မင်္ဂလာဆောင်နဲ့ ပတ်သက်ပြီး ယောင်းတို့ သိချင်သမျှ အဖြေများ (သိလိုရာ မေးစေ)

မင်္ဂလာပွဲအတွက် ပြင်ဆင်ရင်း ဗျာများနေရတဲ့ ယောင်းလေးတို့ကို ဘယ်လို အကြံဉာဏ်လေးတွေများ ပေးထားလဲဆိုတော့..

ယောင်းတို့ရေ… ဒီတစ်ပတ်ရဲ့ သိလိုရာမေးအစီအစဉ်မှာ မင်္ဂလာပွဲနဲ့ ပတ်သက်သမျှ ယောင်းတို့ သိလိုတဲ့အကြောင်းမှန်သမျှကို မေးနိုင်ပါတယ်ဆိုပြီး ပို့စ်လေးတင်ခဲ့တာ မှတ်မိဦးမယ်ထင်ပါတယ်နော်.. ခုတော့ အက်ဒ်မင်တို့က Aroma ရဲ့ ပဲ့ကိုင်ရှင် ကိုအောင်မြတ်သူနဲ့ တွေ့ဆုံပြီး ယောင်းတို့ မေးထားတဲ့ မေးခွန်းလေးတွေကို မေးမြန်းပေးခဲ့ပြီးပါပြီ။ ဘာတွေမေးလို့ ဘာတွေဖြေခဲ့တယ်ဆိုတာကိုတော့ တူတူကြည့်ကြရအောင်နော်…

Q : မင်္ဂလာပွဲကိုစီစဉ်ဖို့အတွက် အဓိကဘာတွေလိုအပ်လဲ?

A : မင်္ဂလာပွဲကို စီစဉ်ဖို့အတွက်ဆို အဓိကက ဘယ်နေရာမှာဆောင်မလဲဆိုတာ အရေးအကြီးဆုံးပေါ့နော်။ ဘယ်ဟိုတယ်မှာဆောင်မလဲ ဘယ်နေရာဆောင်မလဲပေါ့။ ဒါပထမဦးစားပေး အရေးကြီးဆုံးပါပဲ။ ဒုတိယတစ်ခုကတော့ ဘယ် wedding service မှာအပ်မှာလဲ? ဒါကလည်း အရေးကြီးပါတယ်။ အဲဒီနှစ်ခုကို စဉ်းစားပြီးရင်တော့ ၉၀ ရာခိုင်နှုန်းက ပြည့်စုံနေပြီ၊ ပြီးပြီလို့ပြောလို့ရပါတယ်။

Q : ပရီဝက်ဒင် တွေက အရမ်းခေတ်စားလာတော့ ပရီဝက်ဒင်အတွက်ဆို ဘာတွေ ပြင်ဆင်လာရမလဲတဲ့?

A : ပရီဝက်ဒင် ရိုက်ဖို့ဆိုရင် အဓိကအားဖြင့် ညဘက်အိပ်ရေးဝဝအိပ်ခဲ့ဖို့ရယ်၊ ရေချိုးခဲ့ဖို့ရယ်ပဲ လိုအပ်ပါတယ်။ ဒါမှ လန်းလန်းဆန်းဆန်းနဲ့ အလှဆုံး ရိုက်နိုင်မှာပါ။ ပြီးတော့ ဘယ်အချိန်မှာ ရိုက်သင့်တယ် ဘယ်လောက်ခွာပြီး ရိုက်ရမယ်ဆိုပြီး အရမ်း တရားသေမထားသင့်ပါဘူး။ ဒီအမျိုးသားတစ်ယောက်နဲ့ ဒီအမျိုးသမီးနဲ့ မင်္ဂလာဆောင်ဖို့ သေချာသွားပြီ ဆုံးဖြတ်ချက်တွေခိုင်မာပြီး မင်္ဂလာပွဲကိုအကြမ်းဖျဉ်း သတ်မှတ်ပြီးသွားပြီ နှစ်ဖက်မိဘကလည်း သဘောတူသွားပြီဆိုရင် စ ရိုက်သင့်ပြီလို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ နှစ်ဦးနှစ်ဘက်ပေါင်းစပ်ပြီး မင်္ဂလာပွဲလုပ်ရတယ်ဆိုတာ လူနှစ်ယောက်တည်း ပေါင်းဖက်ရတာ မဟုတ်ဘဲ အသိုင်းအဝိုင်းတွေ ပေါင်းစည်းရတာမို့ မင်္ဂလာပွဲနီးလာလေလေ ခေါင်းစဉ်တပ်မရတဲ့ ပြဿနာတွေ များလာလေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပရီဝက်ဒင်က မင်္ဂလာပွဲရက်နဲ့ ဝေးလေလေ ပိုလှလေပါ။

Q : အသားညိုတဲ့လူတွေ၊ အသားဖြူတဲ့လူတွေ စသည်ဖြင့် အသားရောင်ကိုလိုက်ပြီး မင်္ဂလာဝတ်စုံအရောင် ဘယ်လိုရွေးချယ်ရမလဲ?

တော်တော်များများမှားနေကြတာ တစ်ခုက ဝတ်စုံကို အသားအရောင်နဲ့ပဲလိုက်ပြီး ရွေးချယ်ကြတာပါပဲ။ အမှန်တော့ ခန်းမရဲ့အရောင်ကိုလည်း ထည့်ပြီးရွေးရပါတယ်။ ဘာလို့လဲဆိုတော့ တော်တော်များများ သတို့သမီးလေးတွေက သူတို့အသားအရောင်နဲ့လိုက်တဲ့ ဝတ်စုံကို ရွေးချယ်သွားပေမဲ့ တကယ်တမ်း ခန်းမထဲရောက်တဲ့အခါ ခန်းမက မီးတွေ၊ အပြင်အဆင်တွေရဲ့ အရောင်တွေနဲ့ သိပ်မကိုက်လို့ မှိန်သွားတာမျိုး၊ ပျောက်သွားတာမျိုး ဖြစ်တတ်ကြတယ်။ ဒါကြောင့် ခန်းမမှာ သုံးတဲ့ အရောင်ကိုလည်း ဂရုစိုက်ပြီး ရွေးချယ်ရပါမယ်။ ပြီးတော့မှ အသားရောင်ကို လိုက်ပြီးရွေးပါ။ ဥပမာ အသားညိုတဲ့သတို့သမီးလေးတွေဆိုရင် ပန်းရောင်ဘက်သွားတဲ့အရောင်ကို မသွားသင့်ဘူးလို့ အကြမ်းဖျဉ်း အကြံပေးချင်ပါတယ်။ အသားဖြူတဲ့လူတွေကတော့ ဘာရွေးရွေးသူနဲ့လိုက်ဖက်တယ်ပေါ့နော်။

Related Article >>> ဆံသားနဲ့ ပတ်သက်ပြီး ယောင်းတို့ သိချင်သမျှ အဖြေများ (သိလိုရာမေးစေ)

Q : မင်္ဂလာမဆောင်ခင်မှာ ကြိုတင်ပြီး ဘာတွေပြင်ဆင်ဖို့လိုမလဲ? ဥပမာ အသားအရေထိန်းသိမ်းတာတို့ ဘာတို့။

မင်္ဂလာမဆောင်ခင်မှာ အရေးကြီးဆုံး ထိန်းသိမ်းရမှာကတော့ သတို့သမီးအတွက်ပေါ့နော်။ သတို့သမီးတစ်ယောက်အနေနဲ့တော့ သူ့ရဲ့စိတ်ကိုပဲ အရင်ထိန်းသိမ်းရမှာပါ။ ဘာလို့လဲဆိုတော့ အပြင်ပန်းအသွင်အပြင်ကို ဘယ်လောက်ပဲ ထိန်းသိမ်းထားပါစေ သူ့ရဲ့အတွင်းစိတ် မငြိမ်းချမ်းနေဘူးဆိုရင် ဝက်ခြံပေါက်လာတာတွေ၊ မိန်းမတို့ရဲ့သဘာဝအရ စိတ်လှုပ်ရှားတဲ့အချိန် မိန်းမကိစ္စပေါ်လာတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီကိစ္စတွေက ပွဲကိုအနှောင့်အယှက် အရမ်းပေးပါတယ်။ အဲဒီအတွက်ကြောင့် သတို့သမီးလေးတွေအတွက် အရေးကြီးဆုံးက စိတ်ကိုငြိမ်းချမ်းအောင် ပြင်ဆင်ထားဖို့ပါပဲ။ စိတ်ကလေးကို ပြင်ဆင်ထားနိုင်ရင်တော့ ပွဲနေ့မှာ အလှဆုံးဖြစ်နေမှာပါ။

အသားအရေထိန်းသိမ်းဖို့က ကိုယ်မင်္ဂလာဆောင်ရှိမှ အသားအရေထိန်းသိမ်းမယ်လို့ လုံးဝ မစဉ်းစားပါနဲ့။ ငယ်ငယ်လေးကတည်းက အသားအရေ သေချာထိန်းသိမ်းရမှာပေါ့.. သတို့သမီးဖြစ်တဲ့အချိန်ကျတော့မှ ဗြုန်းကနဲပြင်ဆင်လို့ လုံးဝမရနိုင်ပါဘူး။ မမှီပါဘူး။ ဒါအပွင့်လင်းဆုံးပြောတာပါ။ အချိန်တိုင်း ကိုယ့်အသားအရေက ကျန်းမာပြီး စိုပြည်နေဖို့ လှနေဖို့ အရမ်းအရေးကြီးပါတယ်။

Q : မင်္ဂလာပွဲလုပ်မယ့်နေရာကို ဘယ်လို ရွေးချယ်ရမလဲ? ဘာတွေပေါ် မူတည်ပြီး ရွေးချယ်ရမလဲ?

မင်္ဂလာပွဲလုပ်ဖို့အတွက် အဓိကအရေးကြီးဆုံးအချက်က ငွေကြေးပေါ့နော်။ ကိုယ်တတ်နိုင်တဲ့ ငွေကြေးကိုမူတည်ပြီး နေရာကိုရွေးချယ်ပါ။ နောက်တစ်ချက်က ကိုယ်ဖိတ်မယ့် လူဦးရေပေါ်မူတည်ပြီး ရွေးချယ်ပါ။ ဘာလို့လဲဆိုတော့ ကိုယ်ငှားထားတဲ့ ခန်းမက အကြီးကြီးပဲ ဒါပေမဲ့ ကိုယ်ဖိတ်ထားတဲ့ ဧည့်သည်က ၃၀၀ လောက်ပဲဆိုရင် ကိုယ့်ပွဲကြီးက ဇီးဖြူသီး ဇကောလိမ့်ဖြစ်နေသလို ဖြစ်နေမှာပေါ့။ ချောင်ကလိလေ။ ဥပမာ တစ်ချို့ဧည့်သည်တွေဆိုရှိတယ်။ ဆောင်ကြတယ်လေ နိုဗိုတယ် နိုဗိုတယ်ဆိုပြီး။ သူတို့ဧည့်သည်ကတော့ သုံးရာ၊ လေးရာ လောက်။ တကယ်တမ်း နိုဗိုတယ်ခန်းမက လူ ၇၀၀ လောက်ဆန့်တာလေ။ ဘယ်လိုမှ ကြည့်လို့လည်း အဆင်မပြေဘူး။ ပွဲကြီးကမလှဘူးပေါ့.. ပြီးတော့ ငွေကြေးပေါ့နော်။ သတို့သမီးလေးတွေက သူတို့တစ်သက်မှာ ပထမဦးဆုံး မှတ်တိုင်ဖြစ်တဲ့ မင်္ဂလာပွဲမှာတင် ကိုယ့်မှာရှိသမျှ ပိုက်ဆံတွေအကုန်ကုန်သွားမယ်ဆိုရင် နောက်ထပ် ဒုတိယခြေလှမ်း၊ တတိယခြေလှမ်းတွေ လှမ်းဖို့အတွက် သူတို့မှာ အင်အားတွေ မရှိတော့ဘူး။ ဒါကြောင့် ပထမဆုံး ခြေလှမ်းမှာတင် လူမမောသွားအောင်၊ ငွေမမောသွားအောင် ဂရုစိုက်ပါ။

မင်္ဂလာဆောင်မယ့် စရိတ်တွေကို ဘယ်လို ခွဲဝေသုံးစွဲရမလဲ? (မင်္ဂလာဆောင်စရိတ်ကို ဘယ်လို အချိုးချပြီး သုံးရမလဲ?

Package တွေနဲ့ဝယ်သုံးရင်တော့ တခြားထက်ပိုပြီး သက်သက်သာသာ ရှိတာပေါ့။ နောက်တစ်ခုက မင်္ဂလာခန်းမ စရိတ် ပေါ့နော်။ လူဘယ်လောက်စာကို ဘယ်လောက်ဆိုပြီး တိတိကျကျသတ်မှတ်ထားတာရှိတော့ အဲဒီနှစ်ခုကို ပေါင်းလိုက်တဲ့အခါ မင်္ဂလာပွဲတစ်ပွဲလုပ်မယ့် စရိတ်ဖြစ်သွားတာပေါ့။ ဒါကြောင့် ၅၀-၅၀ ခွဲဝေသုံးစွဲရင်တော့ ခမ်းနားတဲ့ မင်္ဂလာပွဲတစ်ခု ဖြစ်လာမှာပါ။

ဧည့်သည်စာရင်းကို ဘယ်လို လုပ်ရမလဲ?

ဧည့်သည်စာရင်းလုပ်တဲ့အခါမှာတော့ အဓိကအားဖြင့် စီးပွားရေးပညာနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုသင်တန်း တက်ခဲ့တဲ့လူတွေ သိတယ်ပေါ့နော်။ လုပ်သင့်တာကတော့  Friend List ဆိုတာကို စာရင်းပြုစုရပါတယ်။ မင်္ဂလာဆောင်ခါနီးတဲ့အခါ စာရွက်နဲ့ဘောပင်ကို အမြဲတမ်း အနားမှာဆောင်ထားပြီး စာရင်းကိုလုပ်ပါ။

စာရင်းလုပ်တဲ့အခါမှာလည်း ကိုယ်နဲ့အနီးစပ်ဆုံး လူတွေကနေစပြီး တစ်စုချင်းစီ စာရင်းလုပ်ပါ။ ကိုယ်နဲ့နီးတဲ့နေရာကနေ  တဖြည်းဖြည်းဝေးဝေးလာပြီး နောက်ဆုံး ဟိုးငယ်သူငယ်ချင်းကအစ ကိုယ်နေခဲ့တဲ့ ဇာတိကမိတ်ဆွေတွေအထိ သတိရသမျှ စာရင်းလေးတွေ အပိုင်းနဲ့ လုပ်ပြီး စာရင်းထဲထည့်ပါ။ ဒီလိုဆို လူလည်း မကျန်တော့ဘူးပေါ့.. စာရင်းထဲထည့်ထားတော့ ခန်းမအနေအထားနဲ့ ကိုယ်သုံးထားတဲ့ ငွေကြေးအရ ဘယ်သူ့ကိုတိုးရမယ်၊ ဘယ်သူ့ကိုလျှော့ရမယ် စသည်ဖြင့် ကွက်ကွက်ကွင်းကွင်း မြင်လာပါလိမ့်မယ်။ ဒါကြောင့် စာရင်းဇယားကို သေချာလုပ်ထားဖို့လိုပါတယ်။

Q : Wedding အတွက် Dress Code (ဝတ်ရမယ့် ဝတ်စုံ၊ အရောင်သတ်မှတ်ခြင်း) ထည့်တာ ကောင်းလား၊ မကောင်းဘူးလား?

အမှန်အတိုင်း ကျွန်တော့်ရဲ့ တစ်ကိုယ်ရည်အမြင်နဲ့ဆိုရင်တော့ မကောင်းပါဘူး။ အကယ်၍ အဲဒီဖိတ်တဲ့ လူကြီးမင်းက ကျွန်တော့်ထက် ဂုဏ်အားဖြင့်သော်လည်းကောင်း၊ ငွေကြေးအားဖြင့်သော်လည်းကောင်း စသည်ဖြင့် အလေးအမြတ်ပြုရမယ့် လူဖြစ်နေရင်တော့ ဒီ Dress code ကိုတလေးတစားဝတ်ပြီး တက်မှာပါ။ ဒါပေမဲ့ ဒီလိုမဟုတ်ရင်တော့ ကျွန်တော် အဲဒီပွဲကိုမသွားတော့ပါဘူး။

တကယ်တမ်းတော့ Dress Code ထည့်တယ်ဆိုတာ တာဝန်ကြီးပါတယ်။ နောက်တစ်ခု ကိုယ့်ပွဲကိုလူစည်ဖို့အတွက် အခွင့်အရေးနည်းတယ်။ ပွဲလုပ်ပြီဆိုမှတော့ ကိုယ့်ပွဲကို လူစည်စေချင်ကြတာပဲလေ… ကိုယ်က Dress Code ထည့်လိုက်တဲ့အခါ မရှိတာဆိုရင် ဝယ်ရတာတို့ မဝယ်ချင်လည်း ကိုယ့်မှာမရှိရှိတာကို လိုက်ရှာရတာတို့ စသည်ဖြင့် ပွဲတက်မယ့်သူတွေအတွက် အလုပ်အရမ်းရှုပ်ပါတယ်။ သူတို့ကို ဒုက္ခပေးရာလည်း ကျပါတယ်။ တစ်ခါကဆိုရင် ကျွန်တော့် customer တစ်ယောက်ပွဲတက်ဖို့အတွက် သူတို့သတ်မှတ်ထားတဲ့ အရောင်နဲ့ ဝတ်စုံမရှိလို့ ပိတ်စကို ပင်အပ်တွေနဲ့ ကပ်ချုပ်၊ တွယ်၊ ပတ်ပြီး ပွဲလွှတ်လိုက်ရတာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ Dress Code မထည့်စေချင်ပါဘူး။

Q : ဆံပင်အရမ်းတိုနေပြီး ဆံထုံးထုံးချင်တာ၊ ဘယ်လို ဆံထုံးမျိုးနဲ့လိုက်မလဲ? ဘယ်လို အဆင်ပြေပြေ ထုံးလို့ရလဲ?

အဲဒါက သူရွေးချယ်တဲ့ မိတ်ကပ်ဆရာရဲ့ စွမ်းအားအပေါ်မူတည်တယ်ပေါ့နော်။ အဲဒီမိတ်ကပ်ဆရာက ဘယ်လောက်စွမ်းအားရှိလဲဆိုတာ မူတည်ပြီး ထုံးသွားလို့ရပါတယ်။ မိတ်ကပ်ဆရာရဲ့ လက်ရာပေါ်မူတည်ပြီး ဆံထုံးပုံစံ ပြောင်းသွားပါလိမ့်မယ်။ မြန်မာဆံထုံးကို ကတုံးဆံပင်ပေါက်လေးတွေအတွက် ကောင်းကောင်းထုံးလို့ ရသလို အနောက်တိုင်း ဆံထုံးတွေလည်း အလှဆုံးထုံးလို့ ရပါတယ်။

ဒါပေမဲ့ မြန်မာဆံထုံးထက်စာရင် အနောက်တိုင်းဆံထုံးတွေက ပိုလွယ်ပါတယ်။ ဘာလို့ဆို အနောက်တိုင်းဆံထုံးတွေက သင်ရိုးညွှန်းတန်းမရှိဘူးလေ။ မြန်မာဆံထုံးတွေကသာ စောင့်စည်းရမယ့် စည်းကမ်းတွေ ရှိတာကိုး။ အဲဒီစည်းကမ်းချက်တွေနဲ့ မကိုက်ညီဘူးဆိုရင် အားလုံးက ကဲ့ရဲ့ကြမှာလေ။ အနောက်တိုင်းဆံထုံးတွေကတော့ ဒီလို မဟုတ်တာကြောင့် ထုံးမယ်ဆိုရင် ကတုံးဆံပင်ပေါက်ဖြစ်ပါစေ၊ ကတုံးမလေးပဲဖြစ်ပါစေ၊ ပြဿနာမရှိပါဘူး။  ဖြစ်ချင်တဲ့ ပုံစံကို တကယ်ဆံပင်ရှိသကဲ့သို့ ထုံးလို့ရပါတယ်။

Q : မင်္ဂလာဖိတ်စာနဲ့ တွဲလျက် စာအိတ်လေးတွေ ထည့်ပေးလာကြတယ်၊ အဲဒီအပေါ်မှာ အစ်ကို့အမြင်ကရော ဘယ်လိုရှိလဲ?

အဲဒါကို ကျွန်တော်အရမ်းကြိုက်ပါတယ်။ အခုနောက်ပိုင်း သတို့သမီးလေးတွေ အကုန်လုံးကိုလည်း ကျွန်တော် အကြံပေးပါတယ်။ ကျွန်တော် လိုက်ပြင်ဆင်ပေးတဲ့ နိုင်ငံခြားမင်္ဂလာပွဲတွေမှာ အဲဒီနည်းကို သုံးကြတယ်။ ပွဲလာတဲ့လူတွေအားလုံး၊ ပရိသတ်က ငွေသားချည်းပဲ လက်ဖွဲ့ကြပါတယ်။ ဘာပစ္စည်းမှမပေးဘူး။ အဲလို လက်ဖွဲ့ခြင်းဟာ မင်္ဂလာမောင်နှံအတွက် အရမ်းကို စိတ်ဖိစီးမှု နည်းစေပါတယ်။ အိမ်ကနေပြီးတော့ မင်္ဂလာပွဲကိုသွားတာ ဘာပိုက်ဆံမှ ယူသွားစရာ မလိုဘူး။ မင်္ဂလာပွဲကျင်းပပြီးပြီဆိုတာနဲ့ လက်ဖွဲ့ရတဲ့ ပိုက်ဆံလေးတွေထုတ်ပြီး၊ ရေပြီးတော့ ရှင်းစရာရှိတာရှင်းလိုက်ရုံပဲ။ ပိုတဲ့ပိုက်ဆံကို ပိုက်ဆံအိတ်ထဲထည့်ပြီး ပြန်လာရုံပဲ။ အဲဒီအတွက် အရမ်းမိုက်တယ်။ အဲဒီမှာကတည်းက အဲဒီ system (စနစ်)ကို အရမ်းကြိုက်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ပွဲလာတဲ့ပရိသတ်တွေကလည်း ဒီသတို့သမီး၊ သတို့သားရဲ့ ဘဝအသစ်အတွက် လိုအပ်တဲ့နေရာမှာသုံးဖို့အတွက် ရုပ်ဝတ္ထုကိုလက်ဖွဲ့တာ၊ လိုအပ်တာလေးတွေကို တစ်ထောင့်တစ်နေရာကနေ ကူညီဖြည့်ဆည်းပေးတာပဲလေ။ ဒါပေမဲ့ မလိုအပ်တာကြီးကို ပေးမိတဲ့အခါ ကူညီရာမရောက်ဘဲ ဒုက္ခပေးသလို ဖြစ်နေတာပေါ့။ ငွေသားလက်ဖွဲ့လိုက်မယ်ဆို သတို့သမီး၊ သတို့သား ဘယ်နေရာမှာ သုံးချင်လဲ၊ ကြိုက်တဲ့နေရာမှာ၊ လိုအပ်တဲ့နေရာမှာ ကြိုက်သလို သုံးလို့ရတယ်လေ။ အဲဒီအတွက်ကြောင့် မြန်မာတစ်ပြည်လုံးမှာရှိတဲ့ မင်္ဂလာပွဲတိုင်းကို ဒီလိုစနစ်မျိုး သုံးစေချင်တယ်။ ဒါမှသာလျှင် ကုန်ကျစရိတ်ကို ကာမိသလို တကယ်တမ်းလည်း ကူညီရာရောက်တယ်၊ တကယ်တမ်းလည်း ပျော်ရွှင်စေတယ်ပေါ့။

Q : မင်္ဂလာဆောင်မယ့် သတို့သမီးအသစ်စက်စက်လေးတွေအတွက် ဘာအကြံဉာဏ်လေးတွေ ပေးချင်လဲ? 

တစ်သက်မှာတစ်ခါဆောင်ကြတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အစဉ်အလာတစ်ခု၊ မှတ်တိုင်တစ်ခုပေါ့။  ဒီအစဉ်အလာလေးကို ခုလိုမျိုး နောင်လာနောက်သားတွေက ဆက်လက်ထိန်းသိမ်းပြီး ဆောင်ကြဉ်းသွားတဲ့အတွက် အရမ်းပီတိဖြစ်ရပါတယ်၊ အရမ်းဝမ်းသာရပါတယ်။ အခုလိုလေးဆက်ပြီး အစဉ်အလာကို ဆက်ထိန်းသိမ်းတာမို့ ကျေးဇူးလည်း အရမ်းတင်တယ်။

နောက်တစ်ခု သတို့သမီးလေးတွေကိုပြောချင်တာက ကျွန်တော်တို့ ဗုဒ္ဓဘာသာတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟတွေချုပ်တည်းပြီး ပွဲမှာ အလှဆုံးဖြစ်နေအောင်ပဲ အာရုံစိုက်စေချင်ပါတယ်။ ဒါဆိုအရမ်းပျော်စရာကောင်းတဲ့ မင်္ဂလာပွဲဖြစ်လာမယ်လို့ ထင်ပါတယ်။

ဒါကတော့ Aroma ရဲ့ ကိုအောင်မြတ်သူနဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ထဲက တစ်စိတ်တစ်ပိုင်းပေါ့ ယောင်းတို့ရယ်… နောက်ထပ် မေးခွန်းလေးတွေကိုတော့ ဗီဒီယိုအနေနဲ့ တင်ဆက်ပေးဦးမှာမို့ စောင့်ကြည့်ပေးကြဦးနော်… နောက်ထပ် နောက်ထပ်လည်း ဒီလို ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံမေးမြန်းသွားဖို့ ရှိသေးတာမို့ For Her Myanmar ရဲ့ “သိလိုရာမေး” ကဏ္ဍလေးမှာ မေးခွန်းလေးတွေ လာမေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်လို့…

For Her Myanmar

No Comments Yet

Comments are closed