အွန်လိုင်းလည်းသုံး ပိုက်ဆံလည်းရှာ

အွန်လိုင်းကို အပျော်သက်သက်ပဲ သုံးနေတော့မှာလား? အွန်လိုင်းသုံးပြီး ဝင်ငွေတိုးလာအောင် ဒီလိုလေးတွေ လုပ်လို့ရပါတယ်..

အင်တာနက်ကိုလွယ်လွယ်ကူကူနဲ့ သုံးနိုင်လာတဲ့နောက် လူငယ်တွေအတွက် သိစရာ၊မြင်စရာ၊တတ်စရာတွေ ပိုတိုးလာတယ်။ အင်တာနက်ဖိုးကလည်း ကျွန်တော်တို့ဝင်ငွေရဲ့ဆယ်ပုံတစ်ပုံလောက်တောင် ရှိကြမယ်ထင်တယ်။ အင်တာနက်ကို ဖျော်ဖြေရုံသက်သက်အတွက်သုံးတာပိုများကြမှာပါ။ နောက်မှာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အဆက်အသွယ်လုပ်တာ၊ သင်ချင်တက်ချင်တာတွေလေးရှာဖွေတာ အပြင် အွန်လိုင်းကြီးကိုအသုံးချပြီး ပိုက်ဆံလည်း ပြန်ရအောင်လုပ်နိုင်ပါတယ်။ ပိုက်ဆံကိုဘယ်လိုတွေ ပြန်ရအောင်ရှာမလဲဆိုတော့

စာရေးမယ်၊ ဘလော့ထောင်မယ်၊ Facebook Page ထောင်မယ်

ကျွမ်းကျင်ရာ၊ ကျင်လည်ရာက လုပ်ငန်းအကြောင်း စတာတွေကို ညီမလေးတို့အနေနဲ့ သတင်းဆောင်းပါးတွေ၊ သို့မဟုတ် စိတ်ဝင်စားစရာ အချက်အလက်တွေအဖြစ်ရေးပြီး အွန်လိုင်းမီဒီယာတွေမှာ ပြန်လည်ရောင်းချနိုင်ပါတယ်။ ဒါမှမဟုတ်ရင် Blog လေးတွေထောင်လိုက်ပါ။ မိတ်ဆွေရဲ့ Blog ကို ဝင်ဖတ်သူ များလာတာနဲ့အမျှ Google AdWords လိုမျိုး ဝန်ဆောင်မှုတွေကတစ်ဆင့် ပိုက်ဆံရရှိနိုင်ပါတယ်။ ထို့အတူ Facebook Page မှာဆိုရင်လည်း Instant Articles တွေကတစ်ဆင့် ပိုက်ဆံကို ရယူနိုင်မှာပါ။ Facebook Page ထောင်သူတွေအဖို့ အကြောင်းအရာကောင်းတွေ ရေးသားဖော်ပြနေလို့ ကြည့်ရှုသူ၊ Like ပေးသူတွေများလာရင် သက်ဆိုင်ရာနယ်ပယ်က စီးပွားရေး ကုမ္ပဏီတွေနဲ့တောင်မှ ချိတ်ဆက်ပြီး ကြော်ငြာတွေရယူနိုင်မှာဖြစ်ပါတယ်။ ဥပမာဆိုရင် ညီမလေးတို့အနေနဲ့ ဖုန်းတွေအကြောင်း၊ ဖုန်းနဲ့ပတ်သက်တဲ့ သုံးသပ်ချက်တွေကောင်းကောင်းရေးနိုင်တာကြောင့် အားပေးသူ၊ လေ့လာသူ Fan တွေအရမ်းများလာရင် မိတ်ဆွေဆီကို ဖုန်းထုတ်တဲ့ကုမ္ပဏီတွေထံမှ ဆက်သွယ်လာပါလိမ့်မယ်။ ခရီးသွားရတဲ့သူတွေအနေနဲ့လည်း Travelers Blog တွေ၊ Facebook Page တွေထောင်ပြီး အလားတူပုံစံမျိုးဝင်ငွေရှာဖွေနိုင်ပါတယ်။ မိတ်ကပ်၊ ဖက်ရှင်အကြောင်းတွေ လေး ရေးနိုင်ပါတယ်။ ကိုယ်ကိုတိုင် Facebook တို့ blog တို့ထောင်ဖို့အချိန်မပေးနိုင်ဘူး ဆိုရင်တောင် For Her Myanmar လိုအွန်လိုင်းမီဒီယာတွေမှာ ဝင်ရောက်ရေးသားပြီး စာမူခတွေရယူနိုင်ပါတယ်။

Related Article >>> တစ်ခါမှ ဒီလိုစုံတဲ့ Online Shopping App မျိုး မကြုံဖူးပါဘူး။ အလန်းစားကြီးတော်။

အွန်လိုင်းက စစ်တမ်းတွေမှာဝင်ရောက်ဖြေဆိုမယ်..

စစ်တမ်းတွေကို အွန်လိုင်းမှတစ်ဆင့် ဝင်ဖြေပေးရင်းနဲ့လည်း ပိုက်ဆံရှာနိုင်ပါတယ်။ မြန်မာပြည်တွင်းမှာတော့ အဲလိုမျိုးလုပ်တဲ့ Website တွေတော့သိပ်မတွေ့သေးပါဘူး။ တစ်ခါတစ်ရံ စစ်တမ်းမှာဝင်ရောက်ဖြေဆိုပေးလို့ ကံစမ်းမဲဖောက်ပေးတာမျိုးတာတော့တွေ့ရပါတယ်။ နိုင်ငံခြား Website တွေဖြစ်တဲ့ CashbackResearch.com တို့လိုမျိုး ဆိုဒ်တွေမှာ စစ်တမ်းတွေကို ဝင်ရောက်ဖြေဆိုပြီး ပိုက်ဆံရှာကြည့်နိုင်ပါတယ်။ ငွေပေးချေမှုပုံစံတွေကတော့ Website တစ်ခုနဲ့တစ်ခုမတူတာကြောင့် သက်ဆိုင်ရာ ဘဏ်အကောင့်တွေ၊ ကတ်တွေဖွင့်ဖို့လိုကောင်းလိုပါမယ်။

မလိုအပ်တဲ့ အိမ်သုံးကုန်ပစ္စည်းတွေ အွန်လိုင်းကရောင်းမယ်

အိမ်မှာမလိုအပ်တော့တဲ့  ခုံအဟောင်းတွေ၊ စာအုပ်စင်တွေ အပါအဝင် ဖုန်းဟောင်း၊ ကွန်ပျူတာဟောင်းစတာတွေ အသုံးမလိုတော့တဲ့အခါ Website တွေ၊ Facebook Group တွေမှာရောင်းချနိုင်ပါတယ်။ Facebook Group တွေမှာ ဖုန်းရောင်းချင်တယ်ဆိုရင်လည်း မိုဘိုင်းဖုန်း ဆိုင်ရာရောင်းဝယ်သူများ စုစုစည်းစည်းရှိကြတဲ့ နေရာတွေမှာ သွားရောက်ပြီးရောင်းချနိုင်ပါတယ်။ အခြားအရာတွေအတွက်လည်း အတူတူပါပဲ… ပစ္စည်းအမျိုးအစားအလိုက် Group တွေရှိတာမို့ ဒီလို Group တွေမှာ သွားပြီးလေ့လာလို့လည်း ရပါတယ်… 

အွန်လိုင်းကိုအသုံးပြုပြီး စာသင်မယ်

မြန်မာနိုင်ငံမှာတော့ အွန်လိုင်းကစာသင်ပေးတဲ့ ဝက်ဘ်ဆိုဒ် (Website) တွေသိပ်မရှိပါဘူး။ ပြင်ပ ဝက်ဘ်ဆိုဒ်တစ်ချို့ဖြစ်တဲ့ http://www.tutorvista.com/teaching-jobs လိုမျိုးဆိုဒ်တွေမှာတော့ စာသင်ပေးရင်း ပိုက်ဆံရှာနိုင်ပါတယ်။ စာသင်ဖို့အတွက်တော့ အဆိုပါဆိုဒ်တွေရဲ့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီဖို့လိုအပ်မှာပါ။ မြန်မာနိုင်ငံအနေအထားဆိုရင် မိတ်ဆွေအနေနဲ့လည်း Facebook ရဲ့ လုပ်ဆောင်ချက်အချို့ဖြစ်တဲ့ Live Video၊ Live Audio အပြင် Facebook Group စတာတွေသုံးပြီး စာသင်ရင်းပိုက်ဆံရှာနိုင်ပါတယ်။ ဒီနေရာမှာ ဗီဒီယို ကျူတိုရီရယ်တွေ ဖန်တီးပြီးလည်း သင်ကြားတာမျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။

ဓါတ်ပုံတွေကို အွန်လိုင်းမီဒီယာတွေကိုရောင်းမယ်..

မိတ်ဆွေအနေနဲ့ သွားရင်းလာရင်း စိတ်ဝင်စားဖွယ်အဖြစ်အပျက်တွေလိုမျိုးတွေနဲ့ ကြုံတဲ့အခါ ဓါတ်ပုံရိုက်ယူပြီး အွန်လိုင်းမီဒီယာတွေကို ရောင်းချနိုင်ပါတယ်။ ပြည်တွင်းမှာ အွန်လိုင်းမီဒီယာတစ်ချို့ကြီးထွားလာတာကြောင့် သည် စီးပွားရေးကလည်းတဖြည်းဖြည်းကြီးထွားလာနိုင်ပါတယ်။

Related Article >>> အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ကြစေဖို့။

ကျွမ်းကျင်ရာအလုပ်တွေကို Freelanceအနေနဲ့လုပ်မယ်

ကိုယ်ကျွမ်းကျင်ရာဖြစ်တဲ့ အိုင်တီနည်းပညာဖြစ်စေ၊ စာရေးသားခြင်းဖြစ်စေ၊ ဓါတ်ပုံအစရှိတဲ့ သက်ဆိုင်ရာနယ်ပယ်အလိုက် အလွတ်တန်း အချိန်ပိုင်းလုပ်နိုင်တဲ့ အလုပ်တွေကို  အလွတ်တမ်း ရေးနိုင်တဲ့ Website တွေမှာ ရှာဖွေနိုင်ပါတယ်။ ပြည်တွင်းအလုပ်အကိုင်ရှာဖွေတဲ့ website တချို့ဖြစ်တဲ့ myjobs.dbwork.com.mm စတာတွေမှာ Part Time အလုပ်တွေရှိပါတယ်။ ခုနောက်ပိုင်းဆို အွန်လိုင်းပလက်ဖောင်းတွေဖြစ်တဲ့ chatesat ဝက်ဘ်ဆိုဒ်၊ mmfreelance ဝက်ဘ်ဆိုဒ်တွေမှာလည်း ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ website တွေထဲ မဝင်ချင်ဘူးဆိုရင်တောင် Grab jobs app လေးဒေါင်းပြီး ကိုယ်နဲ့သင့်လျော်ရာ ၊ ကိုယ်ဝါသနာပါရာ အချိန်ပိုင်း၊ အချိန်ပြည့်အလုပ်တွေ ရှာဖွေနိုင်ပါတယ်။ 

စာအုပ်တွေကို Digital စာလုံးတွေပြောင်းမယ်

စာအုပ်တွေကို Digital အဖြစ်ပြောင်းလဲတဲ့ အလုပ်တချို့လည်းတွေ့ရပါတယ်။ ကွန်ပျူတာ ကျွမ်းကျင်သူတွေအတွက် အိမ်မှာနေရင်း အားလပ်ချိန်တွေမှာ စာတွေရိုက်နိုင်တာမျိုးပါ။ 

ဒီလိုအလုပ်မျိုးတွေအများကြီးရှိနေတဲ့ အွန်လိုင်းလို ကမ္ဘာကြီးကို ရွာဖြစ်အောင်လုပ်နိုင်တဲ့ နေရာတစ်ခုမှာ ညီမလေးတို့ရဲ့ အချိန်တွေကို Facebook သုံးရင်းနဲ့ပဲ ဖြုန်းမပစ်ပါနဲ့လား.. လေ့လာစရာ၊ သင်ယူစရာတွေကို လေ့လာသင်ယူရင်း အွန်လိုင်းကို အကျိုးရှိရှိ အသုံးချလိုက်ရအောင်..

Alex Aung ( For Her Myanmar )

 

No Comments Yet

Comments are closed