အမှတ်တမဲ့

“ဆမ်” က အသားစက်ရုံတစ်ခုမှာ ပစ္စည်းစစ်ဆေးရေး အလုပ်ကိုလုပ်ရပါတယ်။ တစ်နေ့ သူမ အလုပ်ချိန်ပြီးသွားပေမယ့် ပစ္စည်းပျောက်ရှာဖို့အတွက် အသားထားတဲ့ အအေးခန်းထဲသွားခဲ့တယ်။ အခန်းထဲ ၀င်နေတုန်း ရုတ်တရက် တံခါးက ၀ုန်းကနဲ ပိတ်သွားတယ်။ အပြင်က ပိတ်ရတဲ့တံခါးမို့လို့ ပြန်ဖွင့်လို့မရဘဲ အခန်းထဲမှာပိတ်မိနေတယ်။

သူမ အော်ဟစ်ပြီး အကူအညီတောင်းပေမယ့်လည်း အလုပ်သမားတွေ အကုန်လုံးလည်း ပြန်သွားကြပြီမို့ ဘယ်သူမှ မကြားကြတော့ဘူး။ သူမလည်း ကြောက်ကြောက်လန့်လန့်နဲ့ တံခါးကို အကြိမ်ကြိမ်ထုပြီး အော်ဟစ်နေခဲ့မိပါတယ်။ ဒီလိုနဲ့ နာရီအနည်းငယ်ကြာလာတဲ့အခါ အခန်းထဲမှာ တဖြေးဖြေး အေးစက်လာပြီး တစ်ကိုယ်လုံးလည်း အေးစက်လာပါပြီ။ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို သေလူလို့ သတ်မှတ်လိုက်ပြီး အခန်းထောင့်မှာပဲ ခွေခွေလေးနေနေလိုက်တော့တယ်။ သတိရတစ်ချက် မရတစ်ချက်တောင်ဖြစ်နေပါပြီ ။ အဲ့ဒီအချိန်မှာ တံခါးက ဖတ်ခနဲ ပွင့်လာပါတယ်။ လူတစ်ယောက်က သူမကို ပွေ့ချီသွားတာကိုပဲ သူမမှတ်မိလိုက်ပြီး သတိမေ့မြောသွားပါတော့တယ်။


သူမ သတိရလာတဲ့အချိန် ဆေးရုံက ကုတင်ပေါ်မှာ ရောက်နေပါတယ်။ ဘေးနားမှာ ကြည့်လိုက်တော့ အသားစက်ရုံက လုံခြုံရေးဦးလေးကြီး ထိုင်နေတာကိုတွေ့တယ်။ နောက်တော့ သူမကို ကယ်လာတာက အဲဒီ လုံခြုံရေးဦးလေးကြီးဆိုတာကို သိလိုက်ရတယ်။ ဒါပေမယ့် ထူးဆန်းတာ တစ်ခုက သူမ အအေးခန်းထဲ ပိတ်မိနေခဲ့တဲ့ အချိန်က အဲ့ဒီလုံခြုံရေးဦးလေးကြီးရဲ့ အလုပ်ရုံကို ကင်းလှည့်ရမယ့် တာဝန်ချိန်မဟုတ်တာပဲ။ အဲဒါနဲ့ ဆမ် လည်း” ဦးလေးရဲ့ ကင်းလှည့်ချိန်လည်းမဟုတ်ပဲ ကျွန်မ အအေးခန်းထဲ ပိတ်မိနေတာကို ဘယ်လိုသိသွားတာလဲ” ဆိုတော့ အဲ့ဒီ ဦးလေးပြန်ရှင်းပြလိုက်တာက…


“ဦးလေး အလုပ်လုပ်လာတဲ့ လုပ်သက် ၃၅ နှစ်မှာ တစ်နေ့တစ်နေ့ အလုပ်ရုံကို ၀င်ထွက်သွားလာနေတာ အလုပ်သမားရာချီပြီး ရှိပါတယ်။ ဒါပေမယ့် ဦးလေးကို အရေးတယူ နှုတ်ဆက်တာဆိုလို့ သမီးအပါအ၀င် အလုပ်သမားတချို့ပဲရှိတယ်။ တော်တော်များများက ဦးလေးကို သတိတောင်မထားမိကြပါဘူး။…ဒါပေမယ့် ဦးလေးအနေနဲ့ သမီးတို့တွေ ဦးလေးကို နှုတ်ဆက်လိုက်တဲ့အခါ လို့ သြော် ငါလည်းပဲ အနှုတ်ဆက်ခံရတဲ့ လူထဲက လူတစ်ယောက်ပါလားလို့ တွေးမိပြီး ပျော်သွားရတယ်။ ဒီနေ့မှာလည်း ဦးလေးကို ထုံးစံအတိုင်း သမီး အလုပ်လာတော့ နှုတ်ဆက်သွားတယ်။ ဒါပေမယ့် ညနေ အလုပ်ဆင်းချိန်ရောက်ပြီး တော်တော်ကြာသွားတာတောင် သမီးရဲ့ “ပြန်တော့မယ် ဦးလေးရေ” ဆိုတဲ့နှုတ်ဆက်သံမကြားရဘူး။ အဲဒါနဲ့ သမီးတော့ တစ်ခုခုဖြစ်နေပြီ ထင်ပြီး  ဦးလေး နေရာအနှံ့လိုက်ရှာကြည့်လိုက်တော့ အဲ့အအေးခန်းထဲမှာ သမီးပိတ်မိနေတာကို တွေ့တာပဲ။”
တစ်ခါတစ်လေမှာ သင့်ပတ်ဝန်းကျင်အပေါ် အမှတ်တမဲ့ ပြုမူခဲ့တဲ့ ကောင်းတဲ့ အလေ့အထလေးတစ်ခုဟာ နောင်တစ်ချိန်မှာ သင့်အတွက် ကြီးမားတဲ့ ကံကောင်းမှုတွေ ယူဆောင်ပေးလာနိုင်တယ်ဆိုတာ.. ဘယ်သူမှ မသိနိုင်ပါဘူး။
credit#

No Comments Yet

Comments are closed