ဟောလိုးဝင်းညရဲ့ လျှို့ဝှက်ဆန်းကြယ် လူသတ်မှု

အချစ်အတွက် လူသတ်တယ်ဆိုတာ ဇာတ်လမ်းတွေထဲမှာပဲ ရှိသလားဆိုတော့ …

၁၉၅၇ ခုနှစ်ရဲ့ ဟောလိုးဝင်းညတစ်ညမှာဖြစ်ပါတယ်။ ပီတာ နဲ့ ဘက်တီ တို့ ဇနီးမောင်နှံနှစ်ဦး ညအိပ်ယာဝင်ဖို့ပြင်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာပဲ အိမ်ရှေ့တံခါးခေါက်သံကို ကြားလိုက်ရပါတယ်။ ဟောလိုးဝင်းညဖြစ်နေတော့ သကြားလုံးလာတောင်းတဲ့ ကလေးတွေပဲဖြစ်မယ်လို့ သူတို့ တွေးမိလိုက်ပါတယ်။ ဒါကြောင့်ပဲ ပီတာ ဟာ သကြားလုံးပေးဖို့ အောက်ဆင်းပြီး တံခါးဖွင့်လိုက်ပါတယ်။

“ဒီအချိန်ကြီး သကြားလုံး လာတောင်းရသလား” ဆိုတဲ့ ပီတာရဲ့ အသံနဲ့အတူ အမျိုးသမီးသံလိုလို အမျိုးသားသံလိုလို တစ်ခုကြားလိုက်ရပြီး နောက်ဆက်တွဲမှာတော့ ဒုတ် ဒုတ် ဆိုတဲ့အသံတွေ၊ ပလုံးပထွေးညည်းညူသံတွေ၊ အရှိန်နဲ့ မောင်းထွက်သွားတဲ့ ကားသံတွေကိုကြားလိုက်ရတာကြောင့် ဘက်တီတစ်ယောက်အိမ်အောက်ကိုပြေးဆင်းပြီး ကြည့်လိုက်ပါတယ်။

အဲဒီအခါ ပီတာဟာ သွေးအိုင်ထဲလဲကျနေတာကိုတွေ့လိုက်ရတာကြောင့် အလျင်အမြန်ဆေးရုံတင်လိုက်ပေမဲ့ ပီတာဟာ လမ်းမှာတင်ပဲဆုံးပါးသွားပါတယ်။ ဒီလိုနဲ့ ပီတာ ဖာဘီယန်နို ရဲ့ အမှုဟာ နောက်ပိုင်းမှာ ဟောလိုးဝင်းညလူသတ်မှု (Trick or Treat Murder) ဆိုပြီး လူအများစိတ်ဝင်စားခံရတဲ့ အမှုတစ်ခုဖြစ်လာပါတယ်။

ပီတာ နဲ့ ဘက်တီ

အလှပြင်ဆိုင်များစွာ ပိုင်ဆိုင်တဲ့ ပီတာ ဖာဘီယန်နို ဟာ နောက်ကြောင်းကင်းရှင်းသူဖြစ်တာကြောင့် သူ့ကိုဘယ်သူက ဘာရန်ညှိုးကြောင့် သတ်ဖြတ်သွားတယ်လို့ ခန့်မှန်းရခက်စေခဲ့ပါတယ်။ လူသတ်မှုဖြစ်ပြီး နှစ်ပတ်ကြာသည်အထိ ကျူးလွန်သူကိုမခန့်မှန်းနိုင်ခဲ့သေးတဲ့အခါ ပီတာ ရဲ့ ဇနီး ဘက်တီက ပီတာ့ကို ရန်ညှိုးဖွဲ့သူတစ်ဦးရှိတယ်လို့ ထွက်ဆိုခဲ့ပါတယ်။
သူကတော့ တစ်ချိန်က ပီတာ့ ဆိုင်မှာ အလှပြင်ဆရာမအဖြစ်အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဂျိုအန် ဆိုတဲ့အမျိုးသမီးဖြစ်ပါတယ်။ တစ်ခါက ပီတာ နဲ့ ဘက်တီ အဆင်မပြေဖြစ်ခဲ့စဉ်မှာ ဘက်တီ က ဂျိုအန် နဲ့အတူလာရောက်နေထိုင်ခဲ့ပါတယ်။ ဂျိုအန် ဟာ အမျိုးသမီးချင်းချစ်ကြိုက်သူဖြစ်ပြီး အဲဒီကာလမှာ ဘက်တီ နဲ့ မရှင်းမရှင်းဖြစ်ခဲ့ကြပါတယ်။

ဂျိုအန်

နောက်ပိုင်းမှာ ပီတာ နဲ့ ဘက်တီ ပြန်အဆင်ပြေသွားတော့ ပီတာက ဘက်တီ့ကို ဂျိုအန်နဲ့ နောက်ထပ်ဘယ်တော့မှ မတွေ့ဖို့ တားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခါ မနာလိုဝန်တိုမှုကြောင့် သတ်တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့ယူဆပြီးနောက် ဂျိုအန် ကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
ဂျိုအန်က ပီတာအသတ်ခံရချိန်မှာ သူ အိမ်မှာရှိကြောင်း၊ သူ့ရဲ့ကားကို အိမ်ရှေ့မှာ တစ်ချိန်လုံး ရပ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မိတ်ဆွေတွေကို စစ်ဆေးတဲ့အခါ ဂျိုအန်ရဲ့ မိတ်ဆွေမာဂရက်က သူ့ကားကို အဲဒီညမှာပဲ ဂျိုအန် ငှားယူသွားကြောင်း ထွက်ဆိုခဲ့ပါတယ်။
ဂျိုအန်ကို စွပ်စွဲဖို့အတွက် ဒီလို သက်သေတွေရခဲ့ပေမဲ့ ပီတာ့ကိုသတ်ကြောင်း သက်သေကိုတော့ ဘယ်လိုမှမရတာကြောင့် သူ့ကို အမှုကလွှတ်ပေးခဲ့ရပါတယ်။

Related Article >>> အပျော်တမ်း လူသတ်တမ်း ကစားခဲ့သူ (သို့) Joanna Dennehy

ဒီလိုနဲ့ အမှုကွင်းဆက်ပြတ်နေတုန်း တစ်လခန့်အကြာမှာ စတိုးဆိုင်တစ်ခုက ငှားရမ်းတဲ့ လော့ခ်ကာအခန်းငယ် တစ်ခုမှာ သေနတ်တစ်လက် လာအပ်ထားကြောင်း သတင်းရခဲ့ပါတယ်။ အဲဒီ သေနတ်ကို စစ်ဆေးကြည့်တဲ့အခါ ပီတာကို သတ်ခဲ့တဲ့ သေနတ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဂိုးလ်ဒိုင်း (ဘယ်ဘက်)

ဒီသေနတ်ကို လာအပ်ခဲ့တဲ့သူကို စုံစမ်းကြည့်တော့ ဂိုလ်းဒိုင်း ဆိုတဲ့အမျိုးသမီးဖြစ်ကြောင်းခြေရာခံမိပြီး သူ့ကိုချက်ချင်းဖမ်းဆီးခဲ့ပါတယ်။ သူ့ကိုစစ်ဆေးတဲ့အခါ ပီတာ့ကို သတ်ခဲ့ကြောင်းဝန်ခံပါတော့တယ်။ ဒါတင်မက ဂျိုအန်က ဒီလိုသတ်ဖို့အစီအစဉ်ချပေးခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ဂျိုအန် နဲ့ ဂိုးလ်ဒိုင်း တို့ဟာ အမျိုးသမီးချင်းချစ်သူတွေဖြစ်ကြပြီး ဂျိုအန် နဲ့ ဘက်တီတို့ ခွာပြဲအပြီး တွေ့ခဲ့ကြတာပါ။ ဂျိုအန် က ဂိုးလ်ဒိုင်းကို ပီတာ ဘယ်လောက်မုန်းစရာကောင်းကြောင်း၊ ဘက်တီ နဲ့ ကလေးတွေကို ဘယ်လိုနှိပ်စက်ကြောင်း၊ အရှင်မထားသင့်တဲ့ မကောင်းဆိုးဝါးဖြစ်ကြောင်း နေ့စဉ်ရက်ဆက်ပြောဆိုခဲ့ပါတယ်။ ဒီအခါ ဂိုးလ်ဒိုင်းဟာ ပီတာ့ကို မမြင်ဖူးဘဲ မုန်းလာခဲ့တော့တာပါပဲ။

အဲဒီနောက် သူတို့နှစ်ယောက်ဟာ ပီတာ့ကို သတ်ဖို့အစီအမံတွေ အကွက်ချပါတော့တယ်။ ပီတာ့ကို သတ်ရင် ရုပ်ဖျက်ပြီးသတ်မှာမို့ မသင်္ကာအဖြစ်မခံရအောင် ရုပ်ဖျက်ဝတ်စုံတွေ ဝတ်ဆင်ကြတဲ့ ဟောလိုးဝင်းညကို ရွေးချယ်လိုက်ပါတယ်။ ပီတာ တို့အိမ်ကို ဂျိုအန်က ကားမောင်းလိုက်ပို့ကာ ရုပ်ဖျက်ထားတဲ့ ဂိုးလ်ဒိုင်းက ပီတာ့ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက် ဂျိုအန်ဆီ ပြန်လာကာ အနမ်းလေးတစ်ချက်ပေးလိုက်တော့ ဂျိုအန်က ကျေးဇူးပဲလို့ ပြောလိုက်ပါတော့တယ်။

ဒီလူသတ်မှုအကြောင်း စစ်ဆေးတဲ့အခါ ဂိုးလ်ဒိုင်းကို ဘာကြောင့် ပီတာ့ကို သတ်ရသလဲ မေးတော့ ဂျိုအန် ပျော်စေချင်လို့ပါလို့ ထွက်ဆိုခဲ့ပါတယ်။ ဒီလူသတ်မှုမှာ ဂျိုအန် နဲ့ ဂိုးလ်ဒိုင်းကို သေဒဏ်ချမှတ်ဖို့ စွဲဆိုခဲ့ပေမဲ့ ဂျုရီလူကြီးတွေက ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့ပါတယ်။

Sugar Cane (For Her Myanmar)

References – broadly.vicenydailynews

No Comments Yet

Comments are closed