နီကိုလတ် စပက်ခ် (သို့မဟုတ်) ကမ္ဘာကျော် ချစ်ဇာတ်လမ်းတွေကို ဖန်တီးခဲ့တဲ့ ကလောင်တစ်ချောင်း

ကမ္ဘာကျော်အချစ်ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ ကလောင်ရှင်ကြီးက ရိုမန်တစ်ဆန်တယ်ဆိုတာ ဘာလဲ ဆိုတာကိုခုလို ရှင်းပြခဲ့ပါတယ်

“တို့တွေအားလုံး မပြည့်စုံကြပါဘူး။ ဘယ်သူမှ ပြီးပြည့်စုံတာ မဟုတ်ဘူးလေ။ အမှားတွေ လုပ်မိကြတယ်။ တလွဲတွေ လုပ်ပစ်တယ်။ ဒါပေမဲ့ ဒါတွေအားလုံးကို ခွင့်လွှတ်ပြီး ရှေ့ဆက်လျှောက်လှမ်းကြရတာပဲ မဟုတ်လား။”

ဒီစာသားလေးတွေကတော့ နာမည်ကျော် ဝတ္ထုတပုဒ်ဖြစ်တဲ့ The Last Song ကနေ ရွေးထုတ်ထားတာပါ။ အဆိုတော်သရုပ်ဆောင် မိုင်လီဆိုင်းရပ်စ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီအချစ်ဇာတ်ကားလေးက အားလုံးရင်ထဲမှာ ခုချိန်ထိအောင် စွဲနေဦးမယ်ထင်ပါတယ်။

အခုလိုမျိုး လှပနူးညံ့တဲ့စာသားလေးတွေ၊ စကားလုံးလေးတွေနဲ့ ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သူကတော့ အသက်(၅၂)နှစ်ရှိပြီဖြစ်တဲ့ စာရေးဆရာ နီကိုလတ် စပက်ခ်ဖြစ်ပါတယ်။ သူ့ရဲ့ ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ကြပြီး ရိုက်သမျှလည်း အောင်မြင်ခဲ့ပါတယ်။

စကားလုံးလေးတွေ၊ စာသားလေးတွေက လှပနူးညံ့ပေမဲ့လည်း နီကိုလတ်ရဲ့ ဘဝကတော့ အရမ်းကြီးဖြောင့်ဖြူးခဲ့ရတာ မဟုတ်ပါဘူး။ ကမ္ဘာကျော် အချစ်ဇာတ်လမ်းတွေကို ဖန်တီးခဲ့တဲ့ စာရေးဆရာကြီးရဲ့ နှလုံးသားကတော့ အမာရွတ်တွေ ပြည့်နှက်နေခဲ့ရပါတယ်။

နီကိုလတ်ကို (၁၉၆၅)ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ နီဘရာစကားပြည်နယ်၊ အိုမာဟားမှာ မွေးဖွားခဲ့ပါတယ်။ အဖေဖြစ်သူက ဘောဂဗေဒပါမောက္ခ တစ်ယောက်ဖြစ်လာခဲ့ပြီး အမေကလည်း မျက်စိကုသမှု ကျွမ်းကျင်လက်ထောက်တစ်ယောက်မို့ အနုပညာအသိုင်းအဝိုင်းနဲ့ လုံးဝနီးစပ်မှု မရှိတာ တကယ်အံ့သြစရာပါ။

အစ်ကိုကြီးနဲ့ ညီမငယ်တို့ရဲ့ကြား  နီကိုလတ်ဟာ အလတ်တစ်ယောက်ပီပီ လပ်လို့နေခဲ့ပါတယ်။ ပညာသင်ယူနေရချိန်တစ်လျှောက်လုံးမှာ နီကိုလတ်ဟာ မိဘတွေရဲ့ အလုပ်တာဝန်ကြောင့် ခဏခဏ ပြောင်းရွှေ့နေရလို့ အပေါင်းအသင်းသူငယ်ချင်းလည်း မရှိသလောက် ရှားပါးခဲ့ရပြန်ပါတယ်။

Related Article >>> ဟိမဝန္တာ တောင်တန်းတွေပေါ်က အချစ်ဇာတ်လမ်း

အထီးကျန်ပြီး တစ်ယောက်တည်း ဘဝကို စိတ်ပျက်လက်ပျက်ဖြစ်နေရတဲ့ လူငယ်လေး နီကိုလတ်ကို သူ့အမေက အမှတ်မထင် စကားလေးတစ်ခွန်း ပြောလိုက်မိပါတယ်။ “မင်းက ပျင်းနေမှာပေါ့။ ဘာလုပ်စရာမှ မရှိတာ။ တစ်ခုခုကို ထလုပ်လိုက်စမ်း။ ဘာမှ မလုပ်တတ်ရင် စာထိုင်ရေးနေ။” လို့ပေါ့…

အဲဒီအချိန်ကစပြီး နီကိုလတ်ဟာ အားနေတာနဲ့ စိတ်တည်ငြိမ်အောင် ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ စာတွေပဲ ထိုင်ရေးနေပါတော့တယ်။ (၁၉၈၅)ခုနှစ်အတွင်း နော်ထရီဒိမ်းတက္ကသိုလ် ပထမနှစ်ပြီးလို့ အိမ်ခဏပြန်လာတဲ့အချိန်မှာ သူ့ရဲ့ ပထမဆုံးဝတ္ထု The Passing ကို ရေးသားပြီးစီးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာမူကို ထုတ်ဝေခြင်းတော့ မရှိခဲ့ပါဘူး။ (၁၉၈၉)ခုနှစ်အတွင်းမှာ The Royal Murders လို့ အမည်ပေးထားတဲ့ နောက်ထပ်တစ်ပုဒ်ကို ထပ်မံရေးသားခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း စာအုပ်အဖြစ် မမြင်တွေ့ရပြန်ပါဘူး။

ဝတ္ထုရေးတာ မစွံပါဘူးလို့ တွေးမိတဲ့ နီကိုလတ်တစ်ယောက် တခြားစာရေးဆရာတစ်ယောက်နဲ့ ပေါင်းပြီး ဝိဉာဉ်လောကယောင်ယောင် ဘာယောင်ယောင် စာအုပ်တစ်အုပ်ရေးပြီး ထုတ်ဝေဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်က တစ်နှစ်အတွင်း အုပ်ရေငါးသောင်းလောက်ရောင်းရခဲ့လို့ မဆိုးဘူးလို့ ပြောရင်ရပါတယ်။

Nicholas Sparks

စာပေလောကမှာ အခြေအနေမဟန်တော့လို့ နီကိုလတ်ဟာ ပုံမှန်ဝင်ငွေရမယ့် အလုပ်တစ်ခုကို ရှာရပါတော့တယ်။ ဒါကြောင့် (၁၉၉၂)ခုနှစ်က စတင်ပြီး ဆေးနဲ့ဆေးဝါးပစ္စည်းတွေ ရောင်းတဲ့အလုပ်မှာ ဝင်လုပ်ခဲ့ရပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ နီကိုလတ်ရဲ့ရင်ထဲက ခံစားချက်တွေကို ပွင့်အန်ထွက်လာစေမယ့် အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့ပါတယ်။ ညီမဖြစ်သူ ဒါနာတစ်ယောက် အသက်(၃၃)နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။ ညီမဖြစ်သူအတွက် ဝမ်းနည်းမှုတွေက နီကိုလတ်ကို နောက်ထပ်စာတွေရေးဖို့ တွန်းအားပေးသလိုဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့်အလုပ်အားတဲ့အချိန်မှာ သူ့ကို ကမ္ဘာကျော်သွားစေမယ့် ဝတ္ထုဖြစ်တဲ့ The Notebook ကို ရေးသားခဲ့ပါတယ်။ ဒီစာမူကို ဒီအတိုင်းသိမ်းထားခဲ့ပေမဲ့ နောက်နှစ်နှစ်အကြာမှာ စာပေကိုယ်စားလှယ် ထရီဆာ ပက်ခ်က ဖတ်မိသွားပြီး အရမ်းကြိုက်လွန်းလို့ နီကိုလတ်အတွက် သူ(မ)တို့အေဂျင်စီက အကျိုးဆောင်ပေးပါ့မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

Related Article >>> အချစ်ဟာ ပြီးပြည့်စုံစရာလိုပါသလား?

ထရီဆာရဲ့အချိတ်အဆက်နဲ့ နီကိုလတ်ဟာ ထုတ်ဝေသူတွေနဲ့တွေ့ပြီး သူ့ရဲ့ ပထမဆုံးစာအုပ်အတွက် စာအုပ်ဖြစ်မလာခင်မှာတောင် ဒေါ်လာတစ်သန်းချက်ချင်း လက်ထဲရခဲ့ပါတယ်။ (၁၉၉၆)ခုနှစ် အောက်တိုဘာလမှာ ထုတ်ဝေလိုက်ပြီး တစ်ပတ်အတွင်းမှာပဲ နယူးယောက်တိုင်းမ်သတင်းစာကြီးရဲ့ အရောင်းရဆုံး နံပါတ်တစ်နေရာကို ခုန်တက်သွားပါတော့တယ်။

အဲဒီလို အောင်မြင်ပြီးတဲ့နောက်မှာတော့ နီကိုလတ်ဟာ နောက်ထပ်ဝတ္ထုတွေကို ဆက်တိုက်ဆိုသလို ဆက်ရေးပါတော့တယ်။ ရေးသမျှလည်းအောင်မြင်ခဲ့ပြီး သူ့စာအုပ်တွေထဲက (၁၁)အုပ်က အရောင်းရဆုံး နံပါတ်တစ်ချိတ်နိုင်ခဲ့ပါတယ်။ တကယ်တမ်း သူ့ကို ကမ္ဘာကျော်သွားစေတာကတော့ သူ့ရဲ့ဝတ္ထုတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေပါ။

အဲဒီကားတွေအထဲကမှ A Walk To Remember(2002), The Notebook (2004), Dear John (2010), The Last Song (2010), The Lucky One (2012) နဲ့ The Best Of Me (2014) တို့ကို အားလုံးကြည့်ဖူးကြမှာ သေချာပါတယ်။

ဒီလိုမျိုး ကမ္ဘာကျော်အချစ်ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ ကလောင်ရှင်ကြီးက ရိုမန်တစ်ဆန်တယ်ဆိုတာ ဘာလဲလို့ ခုလို ရှင်းပြခဲ့ပါတယ်။

“တကယ်တော့ ရိုမန်တစ်ဆန်တယ်ဆိုတာ မင်းအတွက် ထူးခြားအရေးပါတဲ့လူတစ်ယောက်အကြောင်းကို တွေးမိနေတာပါ။ တခြားအရာတွေကို ခေါင်းထဲထည့်နေရမှာ ဖြစ်ပေမဲ့ သူ့အကြောင်းပဲ တဝဲလည်လည်တွေးနေမိတာမျိုးပေါ့။”လို့ သူက ပြောပြပါတယ်။

ဒီလိုခံစားချက်မျိုးကို လူတိုင်းကြုံတွေ့ဖူးကြမှာပါ။ တကယ်လို့ မကြုံဖူးဘူးဆိုရင်လည်း အပေါ်က ဇာတ်ကားလေးတွေကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါလို့… ကြည့်နေရင်းနဲ့ တစ်ယောက်ယောက်ကို သတိရသွားမယ်ဆိုတာ အာမခံလိုက်ပါရစေ။

Luke Kyaw (For Her Myanmar)

References : Nicholas Sparks , Wikipedia

No Comments Yet

Comments are closed