Knowledge Women News

တခြားကမ္ဘာသာရှိခဲ့ရင်

ဟိုးရှေးခေတ်က ကျားမခွဲခြားဖိနှိပ်မှုကို ဖော်ပြတဲ့ကြော်ငြာဓာတ်ပုံတွေကို ပြန်ဖန်တီးလိုက်တဲ့ ဓာတ်ပုံဆရာ

ယောင်းတို့ရေ Sexism ဆိုတဲ့ စကားလုံးကို ကြားဖူးကြသူတွေ ရှိသလို မကြားဖူးသူတွေလဲ ရှိမှာပါ။ ဆိုတော့ ကြားဖူးသူတွေရော မကြားဖူးသူတွေပါ sexism ဆိုတာ ဘာလဲလို့ သေချာသိအောင် ရှင်းပြပါရစေ။ လူတစ်ယောက်ရဲ့ ကျားမဖြစ်တည်မှုအပေါ် မူတည်ပြီး ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာ၊ အခွင့်အရေးတွေ မပေးတာမျိုးကို ဆိုလိုတာပါ။ အထူးသဖြင့် မိန်းကလေးတွေအပေါ် ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကို ဆိုလိုပါတယ်။

အခုခေတ်မှာ Sexism က သိပ်ပြီး သိသာထင်ရှား မရှိတော့ပေမဲ့ (ရှိတော့ရှိသေးတယ်နော်) ဟိုးအရင်ရာစုနှစ်တွေကတော့ တော်တော်ဆိုးဆိုးဝါးဝါး ရှိခဲ့ပါတယ်။ မိန်းမတစ်ယောက်ရဲ့ နေရာက မီးဖိုထဲမှာတို့၊ မိန်းမဆိုတာ သားကိုသခင်၊ လင်ကိုဘုရားထားရမယ်တို့တွေ ရှိခဲ့တာကိုး။ ဒီလို ခွဲခြားဆက်ဆံမှုတွေကို မြင်သာအောင် အဲ့ဒီခေတ်က ကြော်ငြာတွေကို ဓာတ်ပုံဆရာတစ်ယောက်က ပြန်ဖန်တီးပြခဲ့ပါတယ်။

Related article >>> မိန်းကလေးတွေမှာ တန်းတူအခွင့်အရေး ရနေပြီလား

Eli Rezkallah ဆိုတာ လက်ဘနွန်နိုင်ငံက အသက်၃၁နှစ်အရွယ် ဓာတ်ပုံဆရာပါ။ သူ့ရဲ့ ဓာတ်ပုံစီးရီး In a Parallel Universe ဆိုတာ အက်ဒမင်ခုနပြောခဲ့တဲ့ ခွဲခြားဆက်ဆံမှုတွေကို မြင်သာအောင် ဖန်တီးရိုက်ကူးထားတဲ့ ဓာတ်ပုံစုစည်းမှုပါ။ ၁၉၄၀၊ ၁၉၅၀၊ ၁၉၆၀ ပြည့်နှစ်တွေတုန်းက မိန်းမတွေကို ဖိနှိပ်ထားတဲ့ ကြော်ငြာတွေကို ပြန်ရိုက်ထားတာပါ။ သူရိုက်ထားတဲ့ ဓာတ်ပုံလေးတွေက စိတ်ဝင်စားစရာကောင်းတာမို့ တူတူကြည့်ရအောင်နော်။

မူရင်းကြော်ငြာက “ပိုလတ်ဆတ်တဲ့ကော်ဖီရအောင် မစစ်ဆေးခဲ့ဘူးဆိုတာ ယောက်ျားကသိခဲ့ရင်” တဲ့။ ဒါကို မိန်းမကသာသိခဲ့ရင်ဆိုပြီး ပြန်ရိုက်ထားတာပါ။

ဒါကတော့ “ယောက်ျားတွေပိုင်တဲ့ကမ္ဘာဆိုတာ မိန်းမသိအောင် ပြလိုက်ပါ” တဲ့။ ယောက်ျားကို မိန်းမက အိပ်ရာထဲထိ မနက်စာပို့ပေးရတာပါ ဒူးတောင်ထောက်ထားရသေးတယ်။ ဒါကို မိန်းမတွေရဲ့ကမ္ဘာဆိုပြီး ပြန်ဖန်တီးထားပါတယ်။

နောက်တစ်ပုံကတော့ “မိန်းကလေးတွေဆိုတာ မီးဖိုချောင်ထဲက ထွက်စရာမလိုဘူး” တဲ့။ ဒါကို ယောက်ျားလေးတွေက မီးဖိုထဲက ထွက်စရာမလိုဘူးလို့ ပြန်ပြောထားတာပါ။

ဒါတွေမှမကပါဘူး တခြားပုံတွေလဲ အများကြီးရှိသေးတာမို့ Eli ရဲ့ ဓာတ်ပုံစုစည်းမှုပေ့ခ်ျလေးကို သွားကြည့်လိုက်ကြပါနော်။ Eli ကတော့ သူဟောဒီ ဓာတ်ပုံစုစည်းမှုကို ဖန်တီးခဲ့ရတာဟာ ကျားမခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်မှုတွေက ဘယ်လောက်အဓိပ္ပါယ်မရှိလိုက်လဲဆိုတာကို ပြချင်လို့ပါလို့ ရှင်းပြပါတယ်။

ဒီအကြံဥာဏ်ကို စတင်ရခဲ့တာကတော့ ပြီးခဲ့တဲ့ ပိတ်ရက်မှာ New Jersey က သူ့မိသားစုအိမ်ကိုပြန်တော့ ကြားခဲ့ရတဲ့ စကားတွေကြောင့်ပါတဲ့။ ညစာစားချိန်မှာ သူ့ဦးလေးတစ်ချို့က မိန်းမတွေဆိုတာ မီးဖိုထဲမှာ ဟင်းချက်နေတာ အကောင်းဆုံးပါလို့ ပြောကြတယ်တဲ့။ ယောက်ျားတိုင်းက ဒီလိုမတွေးပေမဲ့ ဒီလိုတွေးနေဆဲလူတွေ ရှိသေးတယ်ဆိုတာ ကြောက်စရာကောင်းတယ်လို့ သူထင်မိပါတယ်။ ဒါကြောင့်မို့ ယောက်ျားတွေက ဖိနှိပ်ဆက်ဆံခံရတဲ့ တခြားကမ္ဘာတစ်ခုကို သူဖန်တီးခဲ့တာပါလို့ ပြောခဲ့ပါတယ်။

သြော် တစ်ခုပြောရဦးမယ်။ ဓာတ်ပုံဆရာ Eli က ယောက်ျားလေးနော်။ ယောက်ျားလေးတစ်ယောက်ပေမဲ့ ကျား၊မ တူညီမှု ရှိသင့်တယ်လို့ သူကယုံကြည်ပါတယ်။ အခုခေတ်အထိ မိန်းကလေးတွေအတွက် တူညီတဲ့အခွင့်အရေးမရသေးဘူးလို့ သိထားပါတယ်။ ဒီလိုမျိုး မိန်းကလေးဆိုတာ အိမ်အလုပ်လုပ်ရမယ်လို့ ထင်နေသူတွေထဲမှာ မိန်းကလေးတွေကိုယ်တိုင် ပါပါတယ်။

Related article >>> ကျားမရေးရာသတ်မှတ်ချက်တွေနဲ့ကမ္ဘာ

အခု ဓာတ်ပုံတွေအကြောင်းရေးထားတဲ့ သတင်းတွေအောက်မှာတောင် ယောက်ျားတွေကြီးစိုးတဲ့ ကမ္ဘာက sexist ဖြစ်တယ်ဆို မင်းရိုက်ထားတဲ့ ပုံတွေထဲကလို မိန်းမတွေကြီးစိုးတော့ရော sexist မဖြစ်ဘူးလားလို့ မေးလာကြပါတယ်။ ဒါကြောင့် feminism ဆိုတာ မကောင်းတာလို့ ပြောကြပါတယ်။ တကယ်က ဓာတ်ပုံတွေက ပေးချင်တဲ့မက်ဆေ့က ဒါမဟုတ်ပါဘူး။ သူပြောချင်တာက မိန်းမတွေကြီးစိုးစိုး၊ ယောက်ျားတွေကြီးစိုးစိုး တစ်ခုမှမကောင်းဘဲ သာတူညီမျှမှု ရှိရမယ်လို့ ပြောချင်တာပါ။

သာတူညီမျှမှုဆိုတာ feminism ပါပဲ။ မိန်းမဝါဒဆိုတာ မိန်းမနဲ့ ယောက်ျား သာတူညီမျှမှုရှိရမယ်ဆိုတဲ့ အိုင်ဒီယာတစ်ခုပဲဖြစ်ပါတယ်။ အက်ဒမင်ကတော့ ဒီပုံတွေကို သဘောကျတယ်။ ယောင်းတို့ရော ဘယ်လိုထင်လဲ ပြောပြကြပါဦး။

Khine (For Her Myanmar)

Reference : Daily Mail | Huffington Post | Indy 100

 

Khine
အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *