Interviews

“သာမန်လူတွေထက် ပိုစွမ်းဆောင်နိုင်တဲ့ မသန်စွမ်းတွေရှိပါတယ်” လို့ ဆိုလာတဲ့ ရေကူးအားကစားမယ် မအေးသောင်း

အခေါ်ခံရတာသာ မသန်စွမ်းဆိုပေမဲ့ စိတ်ဓာတ်တွေ သန်စွမ်းလိုက်ပုံများ…

ဒီတစ်ခါတော့ ယောင်းတို့ကိုမိတ်ဆက်ပေးချင်တာက ရေကူးအားကစားမယ် မအေးသောင်းဖြစ်ပါတယ်။ မအေးသောင်းဟာ ခြေထောက်မသန်သူ တစ်ဦးဖြစ်ပေမဲ့ ရေကူးအားကစားမယ်အဖြစ် ရပ်တည်နေသူတစ်ဦးဖြစ်သလို သူမလို မသန်စွမ်းတွေကို ကူညီထောက်ပံ့ပေးမယ့် စွမ်းအားစုဆိုတဲ့ အဖွဲ့ကိုလည်း တည်ထောင်ထားသူတစ်ဦးဖြစ်ပါတယ်။ မအေးသောင်းရဲ့ ကြံ့ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမှုတွေကို ယောင်းတို့ အားကျအတုယူနိုင်ဖို့ ဒီလိုမေးခွန်းလေးတွေမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေး – အစ်မ ရေကူးအားကစားကို ဘယ်အချိန်လောက်က စပြီး လေ့ကျင့်ဖြစ်ခဲ့တာလဲ။

ဖြေ – မကြာသေးပါဘူး၊ မနှစ်ကမှ စပြီးဆော့ဖြစ်တာပါ။

မေး – အစ်မ အားကစားလောကထဲကို ဝင်ရောက်ဖြစ်သွားပုံလေးကို ရှင်းပြပေးပါဦး။

ဖြေ – အစ်မ စပြီး အားကစားလုပ်ဖြစ်တာက အန်ကယ်ဦးရဲအောင်တင်ရဲ့ တိုက်တွန်းအားပေးမှုကြောင့်ပါ။ ပထမကတော့ အစ်မအားကစားလုပ်ဖို့ ယုံကြည်မှုမရှိခဲ့ဘူး။ အန်ကယ်စပြီး တိုက်တွန်းတုန်းက ဖြစ်ပါ့မလားအန်ကယ်ရယ်လို့တောင် ပြောမိခဲ့တယ်။ ရေကူးတယ်ဆိုတာက ခြေထောက်တွေ၊ လက်တွေကိုသုံးပြီးကူးရတာ။ သမီးက ခြေထောက်မသန်တော့ ကူးလို့ဖြစ်ပါ့မလားလို့တောင်ပြောမိခဲ့ပါတယ်။ အန်ကယ်က ရေကူးရင် သမီးခြေထောက်တွေ သန်မာလာလိမ့်မယ်လို့ အားပေးခဲ့ပါတယ်။ ဒီလိုနဲ့ အန်ကယ့် တိုက်တွန်းချက်ကြောင့်ပဲ အားကစားတွေလုပ်ဖြစ်ခဲ့ပါတယ်။

မေး – အားကစားနဲ့ပဲဖြစ်ဖြစ် တခြားပဲဖြစ်ဖြစ် အစ်မရဲ့လတ်တလော လှုပ်ရှားမှုလေးတွေရှိရင် ပြောပြပါဦးနော်။

ဖြေ – လတ်တလောကတော့ အစ်မတို့ စွမ်းအားစုအသင်းအတွက်ပဲ အလုပ်တွေ လုပ်ဖြစ်ပါတယ်။

မေး – လက်ရှိမြန်မာပြည်မှာဆို မိန်းကလေးတွေ အားကစားလုပ်တာကိုလည်း သိပ်အားပေးကြသေးဘူး၊ ဒီလိုအခြေအနေမျိုးမှာ အစ်မက မသန်စွမ်းလည်းဖြစ်၊ မိန်းကလေးလည်းဖြစ်ပေမဲ့ ရဲရဲဝံ့ဝံ့ပဲ အားကစားလောထဲကို ဝင်ရောက်ခဲ့တယ်၊ လက်ရှိမှာလည်း အားကစားလောကထဲ ရပ်တည်နေတယ်။ အဲဒီအပေါ် အစ်မရဲ့ခံစားချက်လေးပြောပြပေးလို့ရမလား။

ဖြေ – အစ်မအားကစားလောကထဲ မဝင်ရောက်ခင်မှာ ဘယ်လိုမှကို မဖြစ်နိုင်ဘူးဆိုတဲ့စိတ်က တခြားသူတွေပြောတာ မပြောတာထက် ကိုယ့်မှာရှိနေတာပေါ့နော်။ ဒါပေမဲ့ တကယ်တမ်း အားကစားလောကထဲ ဝင်ကြည့်တဲ့အခါမှာ ကိုယ်ထင်ခဲ့တာ မှားမှန်းသိလိုက်ရတယ်။ အားကစားလောကထဲမှာ ယောက်ျားလေး၊ မိန်းကလေး မခွဲခြားဘဲ အားကစားလုပ်နေကြသလို အစ်မတို့လို မသန်စွမ်းတွေလည်း အများကြီးပဲ အားကစားလုပ်နေကြတာတွေ့မြင်ရတယ်။ အဲဒီအချိန်မှာ အစ်မအားတက်လာတာပေါ့နော်။ အဲဒီလိုပဲ မသန်စွမ်းအားကစားလောကထဲမှာ ရပ်တည်ခဲ့သလို မသန်စွမ်းအားကစားလောကကို မြှင့်တင်ပေးချင်စိတ်နဲ့ စွမ်းအားစုဆိုတဲ့ မသန်စွမ်းအားကစားမြှင့်တင်ရေးအဖွဲ့တစ်ခုကို တည်ထောင်ခဲ့ဖြစ်ပါတယ်။

မေး – အစ်မတည်ထောင်ထားတဲ့ စွမ်းအားစု မသန်စွမ်းအားကစားမြှင့်တင်ရေးအဖွဲ့အကြောင်းလေး ရှင်းပြပေးပါဦး။

ဖြေ – အစ်မကိုယ်တိုင်ရယ်၊ အစ်မလိုမ သန်စွမ်းတွေရယ် အားလုံးစုသွားအောင်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ ဒီအဖွဲ့ကို တည်ထောင်ခဲ့တာပါ။ စွမ်းအားတွေ အားလုံးစုသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စွမ်းအားစုလို့အမည်ပေးခဲ့တာပါ။

မသန်ပါ သို့သော် စွမ်းသည်

Related Article >>> မသန်ပေမဲ့ စွမ်းခဲ့တဲ့ အမျိုးသမီးများ

မေး – ဒီအဖွဲ့မှာ အစ်မတာဝန်ယူထားတဲ့ အပိုင်းကိုပြောပြပေးပါဦး။

ဖြေ – အစ်မက ဥက္ကဋ္ဌတာဝန်ယူထားပါတယ်။

မေး –  အစ်မမိသားစုကရော အစ်မအခုလိုအားကစားလုပ်တာကို၊ ထောက်ပံ့မှုတွေပေးတာ ဒါမှမဟုတ် ကန့်ကွက်တာတွေရှိပါသလား။

ဖြေ – အစ်မမိသားစုကတော့ ကန့်ကွက်တာလည်း မရှိသလို ထူးထူးထွေထွေအားပေးတာလည်းမရှိပါဘူး၊ ဒီလိုပါပဲ။

မေး – အစ်မအနေနဲ့ အရင်ကဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့အားကစားတစ်ခုကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပြီပေါ့နော်။ အဲဒီတော့ အစ်မအနေနဲ့ အစ်မတို့မသန်စွမ်းတွေဟာ သာမန်လူတွေနဲ့တန်းတူ ဘာမဆိုလုပ်နိုင်တယ်လို့ လက်ခံပါသလားရှင့်။

ဖြေ – လက်ခံပါတယ်။ အစ်မတို့ မသန်စွမ်းတွေဟာ သာမန်လူတွေနဲ့ တန်းတူအလုပ်လုပ်နိုင်တယ်။ တချို့မသန်စွမ်းတွေဆို သာမာန်လူတွေထက်တောင်ပိုပြီး လုပ်နိုင်ပါသေးတယ်။

မေး – မြန်မာနိုင်ငံမှာ မသန်စွမ်းတွေအပေါ် ခွဲခြားဆက်ဆံမှုတွေရှိတယ်လို့ ခံစားရတာမျိုးရှိလားအစ်မ။

ဖြေ – အဲဒီလိုတော့ ထူးထူးခြားခြားမရှိပါဘူး။ ပြီးခဲ့တဲ့နှစ်မှာတောင်မှ မသန်စွမ်းတွေရဲ့အခွင့်အရေးအတွက် ဥပဒေတွေ ရေးဆွဲလိုက်တယ်ဆိုတာ ကြားရတော့ အားတက်မိခဲ့ပါတယ်။ အရင်ကတော့ အလုပ်တွေမှာ မသန်စွမ်းဆိုရင် မခန့်ဘူးဆိုတာတွေတော့ ကြားခဲ့ရဖူးတာပေါ့။ အစ်မကိုယ်တိုင်ကြုံခဲ့တာလည်း ရှိပါတယ်။ ဆရာမအလုပ်တစ်ခု လျှောက်တဲ့အခါ မသန်စွမ်းမို့အလုပ်မရခဲ့ဘူး။ ဒါပေမယ့် အစ်မက အားမငယ်ခဲ့ပါဘူး။ အစ်မငယ်ငယ်လေးကတည်းကလည်း မသန်စွမ်းမို့အားငယ်တယ် ဆိုတာမျိုး မခံစားခဲ့ဖူးဘူး။ အဲဒီတုန်းက ဆရာမအလုပ်မရဘူးဆိုတော့လည်း ဝမ်းမနည်းခဲ့ဘူး။ အလုပ်မရလည်း ကိုယ့်ဘာသာဆရာမလုပ်မယ်ဆိုပြီး စာသင်ဝိုင်းထောင်ပြီး စာတွေသင်ခဲ့တယ်။

မေး – အစ်မအနေနဲ့ မသန်စွမ်းလူငယ်လေးတွေ စိတ်ဓာတ်ကျတာမျိုး အားငယ်တာမျိုးတွေ့ခဲ့ရင် ဘယ်လိုအားပေးခဲ့လဲ။

ဖြေ – မသန်စွမ်းတဲ့ကလေးတွေက နဂိုတည်းကအားငယ်တတ်တဲ့ စိတ်အခံလေးရှိတော့ စိတ်ဓာတ်ကျရင်အားပေးရတာ သူများတွေထက် ခက်တယ်။ ဒါပေမဲ့ သူတို့ကချက်ချင်းအားပေး ချက်ချင်းအားတက်တာမျိုးတော့ မဟုတ်ဘူး။ အဲဒီတော့ သာမန်လူတွေကိုအားပေးတာထက် သူတို့ကိုပိုပြီးအားပေးရတယ်။ အမျိုးမျိုးအဘက်ဘက်ကနေ စိတ်ဓာတ်ပြန်တက်လာအောင် အားပေးရတယ်။ ဖြည်းဖြည်းချင်းချော့ပြောရတယ် ။ အစ်မကိုယ်တိုင်ကိုရော ဘေးက အခြားမသန်စွမ်းအချို့ကိုရော နမူနာပြပြီး “မောင်လေး/ညီမလေး…  အစ်မတို့ သူတို့တောင်ကြိုးစားနေတာ မောင်လေး/ညီမလေး တို့လည်းလုပ်နိုင်မှာပါ။လုပ်ကြည့်လိုက်ပါ ကြိုးစားကြည့်လိုက်ပါ” အဲဒီလိုလေးတွေပေါ့လေ။ ကျွန်မကိုယ်တိုင်လည်း မသန်စွမ်းဆိုတော့ သူတို့စိတ်လေးတွေကိုပိုနားလည်တာပေါ့။

မေး – အစ်မရော စိတ်ဓာတ်ကျတဲ့အချိန်မျိုးကို ကိုယ့်ကိုယ်ကိုယ် ဘယ်လိုခွန်အားပြန်ပေးတတ်လဲ။

ဖြေ –  အစ်မစိတ်ဓာတ်ကျတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားပေးရတာကတော့ သြော် လူရယ်လို့ဖြစ်လာပြီပဲ၊ ဘာလို့လူလောကထဲ နေတဲ့အချိန်ကို အလကားသက်သက်ကုန်ဆုံးမလဲ၊ အခုအချိန်မှာ ကိုယ့်လမ်းကိုမြင်နေရပြီပဲလို့ အားပေးရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ခြေထောက်က ပြန်မကောင်းနိုင်တော့ဘူးလေ၊ အဲဒီတော့ ကိုယ်ရတဲ့ ဘဝနဲ့ပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်လို့ တွေးလိုက်တယ်။ အစ်မဘဝမှာ ဘာကြီးဖြစ်ချင်တယ် ဘာတွေဖြစ်ရမယ်လို့တော့ မတွေးမိဘူး။ ဘာပဲဖြစ်ဖြစ် ငါလုပ်နိုင်သမျှ အကောင်းဆုံးလုပ်သွားမယ်ဆိုတဲ့ အတွေးပဲရှိတယ်။ အစ်မဘေးက လူတွေကလည်း အားပေးကူညီကြပါတယ်။ အဲဒီလို အားပေးကူညီကြလို့လည်း အစ်မဘဝမှာ တစ်ခုခုလုပ်ဖို့ အားငယ်တာတွေ၊ ထိတ်လန့်ကြောက်ရွံ့တာတွေမရှိခဲ့ဘူး။ ဘာပဲလုပ်ချင်လုပ်ချင် စိတ်ကအပြည့်ပဲ။ အဲဒီလို စိတ်ဓာတ်အပြည့်နဲ့ပဲ ကြိုးစားခဲ့တယ်။

မေး –  အစ်မတို့စွမ်းအားစုအဖွဲ့ထဲကို မသန်စွမ်းတဲ့သူ တစ်စုံတစ်ယောက်ကပဲဖြစ်ဖြစ် ဆက်သွယ်ချင်တယ်၊ ဝင်ရောက်ချင်တယ်ဆိုရင် ဘယ်လိုဆက်သွယ်လို့ရမလဲ။

ဖြေ – အစ်မဖုန်းကိုဆက်လည်းရတယ်၊ ပြင်ဦးလွင်ကတာဝန်ခံတွေရဲ့ဖုန်းကိုဆက်လည်းရတယ်။ အစ်မတို့ကိုဆက်သွယ်လာရင်တော့ အစ်မတို့က ဘာဖြစ်လို့လဲ၊ ဘယ်လိုအခက်အခဲတွေရှိလို့လဲ၊ အစ်မတို့ကဘာကူညီပေးလို့ရမလဲ အဲဒီလိုတွေ မေးပါတယ်။ အဲဒီကနေ သူတို့နဲ့ အစ်မတို့နဲ့ချိတ်ဆက်ပြီး ဝင်ရောက်လို့ရပါတယ်။

ဒါကတော့ မအေးသောင်းရဲ့ဘဝအားမာန်နဲ့ ဘဝအတွေ့အကြုံတွေကနေ ထွက်ပေါ်လာတဲ့ စကားသံလေးတွေပါ။ ဒီအင်တာဗျူးကိုဖတ်ပြီး ယောင်းတို့အတွက် အားကျအတုယူစရာတွေရမယ်လို့ မျှော်လင့်ပါတယ်နော်။

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *