Knowledge Women News

ကိုယ်​သ​ဘောမကျတဲ့သူကို ဘယ်​လိုငြင်းမလဲ…

ကိုယ့်​ဘက်​က လုံးဝပြန်​မကြိုက်​နိုင်​တဲ့သူက ကိုယ့်ကိုကြိုက်​​နေရင်​ ဒီနည်း​လေး​တွေနဲ့ ငြင်းကြမယ်​။

လူ့အလိုနတ်မလိုက်နိုင်တဲ့။ ယောင်းတို့လည်း ကြုံဖူးကြမယ်ထင်တယ်။ ကိုယ်ခရပ်ရှ်တဲ့သူက ကိုယ် သူ့ကို သဘောကျနေတာ မသိလို့ ညစ်နေရတဲ့အထဲ သဘောမကျရတဲ့လူက ကိုယ့်ကို ရည်းစားစကား လာပြောတာမျိုး။ ဟုတ်တာပေါ့ အဲ့အချိန်က စိတ်အရှုပ်ရဆုံး အချိန်ပဲ။ စန္ဒီ(၁၅၀၀) ရဲ့ သီချင်းပဲ အော်ဆိုလိုက်ချင်တယ်။ ဘာတဲ့ မချစ်ရတဲ့လူနဲ့ ဝေးဝေးနေလို၏ တဲ့။ အဲ့လိုမျိုး ကိုယ်မချစ်ရတဲ့လူကို ရှောင်ခွာနိုင်ဖို့ ဝင်ဒီ့ကိုယ်တွေ့နည်းလမ်းလေးတွေ မျှဝေပေးမယ်။ (လူက စင်ဂယ်သာဖြစ်နေတာပါ။ တကယ်တော့ နောက်ကွယ်မှာ ခေါင်းခါထားတာတွေ အများကြီး။ ဟဲဟဲ XDD)

၁)သူငယ်ချင်းစည်းကို အသုံးပြုပါ။
လူ့စည်း၊ ဘီလူးစည်း တဲ့.. အဲလေ.. မဟုတ်ပေါင်… ပြောချင်ဇောနဲ့ စကားတွေ မှားကုန်ပြီ။ ဘယ်လောက်ပဲခင်ခင်၊ လူနှစ်ယောက်ကြားမှာ အနည်းလေး စည်းတစ်ခုတော့ ရှိပါတယ်တဲ့။ ကိုယ်နဲ့ ခင်ရတဲ့ယောကျာင်္းက ကိုယ့်ကို ရည်းစားစကားပြောလာမယ်၊ ကိုယ်ကလည်း သူ့ကို သဘောမကျဘူးဆို သူနဲ့ကိုယ့်ကြားက သူငယ်ချင်းစည်း၊ မိတ်ဆွေစည်း ကို ထောက်ပြပါ။ ဘယ်မိန်းကလေးကမှတော့ ကိုယ်သဘောမကျတဲ့လူတစ်ယောက်ကို အားနာနာနဲ့ လက်မခံလောက်ဘူးလို့တော့ ထင်တာပဲ။ ဟုတ်တယ်မလား ယောင်းတို့။

၂)အလိမ္မာသုံးပါ။
လူဆိုတာ မရတာကိုမှ လိုချင်ကြတဲ့အမျိုးလေ ဟုတ်တယ်မလား။ ကိုယ်က ပစ်ပစ်ခါခါငြင်းလိုက်လို့မှ သူက အသေအလဲ လိုက်နေရင် ဘယ်လိုလုပ်မလဲ။ ကိုယ်ပဲ စိတ်ရှုပ်ရမှာ။ ဒီတော့ ငြင်းမယ်ဆိုလည်း ပါးပါးနပ်နပ်လေးနဲ့ သူတပါးကို မထိခိုက်စေနိုင်မယ့် စကားလုံးလေးတွေပဲ ရွေးချယ်ပြီး ငြင်းနော်။

၃)ကြိုးရှည်ရှည်နဲ့မလှန်ထားပါနဲ့။
တစ်ချို့ကောင်မလေးတွေရှိပါတယ်။ ကိုယ်ကလည်း သဘောမကျဘဲနဲ့ တဖက်သူကို အလဟဿ မျှော်လင့်ချက်တွေပေးပြီး လိမ်ညာခိုင်းစားတာမျိုး။ ဝင်ဒီကတော့ အဲ့လုပ်ရပ်ကို ရှုံ့ချပါတယ်။ ချစ်ရင်ချစ်တယ်၊ မချစ်ရင်မချစ်ဘူးပေါ့။ ကြိုးရှည်ရှည်နဲ့ လှန်ထားတာက သူ့ဘက်ရော ကိုယ့်ဘက်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ မတော်လို့ သူ့ဘက်က ပြဿနာရှာရင်တောင် ကိုယ်က အပြစ်လုပ်ထားသလို ဖြစ်နေတဲ့အတွက် ရေရှည်မှာ ပြေးပေါက်မှားနေပါလိမ့်မယ်။

၎)ကိုယ်ကအရင်ရှောင်ပါ။
အလုပ်ခွင်ထဲကအကြောင်းပြောမယ် ဒီအချက်ကို။ သူနဲ့ကိုယ်က လုပ်ဖော်ကိုင်ဖက်။ သူက ကိုယ့်ကို အရင်သဘောကျလာတယ်။ ကိုယ်က သူ့ကိုလက်မခံချင်ဘူး။ အဲ့လိုအခြေအနေနဲ့ ကြုံဖူးတဲ့ ယောင်းတို့ ရှိလား မသိဘူး။ မိန်းကလေးပဲ၊ သူက ကိုယ့်အပေါ် မူပျက်လာတာတွေ ဗေဒင်မမေးဘဲ သိတာပေါ့။ ဒီအခါ ကိုယ်က သူ့ကို သဘောမကျတဲ့ အရိပ်အယောင်တွေ ပြပါ။ ဥပမာ – နှစ်ယောက်တည်း ရှိနေမယ့် အခြေအနေကို ရှောင်လွှဲတာတို့၊ သူက ကိုယ့်အပေါ် စေတနာတွေလွန်ကဲနေတာကို အလွယ်တကူ လက်မခံတာမျိုးတို့။ ပြီးရင် လုပ်ဖော်ကိုင်ဖက်တွေကနေတစ်ဆင့် သူ့ကို ပေးသိပါ။ တစ်ယောက်စကား တစ်ယောက် ပြန်ကြားသလိုပေါ့။ သူနဲ့ကိုယ်နဲ့က ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းဖြစ်နေရင် ပိုကောင်းပါတယ်။ ကိုယ် သူ့ကို သဘောမကျကြောင်း၊ လက်မခံနိုင်ကြောင်းကို သွယ်ဝိုက်ပြီး သူမြင်အောင် စတေးတပ်တင်ပါ။ အချိန်တန်ရင် သူ့အလိုလို လက်လျှော့သွားပါလိမ့်မယ်။

ကဲ… ယောင်းတို့လည်း ကိုယ်ချစ်ရတဲ့သူနဲ့ပဲ ပေါင်းဖက်ရပါစေလို့ ဆုတောင်းပေးပါတယ်နော်။
(အဲ့ဆုတောင်းက ကိုယ့်မှာလည်း ပြည့်ရင် ကောင်းမယ်။ ဟီးးးး XDD)

Windy (For Her Myanmar)

Leave a Reply

Your email address will not be published. Required fields are marked *