထဲကနေ လွတ်မြောက်သွားခဲ့ပါတယ်။

Related article >>> သံမဏိ မိန်းမပျို သို့မဟုတ် လောကငရဲမှ လွတ်မြောက်လာသူ နာဒီယာ

သူတို့ဟာ အမေရိကန်မှာ တစ်နှစ်လောက်နေပြီးမှ တောင်ကိုရီးယားကို ပြန်လာပြီး အထင်လွဲနေတဲ့ ပရိတ်သက်တွေကို သေချာပြောပြခဲ့ပါတယ်။ ရှင်ဆောင်အို့ကတော့ ၂၀၀၆မှာ ကွယ်လွန်သွားခဲ့ပါတယ်။နာမည်ကြီး ပြန်ပေးဆွဲအမှုမှာ victim ဖြစ်ခဲ့တဲ့ မင်းသမီးချွဲအွန်ဟီးနဲ့ သူ့ယောကျာ်းဟာ အသက်တွေကြီးရင့်လို့ ကွယ်လွန်ကုန်ကြပေမယ့် သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကတော့ မနေ့တစ်နေ့က ဖြစ်ခဲ့သလို လူတိုင်းပါးစပ်ဖျားမှာ ပြန်ပြောင်းပြောဆိုနေကြတုန်းပါပဲ။ ၂၀၁၆တုန်းကလည်း သူတို့အကြောင်းကို The Lovers and the despotဆိုတဲ့ Documentaryရုပ်ရှင်နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။ မင်းသမီးကြီးဟာ အနုပညာမှာ သိပ်ကို ထူးချွန်သူဖြစ်တဲ့အပြင် သူမကျော်ဖြတ်ခဲ့ရတဲ့ ဘဝဟာ ထိတ်လန့်စရာကောင်းတာကြောင့် ချွဲအွန်အီးဟာ “လူသာသေသွားတယ် နာမည်ကတော့ ဘယ်တော့မှာသေမှာမဟုတ်ဘူး ။ အမြဲ အမှတ်ရနေမှာပါ” လို့ တောင်ကိုရီးယား ပရိတ်သတ်တွေက ရေးသားခဲ့ကြပါတယ်။
By
Mia(For Her Myanmar)
Reference links: guardian.combbc.com

No Comments Yet

Comments are closed