ညမအိပ်တဲ့ ဇီးကွက်လေးတွေက ပိုပြီးဉာဏ်ကောင်းတယ်ဆိုပဲ

ညဘက်တိတ်ဆိတ်ငြိမ်သက်တဲ့ အချိန်မှာ ပိုပြီးအာရုံစိုက်နိုင်ကြတဲ့သူတွေဟာ အချိန်မှန်အိပ်တဲ့သူတွေထက် ပိုပြီး IQ မြင့်မားပါတယ်။

များသောအားဖြင့် လူတွေက စောစောအိပ်ပြီး စောစောထတဲ့အကျင့်ကို ကျန်းမာရေးနဲ့ညီညွတ်တယ်၊ ဉာဏ်ကောင်းစေတယ်၊ လန်းဆန်းစေတယ်… ညဉ့်နက်ထိနေရင် ခေါင်းမကြည်ဘူး၊ ဉာဏ်ထိုင်းတယ်၊ စိတ်ဓာတ်ကျလွယ်တယ်၊ blah blah စသဖြင့် ပြောကြတယ်နော်။ ဒါပေမဲ့ ဇီးကွက်ယောင်းယောင်းတွေ စိတ်မညစ်ပါနဲ့။ ညဘက်နေတာ မကောင်းတာချည်းပဲမဟုတ်ပါဘူး။ သိပ္ပံနည်းကျတွေ့ရှိချက်တွေက ဇီးကွက်တွေရဲ့ အားသာချက်တွေကို အလင်းပြလိုက်ပါပြီ။ အဲဒါကတော့  နောက်ကျမှ အိပ်ရာဝင်တဲ့သူတွေက ပိုပြီး ဉာဏ်ကောင်းပါတယ်တဲ့။

လူတွေမှာ circadian rhythm လို့ခေါ်တဲ့ ဇီဝနာရီဆိုတာရှိပါတယ်။ အဲဒါဘာလဲဆိုတော့ ခန္ဓာကိုယ်ရဲ့ တစ်နေ့တာ ဇီဝလုပ်ငန်းဆောင်ရွက်ချိန်တွေကိုပြောတာပါ…အိပ်ရာထချိန် ၊ ထမင်းစားချိန် ၊ ဝိတ်လျော့ချိန် ၊ အိပ်ချိန် စတာတွေပေါ့။ ဒါကလည်းတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ဥပမာ ၁၁ နာရီဆိုနေ့လည်စာစားနေကျလူရှိသလို ၁ နာရီလောက်မှ ဆာတဲ့လူရှိမယ်၊ နေ့လည်မအိပ်တတ်တဲ့လူရှိသလို နေ့လယ်နေ့ခင်း တစ်ရေးတစ်မောလောက်နှပ်လိုက်ရမှ လန်းဆန်းတဲ့လူရှိမယ် ဒါတွေကိုပြောတာပါ။ ဒီလို တစ်ယောက်နဲ့တစ်ယောက်မတူရတဲ့ အကြောင်းအရင်းကတော့ လူတွေက ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို စိတ်ကြိုက်ပြောင်းလဲနိုင်လို့ပါတဲ့။ ဥပမာ ကိုယ်ဘယ်အချိန်အိပ်ရာဝင်မယ်ဆိုတာကို ကိုယ့်ဘာသာကိုယ် ရွေးချယ်တာမျိုးပေါ့။

ရွေးချယ်တယ်ဆိုတာက အိပ်ချိန် ထချိန်ဆိုတဲ့ဘောင်ထဲကနေ တဖြည်းဖြည်းကိုယ်အားသန်တဲ့ဘက်ကို ရောက်သွားတာကိုပြောတာပါ။  ရှင်းရှင်းပြောရရင် ဟိုးအရင်ခေတ်တုန်းကဆို လူတွေက  နေရောင်ရှိတဲ့အချိန်အလုပ်လုပ်တယ်၊ နေဝင်ပြီးမှောင်ရင် အိပ်တယ်။ အခုကျတော့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူတွေရဲ့ အလေ့အကျင့်တွေက နေအလင်းရောင်ပေါ်မူတည်နေစရာ မလိုတော့ဘူးလေ။ မှောင်ရင်မီးဖွင့်ပြီး အလုပ်လုပ်မှာပေါ့။ အဲဒါကြောင့် လူတွေက လွတ်လပ်စွာနဲ့ ကိုယ်ပိုင်အိပ်ချိန်ကို သတ်မှတ်နိုင်ကြတာပါ။

Related Article >>> မနက်စောစောမထတဲ့သူတွေက ထက်မြက်သူတွေတဲ့နော်..

အိပ်ချိန်စက်ဝန်းနဲ့ ဉာဏ်ရည်ဉာဏ်သွေးကြားက ဆက်စပ်မှုတွေကို လေ့လာတဲ့ ပညာရှင်တွေက ဉာဏ်ကောင်းတဲ့ကလေးတွေက အရွယ်ရောက်လာတဲ့အခါမှာ ညဘက်မှာအလုပ်လုပ်ရတာအားသန်တဲ့သူတွေ ဖြစ်လာတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။  ညဘက်တိတ်ဆိတ်ငြိမ်သက်တဲ့ အချိန်မှာ ပိုပြီးအာရုံစိုက်နိုင်ကြတဲ့သူတွေဟာ အချိန်မှန်အိပ်တဲ့သူတွေထက် ပိုပြီး IQ မြင့်မားပါတယ်တဲ့။

စိတ်ပညာရှင် Satoshi Kanazawa ရဲ့စမ်းသပ်မှုရလဒ်အရဆိုရင် ပုံမှန်အားဖြင့် IQ 75 အောက်ရှိတဲ့သူတွေဟာ ရုံးဖွင့်ရက်တွေမှာ ၁၁:၄၀ ဝန်းကျင်လောက် အိပ်ရာဝင်ပြီး မနက်ကို ၇:၂၀ ဝန်းကျင်မှာ နိုးထတတ်ကြပါတယ်။ ရုံးပိတ်ရက်ဆိုရင်တော့ အများဆုံး ၁၀ နာရီလောက်အထိ အိပ်ကြပါတယ်။ IQ 125 အထက်ရှိတဲ့သူတွေကျတော့ ည ၁၂း၃၀ လောက်အထိအောင် မအိပ်တတ်ကြပါဘူး။ ရုံးဖွင့်ရက်ကို ၈ နာရီလောက်နိုးထကြပြီး ပိတ်ရက်မှာတော့ မနက် ၁၁ နာရီလောက်အထိ အိပ်ရာထဲမှာရှိနေတတ်ကြပါတယ်တဲ့။

ဒီစမ်းသပ်ချက်ကနေ ဆက်စပ်လေ့လာလိုက်တဲ့အခါမှာ early bird (နံနက်စောစောထတတ်တဲ့သူ) တွေနဲ့ night owl (ညဇီးကွက်လေး) တွေရဲ့ ကွာခြားမှုကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ညဇီးကွက်လေးတွေက general intelligence လို့ခေါ်တဲ့ ယေဘုယျဉာဏ်ရည်အားဖြင့်မြင့်မားပြီးတော့ စောစောထတတ်သူတွေကတော့ academic skill (ကျောင်းသင်ခန်းစာ) တွေမှာပိုပြီး စွမ်းဆောင်နိုင်ကြပါတယ်။ School Grading (ကျောင်းက ရလဒ်)တွေမှာဆိုရင် ဇီးကွက်လေးတွေထက် စောစောထတတ်တဲ့သူတွေကပိုပြီး မြင့်မားတဲ့နေရာမှာ ရှိနေပါတယ်။

ဒီတော့ ဇီးကွက်လေးတွေအတွက် တိတ်ဆိတ်ငြိမ်သက်တဲ့ညက အေးဆေးတယ်၊ အနှောင့်အယှက်ကင်းတယ်၊ ပိုပြီးအာရုံစူးစိုက်လို့ ကောင်းတယ်၊ အကြံဉာဏ်ကောင်းတွေထွက်တယ်။ အဲဒါကြောင့် သူတို့ဟာ ပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ စည်းစနစ်ကျပြီးအကွက်စေ့အောင် တွေးခေါ်တတ်သူတွေ ဖြစ်ပါတယ်။ သူတို့အတွက် ညနေပိုင်းကစလို့ နောက်ပိုင်းအချိန်တွေက အတက်ကြွဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မနက်အစောကြီးထပြီး လှုပ်ရှားသွားလာတာမျိုးမရှိတဲ့အတွက် အားအင်တွေက ညနေပိုင်းအထိ လတ်ဆတ်နေသေးလို့ပါ။  အက်ဒ်မင်ဆိုရင် ညဘက်အလုပ်လုပ်မှ productive ဖြစ်တယ်၊ ပိုပြီးလည်း အာရုံစူးစိုက်လို့ကောင်းတယ်။ ပတ်ဝန်းကျင်က တဖြည်းဖြည်း တိတ်ဆိတ်သွားတာကိုး။ ညကိုဘယ်လောက် နောက်ကျနောက်ကျနေနိုင်တယ်၊ မနက်အစောကြီးဆိုရင် ကုတင်ပေါ်ကဆွဲချရင်တောင်မရတဲ့လူမျိုးပါ။

သိပ္ပံနည်းကျ တွေ့ရှိချက်တွေကတော့ ဇီးကွက်တွေရဲ့အားသာချက်တွေကို ထောက်ပြသွားပါပြီ။ အဲ့တော့ ဇီးကွက်ယောင်းယောင်းလေးတွေလည်း သူများတွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးပြောလို့ စိတ်ညစ်ပြီး အတင်း early bird ဖို့မကြိုးစားပါနဲ့နော်။ လူဆိုတာ ကိုယ်သန်ရာသန်ရာမို့လို့ အားသာချက်ကတော့ တစ်မျိုးစီရှိစမြဲပါ။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ဖို့တော့ စိတ်ပူစရာမလိုပါဘူး။

If you are a night owl, SO BE IT!!!!

မှတ်ချက်။ ။ အဲ့လိုဆိုလို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လုံးဝမအိပ်တာမျိုး မနက် ၄ ၅ နာရီ မှ အိပ်ပစ်တာမျိုးတော့ မလုပ်နဲ့နော်။ အဲ့လိုဆိုရင် နောက်နေ့ တစ်နေ့လုံး နေလို့ ထိုင်လို့ မကောင်းဖြစ်တတ်တာမို့ပါ။

For you!

Bori (For Her Myanmar)

References: Smithsonianmag , Psychology Today

No Comments Yet

Comments are closed