အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ သန့်ရှင်းရေးလုပ်ကြမယ်။

အမယ်.. ဒီလိုကျတော့လည်း လွယ်သား… 

ကိုယ့်အိမ်မှာ ရှိတဲ့ ပစ္စည်းအချို့ဟာ အိမ်သန့်ရှင်းအတွက် အရမ်းအသုံးဝင်တယ်ဆိုတာ သတိထားမိကြလား ယောင်းတို့ ။ မှန်တွေသုတ်ဖို့ မှန်ကြည်ဆေး သီးသန့်ဝယ်စရာမလို ၊ မီးဖိုချောင်က အစွန်းအထင်းတွေ ရှင်းဖို့ အစွန်းချွတ်ဆေးတွေ တကူးတက ဝယ်စရာမလိုပါဘူး။ ဒီအိမ်တွင်းပစ္စည်းတွေနဲ့ သန့်ရှင်းရေးလုပ်လိုက်ရင် အိမ်က သန့်ရှင်းတောက်ပြောင်သွားမှာပါ။ ကဲ.. စိတ်ဝင်စားသွားပြီဟုတ်? ဒါဆို ဘယ်ပစ္စည်းတွေသုံးလို့ ဘယ်လိုနေရာတွေကို သန့်ရှင်းရေးလုပ်ရမလဲ ကြည့်ကြရအောင်နော်…

၁။ ရေချိုးခန်း

ရေချိုးခန်းညစ်ပတ်နေလို့ သန့်ရှင်းမယ်ဆိုရင် ဒီနည်းလေး လုပ်ကြည့်ပါ။ ဆားနဲ့ သံပရာရည်နဲ့ရောပါ။ အရောကို ရေမြုပ်ဖော့နဲ့ ယူပြီး ရေချိုးခန်းကို တိုက်ပေးပါ။ ရေချိုးခန်းတင်မဟုတ်ပါဘူး။ ကြောင်အိမ်ဗီရိုတွေ လဲ ဒီနည်းနဲ့ တိုက်ပြီး ဆေးကြောလို့ ရပါတယ်။ တိုက်ပြီးရင် ရေဆေးပြီး အဝတ်ခြောက်နဲ့ လိုက်သုတ်ပေးပါ။

၂။ မီးဖိုချောင်နဲ့ ရေခဲသေတ္တာ

မီးဖိုချောင်ကော်နာတွေနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ ၊ ရေခဲသေတ္တာတွေ ညစ်ပတ်နေတယ်ဆိုရင်တော့ ဆော်ဒါလေးဇွန်းကို ရေနွေးလေးပုံတစ်ပုံ ရောပြီးတိုက်ပါ။ ရေမြုပ်ဖော့လေးနဲ့ပဲ တိုက်နော်။

Related Article >>> ရှူးဖိနပ်အဖြူလေးတွေကို အသစ်အတိုင်း ဖြူဖွေးသွားစေနိုင်မဲ့ နည်းလမ်း (၆)သွယ်

၃။ မှန်

မှန်တွေညစ်ပတ်နေရင်တော့ ပြန်ကြည်အောင်လုပ်ဖို့ လွယ်လွယ်လေးပါ။ ရေ၄ဆ ၊ရှာလကာရည် ၁ဆ၊ အရက်ပြန်ဝ.၅ဆ ကိုရောပြီး စပရေးဘူးထဲ ထည့်ပါ။ မှန်တွေကို စပရေးလိုက်ဖြန်းပြီး တိုက်လိုက်ရင် ကြည်လင်သွားမှာပါ။

၎။ အဆီတွေ

မီးဖိုချောင်မှာ အဆီတွေပေနေတဲ့အခါ ကြာလာတဲ့အခါ မှိုင်းတွေပါတက်လာပြီး သန့်ရှင်းရတာ ခက်နေတတ်ပါတယ်။ ဒီအတွက် အရမ်းလွယ်တဲ့ နည်းလမ်းလေးရှိပါတယ်။ ရှာလကာရည်ကို စပရေးဘူးထဲထည့်ပြီး သန့်ရှင်းချင်တဲ့နေရာကို ဖြန်းပါ။ ၅မိနစ် ၁၀မိနစ်လောက်ထားပြီး အဝတ်ခြောက်နဲ့ သုတ်လိုက်ပါ။

နောက်တစ်နည်းကတော့ ဆော်ဒါနဲ့ သန့်ရှင်းတာပါ။ ရေမြှုပ်နဲ့ ဆော်ဒါမှုန့်ကို ယူပြီး  ပေကျံနေတဲ့နေရာကို တိုက်ပါ။ ပြီးသွားရင် အဝတ်ခြောက်နဲ့ သုတ်လိုက်ပါ။

၅။ ဆိုဖာခုံတွေ

ဆိုဖာခုံတွေမှာ အစွန်းအထင်းတွေ ပေသွားခဲ့ရင် ပြန်ဆေးကြောဖို့ နည်းလမ်းက အလွယ်လေးပါ။ ရှာလကာရည် ၁ဆ ရေနွေးနွေး၃ဆ ရောပါ။ ဆပ်ပြာမှုန့်တစ်ဇွန်းထည့်ပါ။ ပြီးရင် စပရေးဘူးထဲထည့်ပြီး စွန်းထင်းနေတဲ့နေရာကို ဖြန်းပါ။ အဝတ်စနဲ့ အစွန်းပျောက်သွားတဲ့ထိ ပွတ်တိုက်ပါ။ အစွန်းပျောက်သွားရင် ရေဆွတ်ထားတဲ့ နောက်ထပ် အဝတ်စတစ်ခုနဲ့ ပြန်ဆေးကြောပါ။ လေနဲ့ပဲ အခြောက်ခံပါ။

ယောင်းတို့ရေ…. ဒါတွေကတော့ အိမ်သန့်ရှင်းရေးလုပ်ဖို့ အရမ်းခေါင်းစားစရာမလိုဘဲ လွယ်ကူတဲ့ နည်းလေးတွေနော်။ ဈေးလည်းသက်သာပြီး အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ပဲ အလွယ်တကူလုပ်လို့ရတော့ အဆင်ပြေတာပေါ့။ ဒီနည်းလမ်းလေးတွေသုံးပြီး သန့်ရှင်းတောက်ပြောင်တဲ့အိမ်လေးဖြစ်အောင် ဖန်တီးလို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်ပါကွယ်.. မေမေတွေရှေ့လည်း အမှတ်ယူလို့ရပြီနော်…

Hana (For Her Myanmar)

Reference : HGTV , EarthEasy

No Comments Yet

Comments are closed