တစ်ချိန်က ဖေဖေ

မနှစ်က ဒီလိုအချိန်ထိ ဖေဖေ ရယ် မေမေရယ် သမီးတို့ ညီအစ်မ (၂) ယောက်ရယ်
တစ်အိမ်ထဲ တစ်မိုးအောက်ထဲမှာ ရှိတာလေးကို တစ်ဝိုင်းထဲတူတူစားရင်း ရှိနေခဲ့သေးတယ်နော်။
ခုတော့ ဖေဖေမပါတဲ့ ထမင်းဝိုင်းလေးက ခြောက်ကပ်လို့။ 🙁
နောက်ထပ် သုံးလ ဆိုရင် ဖေဖေနဲ့ မေမေ ကွဲတာတောင် တစ်နှစ်ပြည့်တော့မယ်နော်။
သမီး မှတ်မိပါသေးတယ်။ ဖေဖေနဲ့မေမေ တစ်ယောက်နဲ့တစ်ယောက် ကြင်နာခဲ့ကြတာတွေ။
ပါးစပ်က မချစ်ဘူးမချစ်ဘူးပြောခဲ့ကြပေမယ့် တကယ်တမ်း တစ်ယောက်နဲ့တစ်ယောက် ဦးစားပေးတတ်တာလေးတွေ။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဖေဖေ အလုပ်မလုပ်နိုင်တော့ မေမေ့မှာ ရှိတာလေးကို ထုခွဲရောင်းချပြီး
သမီးတို့ကို မျက်နှာမငယ်အောင် ထားပေးခဲ့တာ။ ပိုက်ဆံမပေါပေမယ့် ဟင်းမကောင်းရင် မစားတတ်တဲ့ ဖေဖေ့အတွက်

အနည်းဆုံး အသားဟင်းတစ်ခွက်တော့ ရအောင် ချက်ပေးတတ်တာလေးတွေ။
ဖေဖေကလည်း မြို့ထဲသွားရင် မေမေကြိုက်တတ်တဲ့ မုန့် လေး တွေ ဝယ်ဝယ်လာတတ်တာတွေ။

ပြီးတော့ သနပ်ခါးကို ခြေဆုံးခေါင်းဆုံး လိမ်းတတ်တဲ့ မေမေအတွက် သနပ်ခါးဆိုလည်း မပြတ်ရအောင်

ဝယ်ပေးတတ်သေးတာလေးတွေ။
ပြီးတော့ ညနေထမင်းဝိုင်းမှာ လူစုံမှ တက်ညီလက်ညီ စားခဲ့တာလေးတွေ သမီးမျက်လုံးထဲ ပြန်ပြန်မြင်ယောင်မိပါရဲ့။
ဟိုးအရင်ကဆို မေမေ ဟင်းချက်ပြီဆို ဖေဖေက ငရုတ်သီးထောင်းပေး ကြက်သွန်နွှာပေးနဲ့

တက်ညီလက်ညီ ထမင်းဟင်းချက်လို့၊ မေမေက အဝတ်လျှော်ပြီဆိုလည်း ဖေဖေက အဝတ်ညှစ်လို့။
သမီးတို့ ညီအစ်မတွေဆိုလည်း သူများတွေကြား ဘယ်တော့မှ မျက်နှာငယ်ခဲ့ရတယ်မရှိဘူး။
ဒီလို မိသားစု ဘဝလေးကို ဆုံးရှုံးရလိမ့်မယ်လို့လည်း သမီး ဘယ်တော့မှ မတွေးမိခဲ့ဘူး။

ဒါပေမယ့် ဒီအိမ်မက်ဆိုးကြီးက တကယ်ဖြစ်သွားခဲ့ပြီလေ။ ေ

ဖဖေ့ကို သမီးတို့ လွမ်းသလို၊ ဖေဖေလည်း သမီးတို့ကို လွမ်းနေမယ်ဆိုတာ သမီး ကောင်းကောင်းကြီး သိပါတယ်။
ဒါပေမယ့် ဖေဖေရယ် လူတွေရဲ့ အတ္တဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ်။

ပိုင်သာပိုင် မဆိုင်တော့တဲ့သူကို အတ္တကြီးစွာ ပိုင်ဆိုင်ဖို့ ကြိုးစားတတ်ကြတယ်။

အဲ့လူတွေထဲမှာ ဖေဖေ့အစ်မ သမီးရဲ့ အဒေါ်တွေ ဖြစ်ခဲ့သူတွေလည်း ပါတာပေါ့။

ဖေဖေ့ကို သမီးတို့နဲ့ ကွဲအောင် သူတို့ သမီး ဟိုးငယ်ငယ် ကလေးဘဝကတည်းက ကြိုးစားခဲ့ကြတယ်။
ဖေဖေနဲ့ မေမေ အဆင်ပြေမှာ သူတို့ မလိုလားကြဘူးလေ။

ဒါကြောင့် ဟိုးအရင် သမီးတို့ ငယ်ငယ်ကတည်းက မေမေ့ကို ကျွန်တစ်ယောက်လို ဆက်ဆံခဲ့ကြတယ်။
ဒါပေမယ့် မေမေက ဖေဖေ စိတ်ဆင်းရဲမှာစိုးလို့၊ မိန်းမနဲ့ အစ်မတွေကြား ညပ်နေမှာစိုးလို့ ဆိုပြီး တစ်ခွန်းမှ မညည်းညူခဲ့ဘူး။
သမီးတို့ ငယ်ငယ်က ဒါတွေကို နားမလည်ခဲ့ဘူး။ မေမေ့အပေါ်မှာလည်း တာဝန်မကျေခဲ့မိဘူး။
ဒါပေမယ့် သမီးတို့ ကြီးလာတဲ့အခါကျတော့ မေမေ့ကို သနားတတ်လာတယ်။

မင်းသမီးခေါင်းဆောင်းထားတဲ့ ဖေဖေ့အစ်မတွေရဲ့ စကားတွေကို အံ့သြမိတယ်။

ဖေဖေ့ရှေ့မှာ တစ်မျိုး၊ ဖေဖေ့ကွယ်ရာမှာ တစ်မျိုးလုပ်တတ်တဲ့သူတို့ကို ရွံကြောက်ဖြစ်လာတယ်။
ပြီးတော့ သူတို့က အမြဲ ဖေဖေ့ကို ကုန်းချောခဲ့ကြတယ်နော်။ သစ်ပုတ်ပင်တောင်မှ နဲ့ပါများရင် နဲ့ လာတတ်သေးတာပဲ။

ဘယ်လောက်ပဲ မိသားစု အပေါ် ခင်တွယ်ပါတယ်ပြောပြော၊ ဖဖေတစ်ယောက် ဖေဖေ့အစ်မတွေရဲ့ စကားမှာ မြောပြီး

သမီးတို့ကို စွန့်ပစ်ခဲ့တာပဲနော်။ ဟိုတစ်လောက ဖေဖေ့သတင်းတွေ ကြားမိရဲ့။ ဖေဖေ အရက်သမားကြီး လုံးလုံး ဖြစ်နေပြီတဲ့။

သမီး အစောကြီးထဲက ဒီလိုဖြစ်မယ်မှန်း ရိပ်စားမိသားပဲ။ အရင်တည်းက မေမေချက်တဲ့ဟင်းကလွဲရင် မစားတတ်တဲ့ ဖေဖေ၊

သမီးတွေကို သံယောဇဉ်ကြီးတဲ့ ဖေဖေ ဒီလိုမှ မဖြစ်ရင် ဘယ်လိုဖြစ်မလဲ။

ဒါပေမယ့်လည်း ဖေဖေရယ် သမီးတို့ကို စွန့်ပစ်ပြီး ဖေဖေ့အစ်မတွေကို ရွေးချယ်ခဲ့တာပဲ။

တကယ်တမ်း ဖေဖေ ဂုဏ်ယူနေသင့်တာပေါ့။ လွန်ခဲ့တဲ့တစ်ပါတ်က ဖေဖေ သမီးကို ခေါ်ထားတဲ့ Missed call တွေ အများကြီး

သမီးတွေ့ပါတယ်။ ဒါပေမယ့် ဖေဖေ ဘယ်သိမလဲ၊ ဖေဖေ့ဖုန်းကို သမီး ဘလော့ထားတယ်ဆိုတာ။
သမီး ဖေဖေ့ကို ချစ်ပေမယ့် အပြောင်းလဲ မြန်လွန်းပြီး ဟန်ဆောင်ကောင်းလွန်းတဲ့ ဖေဖေ့ အစ်မတွေကို မုန်းလည်းမုန်းတယ်၊

ရွံလည်းရွံတယ်။ သမီး ဒီလိုတွေ ပြောတာကို မြင်ရင် အစ်မတွေကို ရိုသေလေးစားတတ်တဲ့ ဖေဖက သမီးကို

ဘယ်လောက်တောင် ဆူလိုက်မလေလည်းနော်။ ဖေဖေဆက်တယ်ဆိုတာကလည်း အရင်လို ပေါင်းစည်းဖို့ပဲ နေမှာ။

ဒါပေမယ့် ဖေဖေရယ် တစ်ကိုယ်ကောင်းဆန်ပြီး ငါ့ဥမှငါ့ဥ ဖြစ်နေတဲ့ အတ္တကြီးကြီး လူတွေနဲ့ ဖေဖေ ဆွေမျိုးတော်နေသရွေ့

သမီးတို့နဲ့ ဘယ်လိုမှ ဖြစ်နိုင်မယ်မထင်ပါဘူး။ အရင်လို ပျော်ဖို့ကောင်းတဲ့မိသားစုလေး ပြန်ဖြစ်ဖို့ဆိုတာလည်း
ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်တော့ပါဘူး။

ဒါကြောင့် ချစ်သူတွေ လင်မယားတွေကြားမှာ ကြားလူပါလာရင် လက်တွဲတွေ ပြုတ်တတ်တယ်လို့ ပြောကြတာနေမှာ 🙁
ဖေဖေနဲ့ မေမေတို့ကို ကြည့်ပြီး သမီး တစ်ခုတော့ ဆုံးဖြတ်ချက်ချမိတယ်။ တကယ်လို့ သမီး အိမ်ထောင်ပြုတဲ့အခါကျရင်
ဆွေမျိုးတွေနဲ့ ဝေးရာမှာမှာ လင်မယားနှစ်ယောက် သီးသန့် တစ်ကမ္ဘာလေး ဆောက်ပြီး နေမယ်လို့။ ဒါမှ ဘယ်သူမှ ကြားဝင်တိုးလို့မရတော့မှာလေ။ အချိန်တန်လို့ သားလေး မွေးလာတဲ့အခါကျရင်လည်း သူတို့ လင်မယားကြား ဝင်မစွက်ဖက်ဘူးလို့လေ။
ဖေဖေ့ကို လွမ်းဆွတ်တမ်းတလျက်
သမီးကြီး
Jasmine (Forhermyanmar)

No Comments Yet

Comments are closed