မြောက်ကိုရီးယားက အမျိုးသမီးတွေရဲ့ ဘဝ

ဘယ်လိုတောင်လဲ.. တွေးလို့တောင်မရ… 🙁

မြောက်ကိုရီးယားဟာ ပြိုင်စံရှား လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အာဏာရှင်တွေ အမှောင်ချ ပုံသွင်းထားတဲ့ လူနေမှုပုံစံကြောင့် ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နိုင်ငံပါ။ မြောက်ကိုရီးယားမီဒီယာတွေမှာတော့ နတ်ဘုံသဖွယ် ကြီးကျယ်ခမ်းနားသလို ထုတ်လွှင့်တင်ဆက်ပြီး ဝါဒဖြန့်နေပေမဲ့ တကယ့်မြေပြင်အခြေအနေကတော့ ငရဲခန်းပါပဲ။

မြောက်ကိုးရီးယားဟာ ကမ္ဘာပေါ်မှာ စိတ်ဆင်းရဲစရာအကောင်းဆုံး နိုင်ငံဖြစ်ပြီး အမျိုးသမီးအခွင့်အရေးတွေ အချိုးဖောက်ခံရဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

ဒါကြောင့် အက်ဒ်မင် ခုတစ်ခေါက်မှာတော့ ယောင်းတို့ကို မြောက်ကိုးရီးယား အမျိုးသမီးတွေရဲ့ ဘဝဇာတ်လမ်းအကြောင်းကို မျှဝေပေးမယ်နော်။ မြောက်ကိုရီးယားဟာ ယောကျာ်းတွေ အလွန်အမင်းကြီးစိုးတဲ့ လူအဖွဲ့အစည်းဖြစ်တာကြောင့် “အမျိုးသမီးအခွင့်အရေး” ဆိုတဲ့ စကားဟာ မြောက်ကိုရီးယား လူ့အဖွဲ့အစည်းမှာ လုံးဝမရှိသလို လက်လည်း လက်မခံကြပါဘူး။

မြောက်ကိုရီးယားမှာ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ အင်မတန်ပေါများပါတယ်။မုဒိမ်းမှု ကို ဘယ်သူကမှ ထုတ်မပြောနိုင်သလို ဘယ်သူကမှလည်း မုဒိမ်းမှုကို အရေးယူဆောင်ရွက်ပေးမှာမဟုတ်ပါဘူး။ ဖြစ်လွန်းအားကြီးလို့ မုဒိမ်းမှုဆိုတာ ပုံမှန်ဖြစ်နေကျအရာ၊ ဂရုစိုက်စရာ မလိုတဲ့ အရာလို့တောင် မြောက်ကိုရီးယား လူ့အဖွဲ့အစည်းမှာ သတ်မှတ်ထားကြပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ နေရာတိုင်းမှာ ကြုံရတဲ့ အရာပါ။ ပိုဆိုးတာက မြောက်ကိုရီးယားဟာ အမျိုးသမီးအားလုံးအတွက် အရွယ်ရောက်တာနဲ့ စစ်မှုမထမ်း မနေရတဲ့စနစ်ကို ကျင့်သုံးပါတယ်။ ဒါကြောင့် အမျိုးသမီးတော်တော်များများဟာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို ဘယ်လိုမှ ရှောင်လွှဲလို့မရပါဘူး။ မုဒိမ်းမှုကို အရေးမယူတဲ့နိုင်ငံမှာ မိန်းကလေးတွေ စစ်ထဲဝင်ရတာဟာ ငရဲတွင်းထဲ ရောက်သလိုပါပဲ။

ဒါကြောင့် မြောက်ကိုရီးယားမှာ မိဘတွေဟာ သူတို့ သမီးမိန်းကလေးတွေ ကျောင်းပြီးလို့ စစ်ထဲဝင်တဲ့အခါမှာ IUD (သူတို့မြောက်ကိုရီးယားတွေအခေါ် “ချိတ်”) ဆိုတဲ့ ကိုယ်ဝန်တားပစ္စည်းကို ထည့်ပေးတတ်ကြပါတယ်။အချိန်မရွေး မုဒိမ်းကျင့်ခံရနိုင်တဲ့ အန္တရာယ်ရှိနေလို့ပါတဲ့။ (ဒါလေးသုံးခွင့်ပြုထားတာတောင် ကျေးဇူးတင်ရမယ်။

အမျိုးသမီးတစ်ယောက်ဆို သူမစစ်မှုထမ်းနေတဲ့ကာလ တစ်လျှောက်လုံး မုဒိမ်းကျင့်ခံရတာကြောင့် မခံစားနိုင်တော့ဘဲ သူမ ညဂျူတီကျတဲ့အချိန်မှာ စစ်အရာရှိအားလုံးကို ပစ်သတ်ပြီး တစ်ချိန်တည်းမှာပဲ သူမကိုယ်သူမ သတ်သေသွားခဲ့တဲ့ ဖြစ်ရပ်မျိုးရှိခဲ့တယ်လို့ မြောက်ကိုရီးယားကနေ ထွက်ပြေးလာပြီး ယခု တောင်ကိုရီးယားမှာ အခြေချနေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အမျိုးသမီး တော်တော်များများဟာ မုဒိမ်းမှုရဲ့ သားကောင်တွေ ဖြစ်နေကြပေမဲ့ အလွန်အကျွံ victim-blaming (ခံရတဲ့သူကိုသာ ဝိုင်းပြီးအပြစ်တင်ခြင်း) လုပ်တတ်တဲ့ လူ့အဖွဲ့အစည်းဖြစ်တာကြောင့် ဘယ်သူ့ကိုမှ မတိုင်တန်းရဲဘဲ မြိုသိပ်ထားကြရပါတယ်။

မြောက်ကိုရီးယားက ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသမီးလေး

လူမှုဘဝမှာလည်း မြောက်ကိုရီးယား အမျိုးသမီးတွေဟာ သူတို့ယောကျာ်းအပေါ် အလုံးစုံအပ်နှင်းပြီး အလုပ်အကျွေးပြုကြရပါတယ်။ ကိုယ်က ထမင်းငတ်နေရင်တောင် ယောကျာ်းကိုတော့ အငတ်ထားလို့ မရပါဘူး။ မရရတဲ့နည်းတဲ့ လုပ်ကိုင်ရှာကျွေးရပါတယ်။

ဒါကြောင့် အမျိုးသမီးတွေဟာ breadwinnerလို့ ခေါ်တဲ့ တစ်မိသားစုလုံးအတွက် ငွေရှာပေးရ၊ အလုပ်လုပ်ပေးရတဲ့ အိမ်ထောင်ဦးစီး ဖြစ်လာပါတယ်။ ဘယ်လိုနည်းနဲ့ ရှာကျွေးကြလဲဆိုရင် တရုတ်ကနေ ခိုးသွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ရပ်ကွက်ဈေးလေးတွေထဲမှာ အသက်စွန့်ရောင်းပြီး မိသားစုကို ရှာကျွေးကြရပါတယ်တဲ့။

လယ်အလုပ်လုပ်ပြီး ရှာကျွေးလို့ရပေမဲ့ ဝင်ငွေက နှစ်ပဲတပြားသာရတာမို့ မြောက်ကိုရီးယားအမျိုးသမီးတွေဟာ အသက်စွန့်ပြီး စီးပွားရှာကြရပါတယ်။ ဒါက လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။ တင်းကြပ်လွန်းတဲ့ စည်းကမ်းတွေအောက်မှာ အာဏာပိုင်တွေဟာ ဘယ်သူ့ကိုမဆို ဘယ်နေရာမှာဖြစ်ဖြစ် အချိန်မရွေး ဖမ်းဆီးသတ်ဖြတ်နိုင်ပါတယ်။ ဒီလုပ်ရပ်ဟာ မိလို့ကတော့ ဖမ်းဆီး နှိပ်စက်ခံရမှာ အသေအချာပဲ ဖြစ်ပေမဲ့ သူတို့မှာ ရွေးချယ်စရာ မရှိပါဘူး။

ဒီလို စီးပွားရှာပေးလို့ ကောင်းကောင်းမွန်မွန် ဆက်ဆံခံရလားဆိုတော့လည်း နိုးပါ။ မြောက်ကိုရီးယားမှာ ဒီလို ဆိုရိုးစကားရှိပါသတဲ့ “မိန်းမတိုင်းဟာ အကျင့်ပျက်ပြီး ညစ်ပတ်ကြတာမို့ အပြစ်ကင်းပြီး သန့်ရှင်းတဲ့သူကို မြင်ချင်ရင်တော့ မွေးကင်းစမိန်းကလေးပဲ သွားကြည့်ပါ” တဲ့။

မြောက်ကိုရီးယားမှာ အတွေးအခေါ်ကအစ အဆိပ်ခတ်ခံရတာကြောင့် အမျိုးသမီး အများစုဟာ အိမ်တွင်းအကြမ်းဖက်မှု ရဲ့ သားကောင်တွေ ဖြစ်လာကြပါတယ်။ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယားအမျိုးသမီးတွေရဲ့ ပြောကြားချက်အရ မြောက်ကိုရီးယား ယောကျာ်းတွေဟာ အရက် သိပ်သောက်ပြီး မူးလာတဲ့အခါ၊ ဒါမှမဟုတ် မိန်းမတစ်ယောက်ကို စိတ်ဆိုး၊စိတ်အလိုမကျတဲ့အခါ အလွယ်တကူ ဆံပင်ဆောင့်ဆွဲပြီး ရိုက်နှက်ကန်ကျောက်နိုင်ကြပါတယ် ။ ဘယ်သူမှလည်း ဝင်ဆွဲမှာမဟုတ်ပါဘူး။

ငရဲခန်းက လွတ်မြောက်လာပြီးတဲ့နောက်

ဘာလို့လဲဆို မြောက်ကိုရီးယားလူ့အဖွဲ့အစည်းဟာ ယောကျာ်း ရိုက်နှက်တာခံရတဲ့ အမျိုးသမီးကို ဒုက္ခခံရသူ(victim) အနေနဲ့ မမြင်ဘဲ “ဒီမိန်းမက ယောကျာ်းက ရိုက်ရတဲ့အထိ အတော်လေးဆိုးရွားနေတဲ့ မိန်းမပဲ” ဆိုပြီး တွေးတတ်ကြလို့ပါပဲ။ ကူကယ်ရာမဲ့ အမျိုးသမီးတွေခမျာ တိုင်တန်းဖို့ရာ ဝေလာဝေးပေါ့။

Related Article >>> အောင်မြင်လွန်းတာကြောင့် တစ်ချိန်က မြောက်ကိုရီးယားတွေပြန်ပေးဆွဲတာ ခံခဲ့ရတဲ့ မင်းသမီးကြီး ချွဲအွန်ဟီး

နောက်တစ်ခုကတော့ မြောက်ကိုရီးယားမှာ နိုင်ငံခြားရုပ်ရှင်တွေ ပေးမကြည့်ပါဘူး။ မိတာနဲ့ သေဒဏ်ပါပဲ။ လူ့အခွင့်အရေးလှုပ်ရှားသူ (တစ်ချိန်က မြောက်ကိုရီးယားသူဖြစ်ခဲ့သူ) ပတ်ယွန်မီကတော့ သူ(မ) သူငယ်ချင်းရဲ့အမေဟာ ဟောလီးဝုဒ်ရုပ်ရှင် ကြည့်တာလေးနဲ့ လူတွေရှေ့မှာ သေဒဏ်စီရင်ခံရတာကို မြင်ခဲ့ဖူးတယ်လို့ မျက်ရည်စက်လက်နဲ့ ဆိုပါတယ်။

ဟောလီးဝုဒ်ရော တောင်ကိုရီးယားကားရော ဘာကားမှ ကြည့်ခွင့်မရှိပါဘူး။ နေရထိုင်ရတာ အတော်လေး မွန်းကျပ်လိုက်မယ့် ဖြစ်ချင်းကွယ်….အာဏာရှင်တွေများ ကြောက်ဖို့ကောင်းလိုက်တာ…

မြောက်ကိုရီးယားအမျိုးသမီးတွေ ဂုဏ်ယူတဲ့ အလုပ်နှစ်ခုရှိပါတယ်။ အဲဒါကတော့ ယာဉ်ထိန်းရဲမေ အလုပ်နဲ့ ခေါင်းဆောင်ကြီးကင်မ်ကို အလုပ်အကျွေးပြုရတဲ့ ဖျော်ဖြေရေးမယ်တွေပါပဲ။ ဒီအလုပ်အကိုင်နှစ်ခုဟာ အချောဆုံး အလှဆုံးလေးတွေကို မြောက်ကိုရီးယားခေါင်းဆောင်ကိုယ်တိုင်က စိတ်ကြိုက်ရွေးချယ်ထားတဲ့အလုပ်မို့ အတော်လေး ဂုဏ်ရှိတဲ့ အလုပ်လို့ ခံယူထားကြပါတယ်။

နောက်ထပ် ထူးခြားတာတစ်ခုကတော့ မြောက်ကိုရီးယားရဲ့ စာသင်ခန်းတွေမှာ မြောက်ကိုရီးယားအာဏာရှင်တွေရဲ့ ဘုန်းတော်ဘွဲ့တွေ၊ သူတို့ရဲ့ ခမ်းနားတဲ့ဘဝဇာတ်ကြောင်းတွေ၊ တန်ခိုးတွေနဲ့ ဝါဒဖြန့် စာပေတွေသာ သင်ရတာမို့ ဆရာမလုပ်ဖို့ သင်ကြားရေး အရည်အချင်းတွေ သိပ်မလိုအပ်ပါဘူး။

ပတ်ယွန်မီရဲ့ စာအုပ်

အဲဒီအစား အင်တာဗျူးမှာ အကော်ဒီယံကို ဂုဏ်ထူးထွက်အောင် အထာကျကျ တီးတတ်ဖို့ပဲ လိုပါတယ်တဲ့။ အကော်ဒီယံကို ကောင်းကောင်းတီးတတ်ရင် ဆရာမလုပ်လို့ရပြီ။ အတော်လေး ဆန်းကြယ်သားနော်။

ဒါကတော့ အက်ဒ်မင် တီးခေါက်မိတဲ့ မြောက်ကိုရီးယားအမျိုးသမီးတွေရဲ့ ဘဝအခြေအနေပါပဲ။ မြောက်ကိုရီးယားအစိုးရဟာ ထွက်ပြေးတဲ့သူတွေကို မိရင် ဆွေမျိုးတွေအထိ ရှာဖွေပြီး ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်လေ့ရှိပေမဲ့ မြောက်ကိုရီးယားအမျိုးသမီးတွေကတော့ အင်မတန်ရဲရင့်ကြတဲ့သူတွေပါ။

“သေရင် မြေကြီး ရှင်ရင်ရွှေထီး”ဆိုတဲ့ ထုံးကို နှလုံးမူပြီး လွတ်မြောက်အောင် ကြိုးစားကြပါတယ်။အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီး လွတ်မြောက်လာတဲ့သူတွေလည်း ရှိသလို  မိသွားလို့ မိသားစုလိုက် ဆွေမျိုးလိုက် သတ်ဖြတ်ခံလိုက်ရတာတွေလည်း ဒုနဲ့ဒေးပါပဲ။

 သူမဘဝအကြောင်း ပြောပြရင်းနဲ့ ငိုချမိတဲ့ ယွန်မီ

အရင်တုန်းကဆို မြောက်ကိုရီးယားကို ဆင်းရဲတယ်ဆိုတာလောက်ပဲ သိထားခဲ့တာ။ ခုလောက်ထိ အာဏာရှင်ဆန်ပြီး သက်ဦးဆံပိုင်စနစ်မျိုး ကျင့်သုံးနေမှန်း မသိခဲ့ပါဘူး။ ဒါတွေသိပြီးတဲ့ နောက်ပိုင်းမှာ အက်ဒ်မင်ကတော့ “ကိုယ့်နိုင်ငံက အများကြီးတော်သေးပါလား မြောက်ကိုရီးယားမှာ လူသွားမဖြစ်တာ ကံကောင်းလေခြင်း “ဆိုပြီး ကိုယ့်ရဲ့ ဖြစ်တည်မှုကို အကောင်းဘက်ကနေ မြင်လာခဲ့ပါတယ်။

ယောင်းတို့လည်း မြောက်ကိုရီးယားမှာ နေရတဲ့ ဘဝကို သေချာသိချင်ရင် ဆရာစိန်ဝင်းစိန် ဘာသာပြန်ပြီး ပတ်ယွန်မီ (ယွန်မီပတ်) ရေးတဲ့ in order to liveကို ဖတ်ကြည့်ဖို့ recommendပေးပါရစေ။ အင်မတန်ကြေကွဲစရာ ကောင်းတဲ့ ဖြစ်ရပ်မှန်ဘဝတွေမို့ ရေးထားတာမို့ တစ်ရှူးထုပ်ကို ကြိုဆောင်ထားဖို့တော့ လိုမယ်နော်…

By
Mia ( For Her Myanmar )

Reference links: Being a woman in North Korean_Asian Boss on Youtube. Yeonmi Park_My Escape From North Korea on Youtube. PH radio podcast on Youtube.

No Comments Yet

Comments are closed