ကမ္ဘာ့သမိုင်းထဲမှာ စံတင်ရလောက်အောင် ထက်မြက်တဲ့ ဘုရင်မ ဗစ်တိုးရီးယား

နေမဝင်အင်ပါယာရယ်လို့ နာမည်တွင်ခဲ့တဲ့ ဗြိတိန်ကို ဒီလောက် တန်ခိုးထွားစေခဲ့တဲ့ ဘုရင်မကြီးက ဘယ်လိုလူမျိုးပါလိမ့်?

မင်္ဂလာပါ ယောင်းတို့ရေ..The Young Victoria ဆိုတဲ့ ဇာတ်လမ်းကြည့်ပြီးပြီလားဟင်? ဗြိတိသျှအင်ပါယာရဲ့ တန်ခိုးကြီး ဘုရင်မ ဗစ်တိုးရီးယားရဲ့ ခက်ခဲကြမ်းတမ်းခဲ့တဲ့ ငယ်ဘဝ နဲ့ အချစ်ဇာတ်လမ်းကို သမိုင်းကို အခြေခံပြီး ရိုက်ကူးထားတာမို့ ကြည့်ရတာ အရသာလည်းရှိသလို အဓိပ္ပာယ်အနှစ်သာရနဲ့လည်း ပြည့်စုံလှပါတယ်။ ဒါနဲ့ ဒီဘုရင်မကြီးက ဘာတွေများ ထူးခြားနေလို့ အထိမ်းအမှတ်ရုပ်ရှင် တကူးတက ရိုက်ကူးနေရတာပါလိမ့်? ဒါကြောင့် အက်ဒ်မင် ခုတစ်ခေါက်မှာတော့ ဗစ်တိုးရီးယားဘုရင်မကြီးအကြောင်း ယောင်းတို့ကို ပြောပြပေးချင်ပါတယ်။

ဒီပုံတော့ ယောင်းတို့ မြင်ဖူးနေကျဖြစ်မှာပါ။

ဝိတိုရိယ ဘုရင်မကြီးလို့ မြန်မာလို ခေါ်ကြတဲ့ ဗစ်တိုးရီးယားဟာ ဗြိတိန်ရဲ့ သမိုင်းမှာ ဒုတိယနန်းသက်အရှည်ဆုံး ဘုရင်မကြီး ဖြစ်ပြီး နေမဝင်အင်ပါယာ ကို ဘုန်းမီးနေလတောက်ပအောင် လွှမ်းမိုးနိုင်ခဲ့တဲ့ ဘုရင်မလည်း ဖြစ်ပါတယ်။ ဗစ်တိုးရီးယားရဲ့ ခမည်းတော်ဟာ “သုံးဆက်မြောက် ဂျော့ဘုရင်မင်းမြတ်” ရဲ့ စတုတ္ထသားတော် ဖြစ်ပြီး မယ်တော်က ကန့် မြို့စားကတော် ဖြစ်ပါတယ်။ သူမရဲ့ တော်ဝင်နာမည်ကို အလက်ဇန်းဒရီးယား
ဗစ်တိုးရီးယား လို့ ပေးခဲ့ကြပါတယ်။ ဗစ်တိုးရီးယား ရဲ့ ငယ်ဘဝဟာ စည်းစိမ်အပြည့်နဲ့ နေခဲ့ရပေမယ့် စိတ်ဆင်းရဲခဲ့ရတဲ့အချိန်က ခပ်များများပါပဲ။ ဗစ်တိုးရီးယား၈လ သမီးအရွယ်မှာပဲ အဖေဖြစ်သူ ကွယ်လွန်သွားတာကြောင့် ငယ်ငယ်လေးနဲ့ မုဆိုးမ ဖြစ်သွားတဲ့ မယ်တော်ဟာ ကိစ္စတော်တော်များများကို ကိုယ်တိုင်မစီမံနိုင်ဘဲ ဂျွန်ကွန်ရွိုင်း ဆိုတဲ့ အစေခံကိုပဲ မှီခိုအားထားပြီး နေလာမိပါတယ်။ ဂျွန် ကွန်ရွိုင်းဟာ ရိုးသားတဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး။ ဘာမှ မသိနားမလည်တဲ့ မုဆိုးမ မြို့စားကတော်နဲ့ လူမမယ်ကလေးကို အသုံးချပြီး လုပ်ပိုင်ခွင့် အာဏာကို ဆုပ်ကိုင်ထားချင်တဲ့သူတစ်ယောက်ပါ။

Toddler Queen Victoria and her Mother

အဲဒီတုန်းက ဗစ်တိုးရီးယားဟာ ထီးနန်းကို ဆက်ခံရဖို့ နံပါတ်လေး နေရာမှာရှိနေတဲ့အပြင် သူ့ရှေ့က ဦးလေးသုံးယောက်မှာ အမွေဆက်ခံဖို့ သားသမီး မရှိတာကြောင့် ဗစ်တိုရီးယားဟာ ဘုရင်မဖြစ်ဖို့ သေချာသလောက်ရှိနေပါတယ်။ ဗစ်တိုးရီးယားလေးကို သူ့မယ်တော်ကော ဂျွန်ကွန်ရွိုင်းကောက သူတို့လိုချင်တဲ့ပုံသွင်းနိုင်ဖို့ စည်းကမ်းတင်းကြပ်စွာ အုပ်ထိန်းခဲ့ပါတယ်။ ဗစ်တိုးရီးယား အတွက် သီးသန့် အချိန်လေးရဖို့တောင် ခွင့်မပြုဘဲ အရမ်းကို တင်းကြပ်ခဲ့တာကြောင့် အမေအပေါ် နာကျည်းမှုတွေနဲ့ ဗစ်တိုးရီးယားဟာ အေးစက်စက်၊ ဂျစ်ကန်ကန်နဲ့ ခေါင်းမာတဲ့ မင်းသမီး အဖြစ် ကြီးလာပါတယ်။

Sir John Conroy

ဗစ်တိုးရီးယား အသက်၁၈နှစ်ပြည့် မွေးနေ့လုပ်ပြီး မကြာခင်မှာတင် သူ့ဦးလေး ဘုရင် William IV (ဝီလီယမ် ၄)  သေဆုံးသွားတာကြောင့် ဘုရင်မ ဖြစ်လာခဲ့ပါတယ်။ ၁၈၁၉ခုနှစ် မေလ၂၄ ရက်ဟာ သူ(မ) ရဲ့ ဘုရင်မ ဘဝ အစပြုတဲ့ နေ့ပါပဲ။  ဘုရင်မ ဖြစ်ဖြစ်ချင်း ဗစ်တိုးရီးယား တောင်းဆိုခဲ့တဲ့ တစ်ခုတည်းသောအရာကတော့ “ကျွန်မကို တစ်နာရီလောက် သီးသန့်နေခွင့်ပေးပါ ” တဲ့။ ၂၄နာရီလုံး စောင့်ကြည့် အုပ်ထိန်းမှုအောက်မှာ စိတ်ဆင်းရဲစွာ ကြီးပြင်းလာရတဲ့ ဘုရင်မ ဟာ ဘက်ကင်ဟမ်နန်းတော်ကို တရားဝင်နေဖို့ ပြောင်းရွှေ့သွားတဲ့အပြင် လွတ်လွတ်လပ်လပ်နေနိုင်အောင် သူမ အမေကိုလည်း သူမနဲ့ ဝေးရာမှာ နေဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ သူမ ငယ်ဘဝကို စိတ်ဆင်းရဲအောင် ကြိုးကိုင်ခဲ့တဲ့ ဂျွန် ကွန်ရွိုင်းကိုလည်း နန်းတော်ကို လာခွင့်ပိတ်လိုက်ပါတော့တယ်။

Lord Melbourne

ငယ်ငယ်လေးနဲ့ ဘုရင်မနေရာ ရောက်လာတာကြောင့် ဗစ်တိုးရီးယားဟာ အဖေတစ်ယောက်လို လေးစားရတဲ့ လော့ဒ်မယ်လ်ဘုန်းဆီမှာ သင်ယူလေ့လာခဲ့ပါတယ်။ ဝန်ကြီးချုပ်လော့ဒ်မယ်လ်ဘုန်းဟာ ဗစ်တိုးရီးယားကို နိုင်ငံရေး၊ အုပ်ချုပ်ရေးတွေနဲ့ပတ်သက်ပြီး သေချာသင်ပြပေးခဲ့တာကြောင့် ထက်မြက်တဲ့ ဗစ်တိုးရီးယားဟာ နိုင်ငံရေးကို ပညာသားပါပါ ကိုင်တွယ်လာနိုင်ပါတယ်။ ဗစ်တိုးရီးယားဟာ သူမရဲ့ ဝမ်းကွဲအကို ဂျာမန်မင်းသားနဲ့ လက်ဆက်ခဲ့ပြီး ကလေး ကိုးယောက် ထွန်းကားခဲ့ပါတယ်။

Related Article >>> တစ်ချိန်က ကိုရီးယားအမျိုးသမီးတွေရဲ့ဘဝ

ဗစ်တိုးရီးယားဟာ ကမ္ဘာ့သမိုင်းမှတ်တမ်းမှာ ထင်ရှားစွာ မှတ်တမ်းတင်ခံရပြီး အင်္ဂလန် ပြည်သူပြည်သားတွေရဲ့ ရင်ထဲစွဲကျန်နေတဲ့အထိ ကောင်းချီးပေးခံရတဲ့ ဘုရင်စနစ်ကို ပုံဖော်ခဲ့ပါတယ်။ အဆောင်အယောင်သက်သက်သာ ဘုရင်စနစ်ကို ထားပြီး တကယ့်နိုင်ငံရေးအာဏာကို ဝန်ကြီးချုပ်က ကိုင်ထားပေမယ့် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို အင်တိုက်အားတိုက်ထောက်ပံ့အားပေးတဲ့ ဗစ်တိုးရီးယားကတော့ ဝန်ကြီးချုပ်တွေထက်တောင် ဘုန်းတန်ခိုးကြီးထွားလာခဲ့ပါတယ်။ အစိုးရဝန်ကြီးချုပ်တွေ အာဏာပြိုင်ဆိုင်မှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာတိုင်း သံတမန်ရေးကျွမ်းကျင်တဲ့ ဘုရင်မဟာ အခြေအနေတွေတည်ငြိမ်သွားအောင် ကြားကနေ ထိန်းသိမ်းပေးလေ့ရှိပါတယ်။ ဘုရင်မကြီးရဲ့ ကျေးဇူးကြောင့် အင်္ဂလန်ဟာ အရင်ဘုရင်ခေတ်ထက် တည်ငြိမ်အေးချမ်းခဲ့ရပါတယ်။

Queen Victoria

ဗစ်တိုးရီးယားဟာ အရင် မင်းဆက်တွေထက် ပြည်သူတွေကို ပိုပြီး အလေးထား ကြည့်ရှုခဲ့ပါတယ်။ဘုရင်မဟာ သူမရဲ့ ပိုင်ဆိုင်မှုတွေကြောင့် အဲ့ခေတ်အခါက အချမ်းသာဆုံးသူတစ်ယောက်ဖြစ်ခဲ့ပေမယ့် ဒီငွေတွေကို ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အတွက် လှူဒါန်းခဲ့ပါတယ်။ သူမဟာ အဖွဲ့အစည်းပေါင်း ၁၅၀ကို ငွေထောက်ပံ့ခဲ့ပြီး သူမရဲ့ ခင်ပွန်း မင်းသားအဲလ်ဘတ်ကတော့ ပညာရေးပြတိုက်တွေ ဖွံ့ဖြိုးလာဖို့ ကူညီအားပေးခဲ့ပါတယ်။ ဘုရင်မဟာ နိုင်ငံတွင်းက ဂိမ်းကစားပွဲတွေ မကြာမကြာ တက်ရောက်လေ့ရှိပါတယ်။ စာရေးကောင်းတဲ့ သူမဟာ အင်္ဂလန်အကြောင်း ကမ္ဘာကသိအောင် စာအုပ်တောင် ထုတ်လိုက်တာမို့ အရောင်းရဆုံး စာအုပ်စာရင်းထဲ ဝင်ခဲ့တဲ့အပြင် အဲ့အချိန်ကစပြီး အင်္ဂလန်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေ များလာခဲ့ပါတယ်။

Related Article >>> ကုဋေတစ်သန်းထိုက်တဲ့ ခြေတစ်လှမ်း

နောက်ပြီး ခရိုင်းမီးယန်းစစ်ပွဲမှာ ရဲရဲဝံ့ ဝံ့ တိုက်ခိုက်ခဲ့တဲ့ တပ်သားတွေကို Victoria Crossလို့ ခေါ်တဲ့ ဆုတံဆိပ်ကို ပေးခြင်းအားဖြင့် တပ်သားတွေကိုလည်း အားပေးချီးမြှောက်ခဲ့ပါတယ်။ အဲ့အချိန်ကစပြီး ရဲရင့်တဲ့တပ်သားတိုင်းကို Victoria Crossဆု ချီးမြှင့်ခဲ့တာ ဒီနေ့ထိပါပဲ။ ဘုရင်မနဲ့ ကြင်ယာတော်တို့ရဲ့ ခါးကိုဖက်ထားပြီး တစ်ယောက်ကို တစ်ယောက် ရိုဆန်ဆန် အကြည်ဆိုက်နေတဲ့ ဓာတ်ပုံတွေကြောင့် နှစ်ယောက်လုံး ဆယ်လီဖြစ်သွားပြီး အဲဒီခေတ်အခါက နာမည်ကြီး ဆယ်လီတွေ ဓာတ်ပုံရိုက်ကြတဲ့ ယဉ်ကျေးမှု ခေတ်စားလာခဲ့ပါတယ်။ မိန်းမတွေဆို ဘုရင်မစတိုင် အတိုင်း ဝတ်စားပြီး အမျိုးသားတွေဆို မင်းသားအဲလ်ဘတ် ရဲ့ ဆံပင်ပုံစံ နဲ့ နှုတ်ခမ်းမွေးရေးရေးအတိုင်း အတုခိုး လိုက်လုပ်ခဲ့ကြပါတယ်။

Queen Victoria and Prince Albert

ဗစ်တိုးရီးယားခေတ်ဟာ ရှေ့ကဘုရင်တွေခတ်နဲ့ အတော်ကွာခြားပြီး ပြည်သူတွေ ရဲ့ အကျိုးစီးပွားကို ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။ သူ(မ) ရဲ့ ဦးလေးတွေ ဟာ အမြဲတမ်းစည်းစိမ်ယစ်မူးပြီး ပါတီပွဲတွေမှာ ငွေအရမ်းသုံးဖြုန်းလေ့ရှိတာကြောင့် တော်ဝင်မျိုးနွယ်ဟာ နာမည်ပျက်ခဲ့ပါတယ်။ ဒါပေမဲ့ ဗစ်တိုးရီးယား လက်ထက်မှာတော့ တော်ဝင်မိသားစုဟာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ ချစ်ခင်လေးစားမှုကို ရရှိခဲ့တာကြောင့် အင်္ဂလန်ရဲ့ ဘုရင်စနစ်ဟာ ဂုဏ်သိက္ခာပြန်ရလာပါတယ်။ ဖြတ်ထိုးဥာဏ်ကောင်းတဲ့ ဗစ်တိုးရီးယားမှာ သံခင်းတမန်ခင်းအရည်အချင်းတွေကိုလည်း ပိုင်ဆိုင်ထားတာကြောင့် အင်္ဂလန်ကို ရန်သူနိုင်ငံတွေလက်က လွတ်အောင် ဖန်တီးခဲ့တဲ့ အဖြစ်အပျက်ပေါင်းကလည်း များစွာပါ။ စည်းမျဉ်းခံ ဘုရင်မတစ်ယောက်ဟာ တိုင်းပြည်ရဲ့ နိုင်ငံခြားဆက်ဆံရေးကို ဝင်ရောက်ခြယ်လှယ်ခွင့်မရှိပေမဲ့ ဗစ်တိုးရီးယားကတော့ သူမရဲ့ သားသမီးတွေကို ဥရောပ အင်အားကြီးနိုင်ငံက မင်းသား မင်းသမီးတွေနဲ့ လက်ဆက်ပေးပြီး အင်္ဂလန်နဲ့ အင်အားကြီးအိမ်တော်တွေကို ပေါင်းစည်းခဲ့တာကြောင့် စစ်လာမတိုက်နိုင်အောင် စွမ်းဆောင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အင်္ဂလန်မှာ စစ်ပွဲအသေးလေး တစ်ချို့လောက်ပဲ ဖြစ်ခဲ့ပြီး တိုင်းသူပြည်သားတွေဟာ ဗစ်တိုးရီးယား အုပ်ချုပ်စဉ်ကာလမှာ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ခဲ့ပါတယ်။

Queen Victoria and her Family

ဗစ်တိုးရီးယားခေတ်ကတော့ ရွှေခေတ်လို့တောင် ဆိုနိုင်ပါတယ်။ စက်မှုတော်လှန်ရေးလို အရင်ခေတ်တုန်းက လုံးဝမဖြစ်ဘူးတဲ့ တိုးတက်ပြောင်းလဲမှုတွေဟာ ဗစ်တိုးရီးယားဘုရင်မကြီး အုပ်ချုပ်ရေးကာလမှာ အစပြုခဲ့ပါတယ်။ အင်ပါယာတစ်ခွင်နီးပါး စက်မှုလုပ်ငန်း ကြီးထွားလာတဲ့အပြင် လမ်းတံတား မီးရထား အပိုင်းကော၊ စွမ်းအင်ဖြန့်ချိတဲ့ အပိုင်းမှာပါ တိုးတက်ပြောင်းလဲမှုတွေဖြစ်ခဲ့ပါတယ်။ သိပ္ပံပညာနဲ့ နည်းပညာရပ်ဝန်းမှာလည်း ချားလ်စ်ဒါဝင်ရဲ့ သီအိုရီလိုမျိုး ထူးချွန်တဲ့ ပညာရှင်တွေ နဲ့ သူတို့ရဲ့ တီထွင်ဖန်တီးမှုတွေ အများကြီးပေါ်ထွန်းခဲ့တာကြောင့် တိုင်းပြည်ဟာ အရင်ကထက် ပိုခေတ်မီပြီး ချမ်းသာကြီးထွားလာခဲ့ပါတယ်။ “နေမဝင် အင်ပါယာ” ဆိုတဲ့ အယူအဆကို အင်တိုက်အားတိုက် ထောက်ခံတဲ့ ဘုရင်မ ပီပီ သူမ အုပ်ချုပ်စဉ်ကာလမှာ အင်ပါယာအကျယ်အဝန်းကို နှစ်ဆအထိ တိုးချဲ့လာနိုင်ပြီး ကနေဒါ၊ ဩစီ၊ အိန္ဒိယ စတာတွေပါ ပါဝင်လာခဲ့ပါတယ်။

Charles Darwin

ဘုရင်မ ဗစ်တိုးရီးယားဟာ အရပ် ၄ပေ ၁၁လက်မသာရှိတာကြောင့် အတော်ကို ညှက်တဲ့ ပုပုသေးသေးခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားတာပါ။ “လူပု စိတ်တို” ဆိုတဲ့ စကားအတိုင်း သူမ ဟာ ဒေါသလည်း ထွက်လွယ်သလို ခေါင်းအလွန်မာပြီး အလျှော့မပေးတတ်တာကြောင့် မင်းသားအဲလ်ဘတ်နဲ့ ခဏခဏ ရန်ဖြစ်ပြီး စိတ်ဆိုးစိတ်ကောက်လေ့ရှိပါတယ်။ ဘယ်လောက်ပဲ ရန်ဖြစ်ပြီး သတ်ကြပေမယ့် တကယ်တမ်း မင်းသားအဲလ်ဘတ် ငယ်ငယ်ရွယ်ရွယ်နဲ့ တိုက်ဖွိုက်ဖြစ်ပြီး ကွယ်လွန်သွားတဲ့အခါမှာတော့ ဖြေမဆည်နိုင်အောင် ခံစားခဲ့ရပြီး တစ်ဘဝလုံး ပူဆွေးဝမ်းနည်းခဲ့ပါတယ်။ ပြည်သူလူထုထဲလည်း နှစ်အတန်ကြာ မထွက်တော့ဘဲ တစ်ယောက်တည်း သာ နေခဲ့ပါတော့တယ်။ အချစ်ကြီးသူ ဘုရင်မဟာ မင်းသားရဲ့ အမှတ်တရကျောက်တိုင်တွေကို တစ်တိုင်းပြည်လုံးအနှံ့ နဲ့ အင်ပါယာအနှံ့ ဆောက်ဖို့လည်း ညွှန်ကြားခဲ့ပါတယ်။

Related Article >>> ဟယ်ရီပေါ်တာကိုသာမက ကိုယ်ပိုင်ဘဝကိုပါ မှော်အစွမ်းတွေနဲ့ ဖန်တီးခဲ့သူ

ဗစ်တိုးရီးယား ဘုရင်မကြီးဟာ အိန္ဒိယရဲ့ ဧကရီဘွဲ့ကို ခံယူခဲ့တဲ့အပြင် သူမရဲ့ နန်းသက် နှစ်၅၀ပြည့် အထိမ်းအမှတ်ပွဲမှာ တိုင်းပြည်အသီးသီးက မင်းညီမင်းသားတွေကိုပါ ဖိတ်ပြီး အင်ပါယာကြီးတစ်ခုလုံးက စစ်သားတွေရဲ့ စစ်ရေးပြတဲ့အစီအစဉ်ကို တခမ်းတနား ထည့်သွင်းဖော်ပြခဲ့တာကြောင့် ဗြိတိန်ကို “တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နိုင်တဲ့ နိုင်ငံ” လို့ ပညာရှင်တွေက မှတ်တမ်းတင်ခဲ့ပါတယ်။ စိတ်ဓာတ်မာကြောတဲ့ ဘုရင်မကြီးဟာ သက်တော် ၈၁နှစ်အရွယ် ၁၉၀၁ ခုနှစ် ဇန်နဝါရီ ၂၂ မှာ ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ခါနီးမှာ တောင်းဆိုမှုတစ်ချို့ လုပ်ခဲ့ပါတယ်။ သူ့ကို အမြဲအားပေးကူညီခဲ့တဲ့ ယောကျာ်း ရဲ့ ပလတ်စတာကတ်စ် နဲ့ ဝတ်စုံကို သူမ အခေါင်းထဲ တစ်ခါတည်း ထည့်ပေးဖို့နဲ့ သူမ ချစ်ခင်ရတဲ့ မိတ်ဆွေ ဂျွန်ဘရောင်းရဲ့ ဆံပင်နဲ့ ဓာတ်ပုံရယ် ကို သူမ လက်ထဲ ထည့်ပေးဖို့ပါပဲ။

Queen Victoria and John Brown

ပြည်သူတွေချစ်ကြတဲ့ ဗစ်တိုးရီးယား ဘုရင်မကြီးဟာ ဗြိတိန်သမိုင်းမှာ ဒုတိယနန်းသက်အရှည်ဆုံး ဘုရင်မ လို့ သတ်မှတ်ခံရပြီး အရှေ့က ဘုရင်တွေကို ကျော်လွန်လို့ ကမ္ဘာရဲ့ သုံးပုံတစ်ပုံကို အုပ်စိုးရတဲ့အထိ ဘုန်းတန်ခိုးကြီးထွားခဲ့ပါတယ်။ သူမ သေဆုံးသွားတာ ကြာပြီဖြစ်ပေမယ့် သူမ ချန်ခဲ့တဲ့ အမွေအနှစ်ဓလေ့ထုံးတမ်းတွေကတော့ ခုထိ ရှင်သန်အောင်မြင်နေတုန်းပါပဲ။ သူမရဲ့ သားစဉ်မြေးဆက် တော်ဝင်မိသားစုဟာလည်း သူမ ဖော်ဆောင်သွားတဲ့ လမ်းအတိုင်း လျှောက်လှမ်းနိုင်ခဲ့တာမို့ ယနေ့ချိန်ထိ အင်္ဂလန်မှာ စည်းမျဉ်းခံ ဘုရင်စနစ် ဟာ မယိုင်လဲဘဲ ခိုင်ခိုင်မာမာရပ်တည်နေလျက်ရှိပါတယ်။

By
Mira (For Her Myanmar)
References : BBC,Biography

No Comments Yet

Comments are closed