Book Reviews

ကိုယ့်အကြောင်းကိုယ် သိချင်ကြသူတိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်း (၁)အုပ်

ဒီစာအုပ်ဖတ်ပြီးမှ ကိုယ့်အကြောင်းကိုယ် သေချာသိသွားတော့တယ်..

စိတ်ဓာတ်ကျတယ်၊ စိတ်ညစ်တယ် ဘာညာသာရကာ ဖေ့ဘွတ်ပေါ် စတေးတပ်လေး ခေါက်တင်ရုံနဲ့ စိတ်ညစ်တာတွေ ပြေလည်သွားမှာ မဟုတ်ပါဘူး။ ဘာကြောင့်စိတ်ဓာတ်ကျလဲ၊ ဘယ်အရာက ကိုယ့်ကိုဖိအားပေးနေသလဲ စတဲ့ အရင်းအမြစ်တွေကိုပါ ရှာရမှာပါ။

ပြီးခဲ့တဲ့ နှစ်ထဲမှာ အက်ဒမင် စိတ်ဓာတ်တော်တော်ကျဖူးပါတယ်။ စာရေးတာတောင် နားလိုက်တယ်ဆို ကြည့်လိုက်တော့။ အဲဒီရက်ပိုင်းမှာ ဘာမှ လုပ်ချင်စိတ်မရှိဘူး၊ ဘာမှဖြစ်ချင်စိတ်လည်းမရှိဘူး၊ တဖြည်းဖြည်း လောကကြီးမှာ အလကား ထိုင် အချိန်ဖြုန်းနေတဲ့ အမှိုက်စလို ခံစားလာရတယ်။ အားငယ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တွေတင်လာတယ်။ ဒါပေမဲ့ အချိန်မီအတွင်း ကိုယ့်အကြောင်းကိုယ် လေ့လာဖြစ်သွားတယ် ဆိုပါစို့။

အက်ဒမင့်ရဲ့ကိုယ်ရည်ကိုယ်သွေး လက္ခဏာတွေသိလာတယ်။ အက်ဒမင်ဟာ ကမ္ဘာကြီးမှာ တစ်ယောက်တည်း ဖောက်ထွက်နေတဲ့ လူထူးဆန်းတစ်ယောက်မဟုတ်မှန်း သိလာတယ်။ အဲဒီနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ အခြေခံနဲ့ပတ်သတ်တဲ့ စာအုပ်တွေရှာမိတော့တယ်။ ဒီမှာပဲ ဒေါက်တာ ကျော်စိန်ရဲ့ ကိုယ်ရည်ကိုယ်သွေးစိတ်ပညာဆိုတဲ့ စာအုပ်ကို တွေ့လာတာပါပဲ။

စာအုပ်က ခပ်ပါးပါးလေးပေမဲ့ အထဲမှာရှိတာက အနှစ်တွေချည်းဆိုတော့ကာ….  အဓိက အနှစ်က extrovert(အပြင်စွဲ ကိုယ်ရည်ကိုယ်သွေးရှိသူ)နဲ့ Introvert (အတွင်းစွဲ ကိုယ်ရည်ကိုယ်သွေးရှိသူ)တွေအကြောင်းပေါ့။ လူတိုင်းလူတိုင်းက ဒီကိုယ်ရည်ကိုယ်သွေးနှစ်မျိုးထဲက တစ်မျိုးရှိတတ်ပါတယ်။ တချို့ကတော့ကြားနေပေါ့။ အက်ဒမင်ကတော့ introvertပါ။

ဒါတွေအပြင် စိတ်စွဲသူအကြောင်း၊ စိတ်ချောက်ချားသူတွေအကြောင်းနဲ့ တခြားထူးခြားဆန်းပြားတဲ့ စိတ်အခြေအနေအကြောင်းတွေကိုလည်း ဒီစာအပ်ထဲမှာ ဖော်ပြထားပါသေးတယ်။ အဲဒီထဲက အက်ဒမင့်ကိုဆွဲဆောင်တဲ့ ခေါင်းစဉ်တစ်ခုက hypochondria လို့ခေါ်တဲ့ ရောဂါကြောင့်ကြလွန်ခြင်းပါပဲ။ အက်ဒ်မင်ဟာ ငယ်ငယ်ကတည်းက ရောဂါဖြစ်ပြီဆို အသေကြောက်တာပါ။ ဒါကြောင့်မို့လည်း မိသားတစ်ခုလုံးရဲ့ ချူချာနူနာအဖြစ်နိုင်ဆုံး ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတာနေမှာ 😀 ဒီစာအုပ်ဖတ်လိုက်မှ Introvert တစ်ယောက် ဖြစ်နေတာကလည်း ဒီလိုကြောင့်ကြမှုမျိုးဖြစ်စေဖို့ ပိုစွမ်းဆောင်နေပါလားဆိုတာကို သိလိုက်ရပါတယ်။ ဒီ့အပြင် လိင်တူကြိုက်စိတ်အကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။

Related Article >>> အမျိုးသမီးတိုင်းဖတ်ရှူသင့်တဲ့စာအုပ် (သို့) ကင်မရာကိုင်ခဲ့ရသောကျွန်မ ဘဝ(ပတ္တမြားခင်)

နောက်တစ်ခုကတော့ အောင်မြင်မှုရရှိဖို့ ကိုယ့်စိတ်၊ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဘယ်လို အသုံးချသင့်လဲဆိုတဲ့ တွေးခေါ်နည်းလမ်းစတွေလည်းပါပါတယ်။ extrovertတစ်ယောက် (သို့) introvert တစ်ယောက်အနေနဲ့  ကိုယ့်စရိုက်ထဲက ဘယ်လိုအကျင့်မျိုးကို တတ်နိုင်သလောက်ဖျောက်ပြီး ဘယ်လိုအကျင့်ကောင်းကိုထိန်းထားမယ်ဆို အောင်မြင်မှုတွေရနိုင်မယ်ဆိုတဲ့အကြောင်းကိုလည်း ရှင်းပြထားပါသေးတယ်။

စာအုပ်ဖတ်ပြီးတဲ့ နောက်ပိုင်းမှာ အက်ဒမင့်ခေါင်းထဲ အတွေးသစ်တွေရလာပါတယ်။ ကိုယ့်စိတ်ကိုယ်ပိုလည်း နားလည်လာတဲ့အတွက် စိတ်ဓာတ်ကျတဲ့အခါတိုင်း ဆွဲထူဖို့ လွယ်ကူလာပါတယ်။ အရင်ကထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပိုရှိလာတယ်။ ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်တာထက် ဘယ်လိုကောင်းအောင် မြှင့်တင်ရမလဲဆိုတာကို ပိုတွေးမိလာတယ်ပေါ့နော်။

ဒီစာအုပ်ထဲမှာ အက်ဒ်မင်အကြိုက်ဆုံးအချက်က စာမျက်နှာ ၁၄၀လောက်နဲ့ စိတ်ပိုင်းဆိုင်ရာအခြေခံအနှစ်တွေကို  စာဖတ်သူတွေ လည်မထွက်သွားအောင်၊ နားလည်လွယ်အောင်ရေးထားတာပါပဲ။ အက်ဒမင်ထပ်ပြောမယ်ဆို စာတွေရှည်ပြီး ယောင်းတို့လည်ထွက်သွားမှာမို့ ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးလေး ဖတ်ကြည့်လိုက်ကြနော်။ ကိုယ့်ကိုယ်ရည်ကိုယ်သွေးအကြောင်း ကိုယ်သိထားတော့ ဘယ်အခြေအနေမှာမဆို စိတ်မပြိုလဲအောင် ထိန်းထားနိုင်တာပေါ့။ ဒီလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ စာအုပ်မျိုးတွေ့ရင်လည်း ထပ်ပြီး ယောင်းတို့ကို လက်တို့ဦးမယ်နော်။

Christina (For Her Myanmar)

Christina Rosy
နာမည်ကတော့ ခရစ္စတီးနားပါ။ အလွတ်တမ်း လက်ထောက်အယ်ဒီတာပေမယ့်လည်း အသက်ကတော့ မနုမရင့် ၂၂ပေါ့။ For Her Myanmarမှာ မိတ်ကပ်ကလွဲပြီး စုံစီနဖာ အကြောင်းစုံရေးနေတဲ့ အစားတစ်လိုင်းအက်ဒမင်ပါ။ ဒီ့အပြင် အချစ်ဇာတ်လမ်းတိုတွေ၊ စိတ်ထဲ မကျေနပ်တဲ့အကြောင်းတွေလည်း ဆောင်းပါးအဖြစ်ထုတ်လုပ်တတ်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *