Aoikigahara တောအုပ် သို့မဟုတ် လူတွေ သတ်သေဖို့ စဉ်းစားကြတဲ့ နေရာတစ်ခု

အမလေး… သရဲတော့ မကြောက်ပေမဲ့ သတ်သေချင်စိတ်ပေါက်သွားမှာ ကြောက်မိ 🙁

မင်္ဂလာပါ ယောင်းတို့ရေ။ ယောင်းတို့ထဲမှာ သရဲမကြောက်တဲ့၊ စွန့်စားရတာကြိုက်တဲ့ သူတွေများရှိလားဟင်? ဒီလို သတ္တိခဲ ယောင်းတွေအတွက်တော့ ဂျပန်နိုင်ငံမှာရှိတဲ့ Aoikigahara(အာအိုအီခီဂါဟာရာ) ဆိုတဲ့ တောအုပ်ဟာ မေ့မထားသင့်တဲ့၊ သေချာပေါက်သွားလည်သင့်တဲ့ နေရာတစ်ခုပါ။ ဘာလို့လဲ ဆိုတော့ အဲ့တောအုပ်ဟာ ဂျပန်လူမျိုးတွေ ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ နေရာ ဖြစ်နေလို့ပါပဲ။ တစ်နှစ်နဲ့တစ်နှစ် အဲဒီတောကြီးမျက်မည်းထဲမှာ လူတွေ သတ်သေကြလွန်းလို့ Aoikigaharaဆိုတဲ့ နာမည်အမှန်ထက် ကျိန်စာသင့်နေတဲ့ suicide forest (မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းတောအုပ်လို့ ဘာသာပြန်ရမလားပဲ) လို့ ပိုနာမည်ကြီးပါတယ်။

Aoikigahara

Aoikigahara ဆိုတဲ့ ကျိန်စာသင့်တောအုပ်ဟာ ဖူဂျီတောင်ရဲ့ အနောက်မြောက်ဘက်မှာရှိပြီး ဂျပန်လူမျိုးတွေဟာ ဒီတောအုပ်ကြီးကို “သေဖို့ အကောင်းဆုံးနေရာတစ်ခု” အနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဒီတောအုပ်ကြီးဟာ တောင်ရဲ့ အောက်ခြေနားမှာ တည်ရှိတာမို့ မြေပြင်က ညီညာမှုမရှိဘဲ ကျောက်ခဲ ကျောက်ဆောင်တွေ ပေါလွန်းပြီး လိုဏ်ဂူတွေ ရာနဲ့ချီပြီး ရှိနေတာမို့ အပျင်းပြေ လမ်းလျှောက်ထွက်ဖို့တောင် အန္တရာယ်များပါတယ်။

နေရာအနှံ့မှာ ရှိနေတဲ့ သေဆုံးသူတွေရဲ့ အကြွင်းအကျန်တွေ

သစ်ပင်တွေ တစ်ပင်နဲ့ တစ်ပင် အလွန်အကျွံပူးကပ်ပြီး ပေါက်နေတဲ့အတွက် လေပြည်လေညင်းတွေ တိုးဝင်တိုက်ခတ်လေ့မရှိဘဲ တောကြီးတစ်တောလုံးဟာ အရမ်းတိတ်ဆိတ်နေတတ်တာမို့ အလိုလိုနေရင်းကို ချောက်ချားစရာ ကောင်းနေတတ်ပါတယ်။ ပါးစပ်ပုံပြင်တွေအရတော့ ရှေးခေတ်က လူတွေဟာ အငတ်ဘေးဆိုက်ကြတဲ့အခါ စားပေါက်သက်သာအောင်ဆိုပြီး အိမ်မှာ အလုပ်မလုပ်နိုင်တော့တဲ့ အဘိုးကြီး၊ အဘွားကြီးတွေကို တောအုပ်ထဲ ခေါ်သွားပြီး ငတ်သေအောင် ပစ်ထားခဲ့ကြပါတယ်တဲ့။ အဲ့လိုနဲ့ ဒီတောအုပ်ကြီးဟာ လူတွေ သတ်သေဖို့ စဉ်းစားကြတဲ့ နေရာတစ်ခုဖြစ်လာတယ်လို့ ဆိုပါတယ်။

ပိတ်ထားတဲ့ တောအုပ်အဝင်လမ်း

အရင်တုန်းကဆို ဒီတောအုပ်ထဲ လာလည်ပြီဆိုတာနဲ့ အဲ့လူကို သတ်သေတော့မယ်လို့ ယူဆတတ်ကြပါတယ်။ ဘာလို့လဲဆို ဒီတောအုပ်ထဲကို တော်ရုံ လူ လာလည်တတ်လေ့မရှိဘဲ လာလည်တဲ့သူ အများစုဟာ ဘယ်တော့မှ တောအုပ်အပြင်ဘက်ကို ပြန်မထွက်ခဲ့ကြပါဘူးတဲ့။ ဂျပန်လူမျိုးအများစုဟာ သူတို့ဘဝကို အလွန်အမင်း စိတ်ကုန်လာတဲ့အခါ ဒီတောအုပ်ထဲလာပြီး သတ်သေခဲ့ကြပါတယ်။ တချို့ကလည်း တဲတွေထိုးလို့ စခန်းချနေထိုင်ရင်း သူတို့ဘဝကို ဒီတောအုပ်ကြီးထဲ “အဆုံးသတ်သင့်၊ မသတ်သင့်” ရက်အတော်ကြာ စဉ်းစားယူတတ်ကြတယ်တဲ့။

Related Article >>> ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနဲ့ သက်ဆိုင်တဲ့အရောင်(၂)မျိုး

Aoikigahara တောအုပ်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားလွန်းပုံများ ကမ္ဘာ့အသတ်သေဆုံးနေရာထဲမှာ ဒုတိယချိတ်ပါတယ်တဲ့။ ဒီတောအုပ်ကြီးထဲ အရိုးစုတွေ အလောင်းတွေ ကို မကြာခဏ ရှာဖွေတွေ့ရှိကြတတ်သလို တောကနက်လွန်းလို့ မတွေ့နိုင်သေးတဲ့ အရိုးစုနဲ့အလောင်းတွေ ရှိနိုင်သေးတာမို့ သတ်သေခဲ့တဲ့ လူအရေအတွက်ကို အတိအကျပြောဖို့ကတော့ ခက်ခဲပါတယ်။ ခန့်မှန်းချေအရေအတွက်ကတော့ ၁နှစ်ကို လူ၁၀၀လောက် ဒီတောအုပ်ထဲမှာ သေဆုံးခဲ့ကြပါတယ်တဲ့။ ၂၀၀၈ ကမ္ဘာ့ဘဏ္ဍာရေးအကြပ်အတည်းကြောင့် ဂျပန်တွေ စီးပွားပျက်ကြတဲ့အခါ သတ်သေတာတွေ ပိုဆိုးလာခဲ့ပြီး အဲ့တစ်နှစ်မှာတင် လူ၂၆၀၀ကျော်ဟာ တောအုပ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြပါတယ်။ အရင်နှစ်တွေထက် ၁၅% တက်လာခဲ့ပြီး အများစုက သစ်ပင်တွေမှာ ကြိုးဆွဲချပုံစံနဲ့ သေနေကြပြီး တချို့ကတော့ အဆိပ်သောက်ပြီး သတ်သေကြပါတယ်။

တွေ့ရတဲ့ အကြွင်းအကျန် ပစ္စည်းများ

အာရှမှာဆို ဂျပန်နဲ့ ကိုရီးယားဟာ အဖွံ့ဖြိုးဆုံး အချမ်းသာဆုံး နိုင်ငံတွေဖြစ်ပေမဲ့ သတ်သေမှု အများဆုံးနိုင်ငံနှစ်နိုင်ငံလည်း ဖြစ်နေပါတယ်။ rankကတော့ သူမသာ ကိုယ်မသာပါပဲ။ ဒါပေမဲ့ ဂျပန်လူမျိုးတွေအတွက်ကတော့ သတ်သေနှုန်းများလွန်းတာဟာ အထူးအဆန်းကိစ္စ၊ အရေးတယူဖြေရှင်းရမယ့် ကိစ္စလို့ သတ်မှတ်ဟန်မရှိပါဘူး။ ဘာလို့လဲဆို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာဟာ ရှေးဂျပန်ခေတ်က ဆာမူရိုင်းတွေအားလုံး လိုက်နာခဲ့တဲ့ စည်းကမ်းဖြစ်ပြီး သူများသတ်လို့ သေတာထက် ကိုယ့်ဟာကိုယ် သတ်သေတာဟာ “ဂုဏ်ရှိတယ်” “မြတ်တယ်”လို့ ယုံကြည်ခဲ့ကြလို့ပါပဲ။ ဒီဘက်ခေတ်မှာ ဆာမူရိုင်းတွေ မရှိတော့ပေမဲ့ ဒီယဉ်ကျေးမှုဟာ ခုထိ အကျိုးသက်ရောက်မှုရှိနေတုန်းပဲ ဖြစ်ပြီး ဂျပန်တွေဟာ အဆုံးစီရင်တာဟာ သူတို့အမှားအတွက် တာဝန်ယူခြင်းပဲလို့ ခံယူတတ်ကြပါတယ်။

တမလွန်ဘဝကိုပဲ ခေါ်နေသယောင်ယောင်

ဒီလို သတ်သေနှုန်းမြင့်လာလွန်းတာကြောင့် အစိုးရဘက်က မနေနိုင်ဘဲ ဝင်ပါလာရပါတယ်။ ဂျပန်အစိုးရဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်းကို ၇နှစ်အတွင်း ၂၀%အထိ လျှော့ချဖို့ လုပ်ဆောင်ခဲ့ပြီး လုံခြုံရေး ကင်မရာတွေ တပ်ပြီး စောင့်ကြည့်တာတွေ ၊ စိတ်ဓာတ်အားပေးတဲ့ စကားမျိုးတွေ ဥပမာ-မင်းရဲ့ မိသားစုကို သနားပါ၊ မင်းရဲ့ သားသမီးတွေအတွက် ထည့်စဉ်းစားပါဦး၊ မင်းမိဘတွေပေးထားတဲ့ မင်းအသက်က တန်ဖိုးသိပ်ရှိတဲ့ လက်ဆောင်ပါ…စတဲ့ ဟာမျိုးတွေ ထည့်သွင်းလုပ်ဆောင်ခဲ့ပါတယ်။

The Forest ရဲ့ ဇာတ်ဝင်ခန်း တစ်ခန်း

နောက်ပြီး ဒီတောအုပ်ကြီးထဲမှာ စွန့်ပစ်ခံလိုက်ရတဲ့ လူအိုတွေရဲ့ ဝိဥာဉ်တွေဟာ စိတ်ဆိုးနေတတ်လေ့ရှိပြီး ပြန်လက်စားချေဖို့ စောင့်ဆိုင်းနေကြတာလို့ ဆိုပါတယ်။ ကိုယ့်ဟာကိုယ် သတ်သေခဲ့တဲ့ ဝိဥာဉ်တွေဟာလည်း သရဲတစ္ဆေအဖြစ်နဲ့ ဒီတောအုပ်ကြီးထဲ လျှောက်သွားနေကြတယ်လို့လည်း ယုံကြည်ထားကြပါတယ်။ ဒါကြောင့် ဒီတောထဲကို လာလည်ကြတဲ့ လူတွေကို လမ်းပျောက်ပြီး တောထဲမှာပဲ ငတ်သေအောင် လုပ်တတ်ကြပါတယ်တဲ့။ ပိုဆိုးတာက ဒီတောအုပ်ရဲ့ မြေဆီလွှာဟာ magnetic ironကြောင့် ဖုန်းလိုင်းလည်း မမိသလို GPS စနစ်တွေ သံလိုက်တွေကလည်း အလုပ်မလုပ်ပါဘူး။ အဲ့တောထဲ လမ်းသာပျောက်လို့ကတော့ သေဖို့ ရာခိုင်နှုန်းကများတာမို့ ဒီတောထဲဝင်လာတဲ့အခါ တိပ်ကြိုးလေးတွေနဲ့ အမှတ်အသားပြုပြီး လာရပါတယ်။ တချို့ကလည်း ဒါဟာ “တောထဲက မကောင်းဆိုးရွားတွေ လက်ချက်” လို့ ဆိုကြပါတယ်။ ဒါကြောင့်မို့ ၁၉၇၀လောက်တည်းက ဒီတောကြီးထဲမှာ အလောင်းရှာဖွေမှုတွေကို အဆက်မပြတ်လုပ်ခဲ့ကြပြီး ၂၀၀၀ပြည့်နှစ်တွေမှာ လူသေအလောင်း ၇၀ကျော်ကနေ ၁၀၀ဝန်းကျင် အထိ ရှာနိုင်ခဲ့ကြပါတယ်။

လှတော့ အလှသားနော်

ဂျပန်နိုင်ငံလို သိပ်ကို ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမှာ အင်မတန်အပြိုင်အဆိုင်များပြီး အတော်လေးကြိုးစားရုန်းကန်ရတာမို့ စိတ်ဖိစီးမှုတွေ ပူပန်မှုတွေ အတော်များပုံရပါတယ်။ ဒါကြောင့်မို့ Aoikigaharaလို တောအုပ်နက်ကြီးဟာ သူတို့ ဘဝတွေကို တိတ်တဆိတ် အဆုံးသတ်ဖို့ သင့်တော်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့တာပါ။ ခုချိန်မှာတော့ ကမ္ဘာလှည့် ခရီးသွားတွေ အတော်လေး လာလည်တတ်ကြတဲ့ နေရာတစ်ခုဖြစ်နေပြီမို့ အတော်အတန် လူစည်ကားလာပါပြီ။ ၂၀၁၆ မှာဆို ဒီတောအုပ်အကြောင်းကို အခြေခံရိုက်ထားတဲ့ The Forest ဆိုတဲ့ သရဲကားတောင် ထွက်ခဲ့ပါတယ်။ မကြောက်တတ်တဲ့ ယောင်းတွေ ဂျပန်ရောက်တဲ့အခါ သွားလည်ဖို့ မမေ့နဲ့နော်…

By

Mia(For Her Myanmar)

References : mentalfloss.com atlasobscura.com

No Comments Yet

Leave a Reply

Your email address will not be published.