မညာနဲ့နော် သိနေတယ်

ကိုယ့်ကို ဘယ်သူမှ လာဘတ်လို့ မရအောင် ဒါလေးတွေတော့ သိထားဖို့ လိုမယ်နော်… 

ကမ္ဘာပေါ်မှာ အလိမ်အညာနဲ့ ကင်းတဲ့သူရယ်လို့မရှိပါဘူး။ ‘မုသားမပါလင်္ကာမချော’ ဆိုတဲ့အတိုင်း လူရယ်လို့ဖြစ်လာရင် လောကီလူ့ဘောင်မှာနေသ၍တော့ မုသားလေးတွေ သုံးရတာပေါ့နော်။ နေရာတကာ တုတ်ထိုးအိုးပေါက်ပြောလို့မှမဖြစ်တာလေ။ အထူးသဖြင့် အမှန်အတိုင်းပြောလိုက်လို့ သူတစ်ပါးစိတ်ထိခိုက်သွားနိုင်တဲ့အခါ၊ လောကွတ်ပြုရတဲ့အခါ၊ ဒါမှမဟုတ် လူမှုပတ်ဝန်းကျင်မှာ ပြေပြစ်ချောမွေ့အောင် ပြောဆိုဆက်ဆံရတဲ့အခါ ဒီလိုအခြေအနေလေးတွေပေါ့။ ဒါပေမယ့် မလိုအပ်ဘဲ လိမ်ညာပြောတတ်တဲ့ သူတွေနဲ့ ဆက်ဆံလာရပြီဆိုရင်တော့ သူ့ထက်ကိုယ်က နှာတစ်ဖျားသာနေဖို့ လိုအပ်လာပါပြီ။ သူလိမ်တိုင်း ‘သြော်… အေးအေး’ ဆိုပြီးနေလို့ကတော့ ကိုယ်ပဲခံလိုက်ရမှာပေါ့။ ဒါဆို တစ်စုံတစ်ယောက် ကိုယ့်ကို လိမ်နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ…?

လိမ်ပြောနေတဲ့သူတွေဟာ များသောအားဖြင့် မုသားစကားကို တွေးတောဖန်တီးနေရတာနဲ့ အလုပ်များနေတတ်တာမို့ သူတို့ရဲ့ အမူအရာ အနေအထားတွေကို သတိမမူမိတတ်ကြပါဘူး။ အဲဒီ အမူအရာတွေကနေတစ်ဆင့် လူတစ်ယောက် လိမ်ပြောနေလား၊ အတည်လားဆိုတာကို သိနိုင်ပါတယ်။

တောင်ကြည့်မြောက်ကြည့်

မသိဘူး လိမ်ကြည့်မယ် :3

အလိမ်အညာတစ်ခုကို ထောက်လှမ်းနိုင်တဲ့ သိသာထင်ရှားတဲ့ တံခါးပေါက်ကတော့ မျက်လုံးပါပဲ။  ခေါင်းထဲမှာ ယုတ္တိရှိမယ့် အကြောင်းပြချက်ကို အသည်းအသန် စဉ်းစားနေရတဲ့အတွက် မျက်လုံးအိမ်က ဂဏှာမငြိမ်ဖြစ်နေပါလိမ့်မယ်။ မျက်ဆံလေးက ဟိုထောင့်ပြေးကပ်လိုက် ဒီထောင့်ပြေးကပ်လိုက်ပေါ့။ တစ်ခါတစ်ရံမှာလည်း သူတို့က ရုတ်တရက် ကိုယ့်ဆီကနေအကြည့်လွှဲလိုက်တာ၊ စကားပြောရင်း ဟိုဘက်လှည့်သွားတာ၊ ကျောပေးလိုက်တာမျိုးတွေ လုပ်တတ်ပါတယ်။ဒါဆို သိသာနေပါပြီ။ တစ်ခုခုတော့လွဲနေပြီ…။

Related Article >>> စိတ်ဓာတ်စစ်မှန်သူတွေရဲ့ ဝိသေသလက္ခဏာ (၁၁)မျိုး

စိုက်ကြည့်နေပြီ

မျက်လုံးရွှေ့ရင် လိမ်တယ်လို့ ပြောမယ်.. ဘယ်ရမလဲ ငါတော့ စိုက်ကြည့်ပစ်မယ် အဟွင်း

မျက်ဝန်းအိမ်ဂဏှာမငြိမ်ဖြစ်တာကတော့ အရမ်းကို သိသာတဲ့ လက္ခဏာပါ။ ဒါပေမဲ့ ဒီလိုအကြည့်ချင်းမဆုံရဲတာကို လိမ်မပြောတတ်တဲ့သူတွေမှာတွေ့ရပါတယ်။ ဥပမာ ကလေးတွေပေါ့။ အတွေ့အကြုံရှိတဲ့သူတွေကျတော့ ကိုယ့်ကို ပြန်စိုက်ကြည့်တတ်တာပါ။ သဘောကတော့ သူတို့ပြောတဲ့စကားကို ကိုယ်ကယုံသွားပြီလားဆိုတာကို ပြန်ပြီးအကဲခတ်ကြတာပါ။

လှုပ်စိလှုပ်စိ ဂဏှာမငြိမ်

မျက်လုံးမလှုပ်ရရင် လှုပ်လို့ရတာ လှုပ်မယ်

တစ်ချို့မှာ အကျင့်လေးတွေရှိတယ်နော်။ လိမ်ပြောနေတဲ့အခါ လက်ချောင်းလေးတွေလှုပ်နေတာတို့၊ ခန္ဓာကိုယ်က ယိမ်းနေတာတို့၊ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်နေတာတို့၊ မျက်နှာကိုကိုင်တာတို့၊ အင်္ကျီစကိုလုံးချေနေတာတို့ စသဖြင့်ပေါ့။ ဒီလို မသိစိတ်နဲ့ လှုပ်ရှားနေတဲ့အမူအရာတွေကလည်း တစ်ခုခုကို ဖုံးကွယ်လိမ်ညာနေတယ်ဆိုတာကို ညွှန်ပြနိုင်ပါတယ်။

မေးခွန်းကို လိုက်ရွတ်နေပြီလား

စာမေးပွဲခန်းထဲ စာမေးပွဲဖြေသလို မေးခွန်းလေးတော့ ပြန်ကောက်လိုက်ရမှ :3

“မနေ့က ဖုန်းဆက်တော့ အိမ်မှာမရှိဘူးတဲ့။ ဘယ်သွားနေတာလဲ”

“သြော်… ဘယ်သွားနေတာလဲဆိုတော့…”

ဒီလိုမေးခွန်းကို ပြန်ကောက်ရင်၊ ပြန်ရွတ်ရင် ဒါမှမဟုတ် သေချာကြားရပါရဲ့နဲ့ “ဘာပြောလိုက်တာလဲ” ဆိုတာမျိုးပြန်မေးရင် သံသယရှိသင့်ပါပြီ။ ဒါဟာ အကြောင်းပြချက်တစ်ခုခုကို ချက်ချင်း ခေါင်းထဲမှာဖန်တီးဖို့အတွက် အချိန်ယူနေတာပါ။ အမှန်အတိုင်းပြောတဲ့သူအတွက်တော့ ဒီလိုစဉ်းစားစရာမလိုဘူး မဟုတ်လား။ ဒါ့အပြင် ရုတ်တရက် စကားထစ်တာ၊ ရပ်သွားတာ၊ “သြော်… ” “အင်း…” ဆိုပြီး နှေးသွားတာမျိုးတွေကလည်း သံသယဖြစ်စရာလေးတွေကို တစ်နည်းတစ်ဖုံ  ထောက်ပြနိုင်ပါတယ်။

Related Article >>> လူတစ်ယောက်လိမ်နေတယ်ဆိုတာ သိနိုင်တဲ့အချက်(၅)ချက်

ပြုံးစိစိ

မသိဘူး ပြုံးမယ် 🙂

မျက်နှာအမူအရာမှာ စိတ်ခံစားမှုတွေ ထင်ဟပ်တတ်တာ သဘာဝပါ။ ဘာဖြစ်လို့လဲဆိုတော့ မျက်နှာမှာရှိတဲ့ကြွက်သားတွေက ခန္ဓာကိုယ်ရဲ့ တစ်ခြားနေရာမှာရှိတဲ့ ကြွက်သားတွေထက်ရှုပ်ထွေးတာကြောင့်ပါတဲ့။ ဒါကြောင့် လိမ်ပြောသူတွေဟာ သူတို့ရဲ့ တစ်ခြားအမူအရာတွေကို ထိန်းချုပ်နိုင်ရင်တောင် မျက်နှာအမူအရာရဲ့ သစ္စာဖောက်ခြင်းကို ခံကြရပါတယ်။ ဥပမာ စိတ်ညစ်နေတဲ့လူကို ဘာဖြစ်လို့လဲလို့မေးရင် ဘာမှမဖြစ်ပါဘူးပြောပေမယ့် သူ့မျက်နှာကြီးက မသာယာတာမျိုးပေါ့။ တစ်ချို့ကျတော့ လျှောက်ပြောပြီဆို ဘာမှန်းမသိ ပြုံးစိစိကြီးတွေ။ ပြောပြီးရင် ဘာရယ်မဟုတ်ဘူး၊ ပြုံးပြုံးသွားတယ်။ တစ်ခါတလေလည်း အတင်းအကြပ် လုပ်ယူထားတဲ့ အပြုံးတုတွေကတစ်ဆင့် သိနိုင်ပါတယ်။

အသေးစိတ်လွန်းရင်လည်း စဉ်းစားစရာပဲ

ဒရာမာတွေ ခင်းပစ်မယ်

ရိုက်မစစ်ရဘဲနဲ့ ဘူးပေါ်သလိုပေါ်ပြီဆိုတာမျိုး ကြားဖူးမှာပေါ့နော်။ အဲဒီသဘောပါပဲ။ ဥပမာ

“မနေ့က ဘယ်သွားတာလဲ”

“သြော်… မနေ့က သူငယ်ချင်းအိမ်ကို သွားလည်တာ၊ ပြီးတော့ ဆိုင်တစ်ဆိုင်မှာ ထမင်းစားပြီး ရုပ်ရှင်သွားကြည့်ကြတယ်၊ James Bond ကားလေ။  ကြည့်လို့အရမ်းကောင်းတယ်။ လူတွေကများလိုက်တာမှ တိုးရလွန်းလို့ ချော်လဲမလိုတောင်ဖြစ်သွားသေးတယ်။” ဟော… ဒါဆို ပေါ်လာပြီ။ အကုန်လုံးကိုတန်းစီပြီး အသေးစိတ်ပြောသွားတာ။ အချိန်တိုအတွင်းမှာ ယုတ္တိရှိနိုင်သလောက်ရှိအောင် အစီအရီ  ဖန်တီးနေရတာနဲ့ စကားတွေက ဟန်ချက်မညီဖြစ်လာတာကို တွေ့ရမှာပါ။ ဒါကိုပိုပြီးသေချာချင်တယ်ဆိုရင် နောက်တစ်ခေါက်ထပ်ပြောခိုင်းပါ။ စကားတွေလွဲနေတာကို တွေ့ရပါလိမ့်မယ်။

လိမ်ညာခြင်းဆိုတာကတော့ လူတွေအတွက် ထမင်းစား ရေသောက်လိုဖြစ်နေပါပြီ။ ‘Liespotting’စာအုပ်ရဲ့စာရေးသူ ပါမီလာ မေယာရဲ့ ပြောကြားချက်အရ ပုံမှန်လူတစ်ယောက်က တစ်နေ့ကို ပျမ်းမျှ မုသားစကားပေါင်း ၁၀ ခုကနေ အခု ၂၀၀ အထိကြားနေရပါတယ်။ လူစိမ်းတွေဆိုရင် စစချင်းတွေ့ဆုံတဲ့ ဆယ်မိနစ်အတွင်းမှာ အနည်းဆုံးသုံးခု၊ ဆယ်ကျော်သက်တွေဆိုရင်လည်း သူတို့ရဲ့အမေတွေနဲ့ စကားပြောတဲ့အခါ ငါးကြိမ်မှာ တစ်ကြိမ်ကတော့ လိမ်ညာမိကြပါတယ်တဲ့။

အကောင်းဆုံးကတော့ ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ပါပဲ။ သုတေသနတွေအရ လူတွေက ကိုယ့်အပေါ်ရိုးသားတယ်လို့ ခံစားမိတဲ့သူတွေရှေ့မှာ အမှန်အတိုင်းပြောတတ်ကြပါတယ်။ ဒါကြောင့် ရိုးသားမှုနဲ့ ယုံကြည်မှုက အဓိကပါ။

ကိုယ့်ကို သဘောမရိုးနဲ့ လိမ်ညာသူတွေကို အကဲခတ်နိုင်ဖို့က အရေးကြီးသလို သဘောရိုးနဲ့ဖုံးကွယ်သူတွေကို အဖြေရှာရတာလည်း တစ်မျိုးစိတ်ဝင်စားစရာကောင်းပါတယ်။ ကဲ… ဒီအချက်လေးတွေကို အကဲခတ်ကြည့်ပြီး ဘယ်လောက်အထိအသုံးဝင်လဲ ပြန်ပြောပြဦးနော်…။

For you!

Bori (For Her Myanmar)

References: INC , Reader’s Digest , Web MD

 

No Comments Yet

Comments are closed