Knowledge

တော်ဝင် နန်းသုံးဖြစ်ခဲ့တဲ့ မြန်မာတို့ရဲ့ ပတ္တလား တူရိယာ

ပတ္တလားဆိုတာနဲ့ လူတွေမြင်လိုက်ကြတာက လောင်းလှေပုံခွက်ကြီးပေါ်မှာ လက်ခတ်လေးနဲ့ တီးရတဲ့ တူရိယာပေါ့… တကယ်တမ်း ပတ္တလားတစ်ခုမှာ… 

ယောင်းတို့ရေ… ပတ္တလားကို သိကြလားဟင်? ဟယ်.. ဒီအက်ဒ်မင်တော့ ဘာတွေလာမေးနာလဲ့.. ပတ္တလားများ သိတာပေါ့.. မြင်ဖူးတယ်လေ… ဟိုနား ဒီနား… ဘယ်နားလဲဆို မပေါ်လာတော့ဘူး… ဟုတ်ပါတယ်.. မြန်မာလူမျိုး တော်တော်များများဟာ ပတ္တလားကို မြင်ဖူးကြပါတယ်… တေ့တေ့ဆိုင်ဆိုင် တွေ့ဖူးလားဆိုရင်တော့ အင်း.. အဲတွေ ဖြစ်သွားရော… တကယ်လည်း ပတ္တလားကို ဘယ်နားသွားကြည့်ရမယ်မှန်းမှ မသိတာလေ.. ဒီတော့ အက်ဒ်မင်က ယောင်းတို့ကို ပတ္တလားအကြောင်း ပြောပြပေးပါ့မယ်… ပြောပြဆို ပတ္တလားက ဟိုးရှေး ဘုရင်တွေ လက်ထက်တုန်းကတည်းက တော်ဝင်မိသားစုတွေကို ဖျော်ဖြေရတဲ့ ပွဲတွေမှာ မပါမဖြစ်ပဲလေ… အရင်ခေတ် အနိမ့်သဘင်.. အင်း.. မြေဝိုင်းပဲ ထားကြပါစို့ရဲ့.. အဲ့လို ပွဲတွေမှာတောင်မှ ပတ္တလားလေးတစ်လုံး၊ စည်း၊ ဝါး စတာလေးရှိရင် ကပြဖျော်ဖြေလို့ ရခဲ့ပြီကိုး… ဆိုတော့ မြန်မာ့ရိုးရာ တီးဝိုင်းတွေမှာ မပါမဖြစ်လို့တောင် ဆိုလို့ ရပါတယ်…

အဲ..အဲ… ပတ္တလားဆိုမှ အနောက်တိုင်းမှာလည်း ပတ္တလား တူရိယာရှိသေးတယ်နော်.. မြန်မာ့ပတ္တလားနဲ့ အတော်ကွာပေမဲ့ တီးခတ်ရပုံချင်းတော့ ဆင်တူပါတယ်.. ဒါမဲ့ ခုတော့ မြန်မာ့ပတ္တလားအကြောင်းပဲ အရင်ပြောပြမယ်နော်…

အက်ဒ်မင်ပိစိလေးတုန်းက ဟိဟိ

ပတ္တလားကို ဝါးနဲ့လုပ်ပါတယ်။ ဟင်.. ပတ္တလားကို ဝါးနဲ့ မလုပ်လို့ ဘာနဲ့ လုပ်ရဦးမလဲလို့ မေးလာခဲ့ရင်… ဟုတ်ကဲ့… သစ်သားနဲ့လည်း လုပ်သလို သံနဲ့ လုပ်တဲ့ ပတ္တလားလည်း ရှိပါတယ်။ သစ်သားပတ္တလားက ဝါးပတ္တလားနဲ့ယှဉ်ရင် အသံသြပါတယ်။ အသံမကြည်တာတွေရှိတတ်ပါတယ်။ သံပတ္တလားကတော့ များသောအားဖြင့် အချို့သော ဆိုင်းဝိုင်းတွေမှာ သုံးလေ့ရှိတာမျိုးပါ။ သူကတော့ ကြေးနောင်လို အသံမျိုးထွက်တတ်ပါတယ်။

ပတ္တလားအကြောင်းကို စပြောရမယ်ဆိုရင်တော့ဖြင့် သုံးပိုင်း ခွဲပြီး ပြောရမှာပါ။ ပတ္တလားရွက် (ပတ္တလားဆံ)၊ ပတ္တလားအိမ်နဲ့ လက်ခတ်ပါ။ ကဲ.. ဒါဆို ပတ္တလားရွက်အကြောင်း အရင်ကြည့်ကြရအောင်နော်…

အက်ဒ်မင့် ဘဘဆရာက တယောထိုး၊ အက်ဒ်မင်က ပတ္တလားတီး.. ထောင့်နားလေးက ပုံးလိုလို ဟာကြီးက ဒုံမင်းတဲ့.. အဲ့အကြောင်း နောက်မှ ရေးပေးမယ်နော်…

ပတ္တလားရွက်မှာ ပတ္တလားဆံ ၂၄ခု ပါပါတယ်။ ငယ်ငယ်က သင်ခဲ့ဖူးတယ် ဟုတ်? ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ တီ ဆိုတဲ့ သံစဉ် ၇မျိုးလေ.. အလွယ်ပြောရရင် အဲဒီ သံစဉ်၇မျိုးကိုမှ ဘယ်သံ (အသံကြီး) ၊ အသံလတ် နဲ့ အသံသေး (ညာသံ) ဆိုပြီး ၃ခု စီလိုက်ပါတယ်။ ညာသံ ဆို၊လာ၊တီ နဲ့ ဆုံးသွားပြီးတဲ့နောက်မှာ အပိုဆောင်းအဖြစ် ဒို၊ရေ၊မီ အသံမြင့် သုံးခု ထည့်ထားတာကြောင့် နဂို သုံးမျိုး အတွက် ပတ္တလားဆံ ၂၁ခု ၊ ထပ်ဆောင်း ဒို၊ရေ၊မီ သုံးခုနဲ့ဆိုတော့ ပတ္တလားရွက် တစ်ခုမှာ ပတ္တလားဆံ ၂၄ ခုဖြစ်သွားပါတယ်။

ပတ္တလားဆံတွေကိုတော့ စောစောက ပြောခဲ့သလို ဝါး၊ သစ်သား၊ သံတို့နဲ့ လုပ်တတ်ကြပါတယ်။ ပတ္တလားရွက်ကြီး တစ်ခုလုံးဖြစ်လာဖို့ ပတ္တလားဆံတွေကို ကြိုးနဲ့သွယ်ရတာပေါ့.. တစ်နေရာရာကို သွားမယ်ဆိုရင် ပတ္တလားရွက်ကလေးကို အိမ်ကနေဖြုတ်၊ လိပ်ယူသွားလို့ရပါတယ်။ ပြန်ဆင်တဲ့အခါမှာတော့ ကြိုးနဲ့ သွယ်ထားတဲ့ ဘေးချင်းကပ်လျက် ပတ္တလားဆံတွေ တစ်ခုနဲ့ တစ်ခု ကပ်သွားတတ်တာမို့ ပြန်ခွာရတာတော့ အလုပ်ရှုပ်ပါတယ်။ ပြီးတော့ ကပ်သွားတဲ့အခါမှာ ပတ္တလားဆံတွေတင် ကပ်သွားတာမဟုတ်ဘဲ အသံပါ ကပ်ပြီး မထွက်လာတော့တာမို့ ကိုယ်အဆင်ပြေတဲ့ အနေအထားထိ ပတ္တလားဆံတွေကို ခွာပြီးစီ၊ ပြီးရင်တော့ အသံကပ်၊မကပ် ပြန်စမ်းဖို့ ကိုယ်နှစ်သက်ရာ တီးလုံးတစ်ခုကို တီးပြီး စမ်းသပ်လို့ရပါတယ်။ ဒါကိုတော့ အသံစမ်းတီးလုံးလို့ ခေါ်တာပေါ့ ယောင်းတို့ရယ်…

ဒါက Myanmar Times က ယူလာတဲ့ပုံပါ။ ပတ္တလားအိမ်မရှိလည်း ပတ္တလားရွက်ကို အဲ့လို ချိတ်ပြီး တီးလို့ရပါတယ်

အသံစမ်းတီးလုံးတီးတဲ့အခါ ပတ္တလားဆံတွေ အားလုံးကို ထိဖို့ လိုပါတယ်။ ဒီ အသံစမ်းတီးလုံးကတော့ အတည်တကျ မရှိပါဘူး။ တီးခတ်သူ တစ်ဦးတစ်ယောက်ချင်းစီပေါ်မူတည်ပြီး နှစ်သက်ရာ သံစဉ်ကို ပုံဖော်တီးခတ်ရတာမို့ ဒါကလည်း တီးခတ်သူရဲ့ အရည်အချင်းကို ဖော်ပြနိုင်တဲ့ တီးလုံးပါပဲ.. သမားစဉ်အရဆိုရင်တော့ အသံစမ်း တီးလုံး ကို တီး၊ ပတ္တလားဆံတွေရဲ့ အနေအထားတွေ အားလုံးကို စစ်ဆေးပြီး စိတ်ချရပြီ၊ အဆင်ပြေပြီ ဆိုတဲ့အခါမှာ လက်စွမ်းပြတီးလုံး ကို တီး (ဒါလည်း တီးခတ်သူ စိတ်ကြိုက်ဖန်တီးထားတဲ့ တီးလုံးပါပဲ) ပြီးတော့မှ ကိုယ်တီးစရာရှိတဲ့ သီချင်းကို တီးခတ်ကြတာပါ။

အယ်လဲ့ ဒါက ဗဟိုအဆင့်ရောက်သွားပြီ

Related Article >>> ဒေသတွင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ တစ်ခေတ်တစ်ခါက “မြဂနိုင်” ရုပ်ရှင်

နောက်.. ဒုတိယတစ်ပိုင်းဖြစ်တဲ့ ပတ္တလားအိမ်ပေါ့.. သူ့ကိုတော့ သဘာဝ အသံချဲ့စက် (ဆောင်းဘောက်စ်) လို့ ခေါ်မလားပဲ.. လောင်းလှေသဏ္ဍာန်ရှိပြီး အပြင်က မြင်ရသလို ဟောင်းလောင်းကြီးတော့ မဟုတ်ပါဘူး။ ဘယ်လိုခေါ်မလဲ…. ပတ္တလားအိမ်အတွင်းမှာ ပိတ်ထားပါတယ်။ ပိတ်ထားတယ်ဆိုတာကကွယ်.. ဟိုးအောက်ခြေကနေ အတုံးလိုက်ကြီးတော့မဟုတ်ဘူး။ အဖုံးလေးလိုပေါ့… အသေဖုံးထားတာမျိုးလေ… အဲ့ အဖုံးက ပတ္တလားအိမ် အပေါ်ဆုံးမှာ ပိတ်ထားတာမဟုတ်ဘူးရယ်.. ပတ္တလားအိမ် အနားသတ်ရဲ့ အောက်ဘက် တစ်လက်မလောက် အကွာမှာ ပိတ်ထားတာပါ။ (များသောအားဖြင့်ပေါ့.. ဒါတော့ ပြုလုပ်သူပေါ် မူတည်ပါတယ်)

ပတ္တလားအိမ်ရဲ့ အလယ်တည့်တည့်မှာတော့ လက်ခတ်ထည့်ဖို့ လေးထောင့် အပေါက်လေးပါပါတယ်။ အဲ့ထဲ လက်ခတ်ထည့်ပြီး သိမ်းထားလို့ ရပါတယ်။ ပတ္တလားအိမ်လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ပတ္တလားအသံကို ပိုကျယ်စေဖို့ (ပြောခဲ့သလိုပေါ့ သဘာဝ ဆောင်းဘောက်ပုံစံမျိုး) ၊ ပြီးတော့ ပိုပြီး ကြည်လင်စေဖို့ ၊ အသံသာစေဖို့ပါ။ နိုင်ငံတော်အဆင့်ဧည့်ခံပွဲတွေ ဘာတွေမှာ သုံးမယ်ဆိုရင် ဒါမှမဟုတ် ဝိုင်းကြီးတွေ၊ စင်မြင့်တွေမှာ သုံးမယ်ဆိုရင်တော့ မှန်စီရွှေချ ပတ္တလားအိမ်တွေ သုံးလေ့ရှိပါတယ်…

ပွဲတိုင်းကျော် အက်ဒ်မင်လေး <3 ကွကိုယ် ချစ်လက်ထှာလေ ဟေးဟေး

နောက်တစ်ခုကတော့ လက်ခတ်ပေါ့။ လက်ခတ်ကို လုပ်တဲ့အခါမှာ ထိပ်မှာ အလုံးလေးပါတဲ့ သစ်သားချောင်းရဖို့ အရင်ပုံဖော်ရပါတယ်။ အဲဒီ အလုံးလေးပေါ်မှာမှ ဂွမ်း ဒါမှမဟုတ် မှို့ တို့လို အိအိထွေးထွေး အရာတွေပတ်ရပါတယ်။ ပြီးတော့မှ အပေါ်ကနေ သက္ကလပ်စလို ကြမ်းကြမ်းစဖြစ်ဖြစ်၊ ကတ္တီပါလို အသားနုနုပဲဖြစ်ဖြစ် တီးခတ်သူရဲ့ အကြိုက်ပေါ်လိုက်ပြီး ပတ်လိုက်ရင် လက်ခတ်ရပါပြီ။ အချို့ကတော့ စောစောက သစ်သားချောင်းပေါ်မှာ မှို့တွေ၊ ဂွမ်းတွေ မပတ်တော့ဘဲ အဝတ်စပတ်ပြီး လုပ်ကြတာမျိုးလည်း ရှိပါတယ်။ အတွင်းမှာ ပျော့ပျောင်းပြီး အပြင်မှာ အနည်းငယ် မာဟန်ရှိတဲ့ ခပ်တင်းတင်း လက်ခတ်ကတော့ တီးခတ်ရ အကောင်းဆုံး လက်ခတ်ပါပဲ။

အဲ..လက်ခတ်ဘုသီး အပေါ်ဆုံးက ပတ်ထားတဲ့ အဝတ်စ အမျိုးအစားပေါ်လိုက်ပြီး ပတ္တလား အသံထွက်ကလည်း ကွာတတ်ပါသေးတယ်.. သက္ကလပ်စလို အဝတ်မျိုးသုံးတဲ့အခါ ပတ္တလားသံက ရှတတအက်သံလေး ပါတတ်ပြီး ကတ္တီပါလို အဝတ်မျိုး သုံးတဲ့အခါမှာတော့ အသံက နုနုလေး ထွက်တတ်ပါတယ်။ နောက် လက်ခတ်ကိုင်ပုံ အဖိအဖော့ ဟန်နဲ့ မာန်ပေါ် မူတည်ပြီးတော့လည်း အသံထွက်ကွာတတ်ပါသေးတယ်.. (အက်ဒ်မင့် လက်သံဆို တစ်ခါကြားပြီး တစ်နှစ်လောက်ထိ နားထဲစွဲတယ်တဲ့.. အယ်လယ်… ကြုံကြွား ငိငိ)

ကဲ… ဒီလောက်ဆို ပတ္တလားအကြောင်းလည်း နည်းနည်းပါးပါးတော့ သိသွားလောက်ပြီနော်.. နောက်ထပ် ပတ္တလားပြုလုပ်ပုံတွေ၊ အခြေခံ သံစဉ်တွေ၊ အခြေခံ ကြိုးသီချင်းတွေနဲ့ အခြားသော တူရိယာအကြောင်းတွေကိုလည်း အလျဉ်းသင့်သလို ဖော်ပြသွားပေးဦးမှာမို့ စောင့်ပြီး ဖတ်ပေးကြပါဦး ယောင်းတို့ရေ… ကိုယ့်ရိုးရာကို ကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူက လာတန်ဖိုးထားမလဲနော်…

ချစ်တဲ့..

Libra (For Her Myanmar)

Leave a Reply

Your email address will not be published. Required fields are marked *