Knowledge Women News

မင်းသမီးကြီးမေရှင်အကြောင်း တစေ့တစောင်း

အစစအရာရာ ပြည့်စုံတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဆိုတာ ချောမောလှပနေရုံနဲ့ မပြည့်စုံဘူးဆိုတာ သူမက သက်သေပါပဲ….. 

တကယ်တော့ ရှေးခေတ်မြန်မာအမျိုးသမီးတွေအကြောင်း ပြောရတာဂုဏ်ယူရပါတယ်။ အထူးသဖြင့် လမ်းသစ်ဖောက်အောင်မြင်ကြတဲ့ အမျိုးသမီးကြီးတွေအကြောင်းပေါ့။ နယ်ပယ်အသီးသီးမှာ အောင်မြင်ကြတဲ့ အမျိုးသမီးကြီးတွေအနက် ဒီတစ်ပတ်တော့ တစ်ခေတ်မှာ တစ်ယောက်လို အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးကြီးတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ သူမကတော့ မေရှင်ပါ။ သရုပ်ဆောင်အနေနဲ့တောင်မဟုတ်ဘဲ ဓာတ်ပြားရအဆိုတော်တစ်ဦးအဖြစ်ပါ အောင်မြင်ခဲ့သူပေါ့။ အက်ဒ်မင်ကတော့ သူမရဲ့အောင်မြင်ကျော်ကြားမှုကိုကြိုက်တာထက် လုပ်ရဲကိုင်ရဲတဲ့စိတ်ဓာတ်ကို နှစ်သက်တာပါ။

မေရှင်ဟာ ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြား လူချစ်လူခင်များတဲ့ မင်းသမီးတစ်ဦးဖြစ်ရုံသာမက ဂီတနယ်ပယ်မှာလည်း ထင်ရှားတဲ့အဆိုရှင်တစ်ဦးဖြစ်ပါတယ်။ မေရှင်ကို မြန်မာသက္ကရာဇ် ၁၂၇၈ခု၊ တပေါင်းလပြည့်ကျော် ၂ရက် (၁၉၁၇ မတ်လ ၁၀ရက်) စနေနေ့မှာ မွေးဖွားခဲ့ပြီး မန္တလေးသူတစ်ဦးဖြစ်ပါတယ်။ မိဘတွေကတော့ ပွဲစားကြီးဦးခင်လေးနဲ့ ဒေါ်ဖွားယွန်းတို့ပါ။ မွေးချင်းငါးဦးအနက် အထွေးဆုံးသမီးဖြစ်ပြီး ငယ်နာမည်က မသန်းရှင်ပါတဲ့… အေ၀မ်းရုပ်ရှင်မင်းသမီးဖြစ်လာပြီးမှ အေ၀မ်းရဲ့ထုံးစံအတိုင်း နာမည်ရှေ့မှာ မေတပ်ပြီး မေရှင်ဖြစ်လာခဲ့ပါတယ်။

Related Article >>> ရာဇဝင်ထဲက သူမ ( ဘုရင်မ ရှင်စောပု)

မေရှင်က အနုပညာကို ငယ်စဉ်ကတည်းက ၀ါသနာကြီးမားပေမယ့် မိဘတွေကတော့ ကျောင်းဆရာမသာဖြစ်စေချင်ခဲ့ပါတယ်။ မေရှင်တို့မျိုးရိုးကလည်း ကုန်သည်ပွဲစားမျိုးရိုးဖြစ်ပြီး အနုပညာနဲ့မနီးစပ်သူတွေပါ။ မေရှင်အဋ္ဌမတန်းအောင်မြင်ပြီး န၀မတန်းတက်ဖို့စောင့်နေတဲ့အချိန် နွေကျောင်းပိတ်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ အေ၀မ်းရုပ်ရှင်ကုမ္ပဏီက မင်းသမီးကြော်ငြာခေါ်တော့ မင်းသမီးအဖြစ်ဝင်လျှောက်လိုက်ပါတယ်။ အိမ်ကမသိအောင် လျှောက်လိုက်တာပါ။ သိပ်မကြာခင်မှာပဲ ခေါ်စာရောက်လာပါတယ်။ လူကြီးမိဘတွေက “နင် မဟုတ်တာ ဘာကြံတာတုန်း”ဆိုပြီး တံမြက်စည်းရိုးနဲ့ ရိုက်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အဲ့ဒီတုန်းက မိန်းကလေးတွေ ၀တ္ထုဖတ်ရင် ပျက်စီးမယ်၊ ရုပ်ရှင်ကြည့်ရင် ပျက်စီးမယ်ဆိုတဲ့ အတွေးတွေနဲ့ ချုပ်ချယ်ထားကြတဲ့ အချိန်ဖြစ်နေလို့ပါပဲ။

အဲဒီနောက်တော့ မေရှင်တို့ရဲ့မန္တလေးအိမ်ကို အေ၀မ်းရုပ်ရှင်ကို ပိုင်ဆိုင်တဲ့ မြန်မာအဆွေမိသားစုဝင်တွေရောက်လာပြီး လူကြီးတွေကို သေချာရှင်းပြမှ ခွင့်ပြုပေးခဲ့ပါတယ်။ မေရှင်ဟာ ရုပ်ရှင်လောကထဲဝင်ဝင်ချင်း ဖူးစာရှင် ဆိုတဲ့အသံတိတ်ကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ မေရှင်ပါဝင်တဲ့ မြှားနတ်မောင်ဆိုတဲ့ကားမှာ မေရှင်က မမထားအဖြစ် သရုပ်ဆောင်ခဲ့ပြီး အောင်မြင်ခဲ့ရာမှ မမထားဆိုပြီး လူတိုင်းပါးစပ်ဖျားမှာ ကျော်ကြားခဲ့ပါတယ်။ အသံထွက်ဇတ်ကားခေတ်မှာလည်း စောင်းတော်ရှင် မှာ မိန်းမလှကျွန်းသူအဖြစ် မချိတင်ကဲသရုပ်ဆောင်ခဲ့ရာမှာ ပရိတ်သတ်ရင်ကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယကမ္ဘာစစ်မီးလောင်ကျွမ်းပြီး ရုပ်ရှင်လောကကနေ ခေတ္တအနားယူခဲ့ကာ စစ်ပြီးခေတ်မှာမှ ပြန်လည်ရိုက်ကူးခဲ့ပါတယ်။

၁၉၅၁ခုနှစ်မှာတော့ အေ၀မ်းကုမ္ပဏီကနေ ထွက်ခဲ့ပြီး မြန်မာ့အသံမှာ တေးသံရှင်အဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ဒီအချိန်မှာလည်း သူမရဲ့သာယာချိုလွင်တဲ့အသံလေးကြောင့် ပရိသတ်တွေရဲ့အသည်းစွဲဖြစ်ခဲ့ပြန်ပါတယ်။ ဒါပေမဲ့လည်း ၀ါသနာကို တားဆီးမရတာကြောင့် မေရှင်ဟာ ရုပ်ရှင်လောကထဲ ပြန်လည်ဝင်ရောက်ပြီး သရုပ်ဆောင်ခဲ့ပါတယ်။ ၁၉၅၈မှာ မြန်မာ့အသံကအနားယူခဲ့ပြီး နိုင်ငံတော်အစိုးရက ချီးမြှင့်တဲ့ ၀ဏ္ဏကျော်ထင်ဘွဲ့ကို ရရှိခဲ့ပါတယ်။ သူမရရှိခဲ့တဲ့ဘွဲ့တံဆိပ်ကို မဟာမုနိရုပ်ရှင်တော်မြတ်ကြီးမှာ လှူဒါန်းခဲ့ပါတယ်။ မေရှင်ဟာ ဂီတလောကမှာလည်း မေရှင်ရယ်လို့ နာမည်တစ်လုံးနဲ့ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ စစ်ကြိုခေတ်က ဓာတ်ပြားပေါင်း ၄၈ပုဒ်လောက်ရှိတယ်လို့ သိရပါတယ်။ ရှေးဘုရင်၊ နန်းကေသီ၊ သက်ဝေ၊ ပျို့မှာတမ်း၊ အောင်ခြင်းရှစ်ပါး၊ ကျေးစေတမန် အစရှိတာတွေက လူကြိုက်များပါတယ်။

မေရှင်ဟာ အနားယူပြီးနောက်ပိုင်းလည်း ဒါန၊ သီလ၊ ဘာဝနာလုပ်ငန်းများကို တတ်အားသမျှလုပ်ဆောင်လို့ ၂၀၀၈ခုနှစ် စက်တင်ဘာ ၃ရက် အသက်၉၂နှစ်မှာ မန္တလေးမြို့မှာပဲ အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားပါတယ်။ မေရှင်မရှိတော့ပေမယ့်လည်း သူမရဲ့ပုံရိပ်နဲ့ တေးသံလေးတွေက သူမကိုချစ်တဲ့ပရိသတ်ရင်ထဲ အမြဲတမ်းရှင်သန်နေဦးမှာပါ။

Amber(ForHerMyanmar)

Leave a Reply

Your email address will not be published. Required fields are marked *