Knowledge Women News

အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းထဲက LGBTတိုက်ပွဲရှည် အကြောင်း တစေ့တစောင်း

လူသားတစ်ယောက်အနေနဲ့ လူ့အခွင့်အရေးအပြည့်ရဖို့ တိုက်ပွဲဝင်ခဲ့ရတာ ရာစုနှစ်တစ်ခုစာလောက်ဆိုရင်… 

မင်္ဂလာပါ ယောင်းတို့ရေ..ဒီလက LGBT Pride Month ဆိုတာ ယောင်းတို့အားလုံး သိကြမှာပါ။ LGBT တွေဟာ သူလို ကိုယ်လို homo sapiensဆိုတဲ့ လူသားမျိုးထဲက လူတွေ ဖြစ်ပေမဲ့ ကွဲပြားတဲ့ လိင်စိတ်စံနှုန်းကြောင့် သူတို့ဟာ နေရာတော်တော်များများမှာ နှိမ်ချဆက်ဆံခံနေရသူပါ။ ဒါကြောင့်လည်း လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို အပြည့်အဝရနိုင်ဖို့ LGBTတွေဟာ ကမ္ဘာ့နေရာတော်တော်များများမှာ တိုက်ပွဲဝင်နေရဆဲပါ။

လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာအပြင် လစ်ဘရယ်စံနှုန်းတွေ အများဆုံး ထွန်းကားတဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ LGBT rights (အခွင့်အရေး) ဟာ ကျေနပ်လောက်စရာ အတိုင်းအတာအထိ အတော်လေး အောင်မြင်နေပါပြီ။

ဒါပေမဲ့ ဒီလိုအောင်မြင်ဖို့အတွက် ကျော်ဖြတ်ခဲ့ရတဲ့ အဆင့်တွေ၊ လှုပ်ရှားမှု၊ ဖိအားတွေ၊ ခြိမ်းခြောက်မှုတွေကလည်း စုံလို့ပါပဲ။ LGBT အခွင့်အရေးဟာ အမေရိကန်ပြည်ထောင်စု သမိုင်းမှာ ဘယ်လိုဘယ်ပုံ ဆင့်ကဲပြောင်းလဲနိုင်ခဲ့ပြီး ဘယ်တွန်းအားတွေက အောင်မြင်မှုကို မှတ်ကျောက်တင်နိုင်စေခဲ့တာလဲဆိုတာ ကြည့်လိုက်ရအောင်နော်…

၁၉၂၄ ခုနှစ်

၁၉၂၄ခုနှစ်မှာ ဟင်နရီဂါဘာဟာ “Society for Gay Rights” ဆိုတဲ့အဖွဲ့ကို ချီကာဂိုမှာ တည်ထောင်ခဲ့ပါတယ်။ ဒါဟာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးအတွက် ကူညီပေးဖို့ ပေါ်ပေါက်လာတဲ့ ပထမဆုံး အဖွဲ့အစည်းပါ။

၁၉၅၀ ခုနှစ်

စစ်ကြီးပြီးစမှာတော့ တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်တဲ့ ဟင်နရီဟေးဆိုသူက “Mattachine Society”ဆိုတဲ့ အဖွဲ့ကို တည်ထောင်လိုက်ပါတယ်။ ဒီအဖွဲ့အစည်းဟာ လိင်တူချစ်သူတွေကို လူမှုအသိုင်းဝိုင်းမှာ လက်ခံနေရာပေးဖို့ နဲ့ အကူအညီပေးဖို့ အဓိက ဆောင်ရွက်ပါတယ်။

၁၉၅၂ ခုနှစ်

နောက်နှစ်နှစ်နေတော့ အမေရိကန်စိတ်ပညာရှင်များ အဖွဲ့အစည်းက လိင်တူချစ်သူတွေကို လက်မခံတာကြောင့် Sociopathic personality disorderဆိုတဲ့ အန္တရာယ်ရှိ စိတ်ရောဂါ စာရင်းထဲတောင် ထည့်ခဲ့ပါတယ်။

၁၉၅၃ ခုနှစ်

၁၉၅၃ခုနှစ်မှာ အမေရိကန်သမ္မတကိုယ်တိုင်ကလည်း လိင်တူချစ်သူတွေကို ဖယ်ဒရယ် အစိုးရအတွက် အလုပ်တွေမှာ မခန့်ဖို့ ညွှန်ကြားခဲ့ပါတယ်။

၁၉၆၁ ခုနှစ်

အခြေအနေတွေက အနည်းငယ် ပြောင်းလဲစပြုလာပါပြီ။ ဘာလို့လဲဆို လိင်တူဆက်ဆံခြင်းကို ရာဇဝတ်မှုလို့ သတ်မှတ်ထားတာကို တခြား ဘယ်ပြည်နယ်ကမှ မဖျက်သိမ်းပေမဲ့ အီလီနွိုက်ပြည်နယ်ကတော့ ပထမဆုံး ပြင်ဆင်ပြောင်းလဲပေးခဲ့ပါတယ်။

Related Article >>> Facebook ပေါ်က သက်တန့်ရောင် reactionလေးနဲ့ LGBTQIAတို့အကြောင်း

၁၉၆၉ခုနှစ်

၁၉၆၉မှာ ရဲတွေဟာ လိင်တူချစ်သူတွေရှိနေတဲ့ ထမင်းဆိုင်ထဲကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဒီလို ရဲတွေရဲ့ အကြမ်းဖက်မှုဟာ အပြစ်မဲ့ ပြည်သူတွေဖြစ်တဲ့ လိင်တူချစ်သူတွေကို သေကြေထိခိုက်စေခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ပြည်သူလူထုကို အင်မတန်အမျက်ဒေါသထွက်စေခဲ့ပြီး “Gay Civil Rights Movement” လို့ ခေါ်တဲ့ “လိင်တူချစ်သူတွေရဲ့ နိုင်ငံသားအခွင့်အရေး” အတွက် ဆင်နွှဲလာခဲ့ကြပါတယ်။ ဒီ ၁၉၆၉ ခုနှစ် အဓိကရုဏ်းကနေ ပေါက်ဖွားလာတဲ့ “Gay Civil Rights Movement” ဟာ နောင်တစ်ချိန် ရလာမယ့် တန်းတူညီမျှမှုတွေ၊ အခွင့်အရေးတွေအတွက် အင်မတန်အရေးပါခဲ့တာမို့ ၁၉၆၉ဟာ ထူးခြားတဲ့ အမှတ်တရနှစ်တစ်ခုပါပဲ။ Stonewall ထမင်းဆိုင်ကနေ စခဲ့တာမို့ Stonewall riotဆိုပြီး လူသိများ ထင်ရှားခဲ့ပါတယ်။

၁၉၇၃ ခုနှစ်

ဒီခုနှစ်မှာတော့ Lambda Legalဆိုတဲ့ အဖွဲ့ဟာ gaysတွေ lesbiansတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ တရားဥပဒေနဲ့အညီ တရားဝင်တည်ထောင်နိုင်ခဲ့တဲ့ ပထမဆုံး အဖွဲ့အစည်းဖြစ်လာပါတယ်။ နောက်ပြီး အဲ့နှစ်မှာပဲ အမေရိကန်စိတ်ပညာရှင်များ အသင်းက လိင်တူချစ်သူတွေကို အန္တရာယ်ရှိ စိတ်ရောဂါဖြစ်နေသူ အဖြစ်ကနေ ဖယ်ရှားပေးခဲ့ပါတယ်။ ဒီလို စွပ်စွဲခံရတဲ့အဖြစ်ကို ဖယ်ရှားပေးဖို့ ထောက်ခံမဲပေါင်း ၅၈၀၀ကျော်ဟာ ကန့်ကွက်မဲပေါင်း ၃၈၀၀ကျော်ကို အနိုင်ယူခဲ့ပါတယ်။

၁၉၇၄ ခုနှစ်

လူသိရှင်ကြား LGBTဖြစ်ကြောင်း Gayဖြစ်ကြောင်း ကြေညာထားတဲ့ လူနှစ်ယောက်ကို အစိုးရက အရာရှိတွေ အဖြစ် ရွေးချယ်ခဲ့ပါတယ်။ အစိုးရဘက်ကပါ ဒီလူတွေကို တဖြည်းဖြည်းနဲ့ အသိအမှတ်ပြုလာပါပြီ။

၁၉၇၈ ခုနှစ်

စိတ်မကောင်းစရာဖြစ်ရပ်ကတော့ ၁၉၇၈မှာ လူသိရှင်ကြား gayဖြစ်ကြောင်း ဖော်ပြခဲ့တဲ့ ရွေးကောက်ခံနိုင်ငံရေးသမား Harvey Milkတစ်ယောက် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ လူသတ်သမားကတော့ အခြားသူမဟုတ်ပါဘူး။ မူလမြို့တော်ဝန် Dan Whiteပါ။ Dan Whiteဟာ ထောင် ၅နှစ်ပဲကျခံခဲ့ရပါတယ်။

၁၉၇၉ခုနှစ်

အဖိနှိပ်ခံ LGBTအတွက် လူထုက ပါဝင် ရပ်တည်ပေးလာကြပါပြီ။ ဝါရှင်တန်မှာ gay နဲ့ lesbianတွေ အခွင့်အရေးအတွက် လှုပ်ရှားချီတက်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့ပြီး အဲ့ပွဲကို လမ်းသွားလမ်းလာ ပြည်သူပေါင်း ၇၅၀၀၀ကျော်ကပါ ပါဝင်ခဲ့ပါတယ်။

၁၉၈၁ခုနှစ်

Time မဂ္ဂဇင်းကြီးဟာ ထူးခြားပြီး ရှားပါးတဲ့ ကင်ဆာတစ်မျိုးဟာ လိင်တူဆက်ဆံသူ ၄၁တွဲမှာ တွေ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီရောဂါဟာ နောင်တစ်ချိန် “AIDS” လို့ အမည်တွင်ခဲ့ပါတယ်။

၁၉၈၂ ခုနှစ်

LGBTအခွင့်အရေး လှုပ်ရှားမှုတွေ အင်အားကောင်းလာတာနဲ့အမျှ Wisconsinဆိုတဲ့ ပြည်နယ်ဟာ LGBTတွေကို ခွဲခြားဆက်ဆံမှုပြုတဲ့ ဥပဒေကို ပယ်ဖျက်လိုက်တဲ့ ပထမဆုံး ပြည်နယ်ဖြစ်လာပါတယ်။

၁၉၈၃ ခုနှစ်

Gerry Studds အမည်ရတဲ့ ရီပတ်ဘလင်ကန် ပါတီဝင်ဟာ ပထမဆုံး Gay လွှတ်တော်အမတ်ဖြစ်လာပါတယ်။ အရင်က LGBTတွေကို စိတ်ရောဂါသည်တွေလို့ သတ်မှတ်ခဲ့ကြပေမဲ့ ပြောင်းလဲလာတဲ့ အမေရိကန်ပြည်သူတွေဟာ LGBTတွေကို မိမိတို့ အလုပ်တွေ လုပ်ပေးမယ့် ကိုယ်စားပြုအမတ်အဖြစ် ယုံယုံကြည်ကြည် လက်ခံအပ်နှင်းလာကြပါတယ်။

၁၉၉၃ ခုနှစ်

ဒီနှစ်မှာတော့ သမ္မတကိုယ်တိုင် LGBTအရေးမှာ ပါဝင်ကိုင်တွယ်လာပါတယ်။ အဲဒါကတော့ အမေရိကန်စစ်တပ်ထဲမှာ လူသိရှင်ကြား ပေါ်တင်နေတဲ့ Gay စစ်သားတွေကို တာဝန်မထမ်းဆောင်စေဖို့ တားမြစ်ပြီး သိုသိုသိပ်သိပ်နေတဲ့ စစ်သားတွေကိုတော့ အနှောင့်အယှက်လုံးဝမပေးဖို့ အမိန့်ချမှတ်လိုက်တာပါ။ “သိသာသိစေ မမြင်စေနဲ့”ဆိုတဲ့ ဥပဒေပေါ့။

၁၉၉၅ ခုနှစ်

The Hate Crimes Sentencing Enhancement Act ဆိုတဲ့ ဥပဒေကို ၁၉၉၅ခုနှစ်မှာ ချမှတ်ခဲ့ခြင်းဖြင့် LGBTအသိုင်းအဝိုင်းအပါအဝင် ပစ်မှတ်ထားခံနေရတဲ့ အခြားသူတွေ ကာကွယ်ပေးခဲ့ပါတယ်။ဒီအက်ဥပဒေအရ တရားခံဟာ တစ်ဦးတစ်ယောက်ကို လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်စိတ် စတာတွေကြောင့် တမင်တိုက်ခိုက်တာမျိုးဆိုရင် ပြစ်ဒဏ်ကို ပိုမိုကြီးလေးစွာ ချခွင့်ပြုထားပါတယ်။

၁၉၉၆ ခုနှစ်

ဒီခုနှစ်ကတော့ LGBTတွေအတွက် အကြီးမားဆုံး ဖိနှိပ်ခံရတဲ့နှစ်ပါ။အမေရိကန် သမ္မတ ကလင်တန်ဟာ လိင်တူအချင်းချင်း တရားဝင်လက်ထပ်ခြင်းကို တားမြစ်တဲ့ အက် ဥပဒေ ဖြစ်တဲ့ Defence of Marriage Act ကို လက်မှတ်ထိုး အသက်သွင်းခဲ့လို့ပါပဲ။

Related Article >>> အားကျဖွယ်အမျိုးသမီးများ (အပိုင်း-၁)

၁၉၉၇ ခုနှစ်

၁၉၉၇မှာ နာမည်ကျော်စတားတစ်ယောက်ဖြစ်တဲ့ Ellen Degeneresဟာ “ဟုတ်တယ် ကျွန်မလိင်တူချစ်သူ gayတစ်ယောက်ပါ” ဆိုတဲ့ ခေါင်းစီးကြီးနဲ့ Time Magazine မှာ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ခဲ့ပါတယ်။ Ellenဆိုတာ အခြားသူမဟုတ်ပါဘူး အခုချိန်ထိ အင်မတန်အောင်မြင်နေတဲ့ ၊ နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ ဟာသအစီအစဉ်ကို တင်ဆက်နေတဲ့ Ellen ပဲ ဖြစ်ပါတယ်။ အသက်၆၀ရှိပြီဖြစ်တဲ့ သူ(မ)ဟာ Portia De Rossiဆိုတဲ့ ၄၅နှစ်အရွယ် အမေရိကန် ဩစတြေးလျ မင်းသမီးနဲ့ တရားဝင်လက်ထပ်ထားပါတယ်။

၂၀၀၃ ခုနှစ်

ဒီခုနှစ်ကတော့ အမေရိကန်တစ်နိုင်ငံလုံးက LGBTတွေ အပျော်ကြီးပျော်ခဲ့ရတဲ့ နေ့ပါပဲ။ ဘာလို့လဲဆို အမေရိကန် တရားစီရင်ရေးစနစ်ရဲ့ အာဏာအရှိဆုံး တရားရုံးချုပ်(Supreme Court)က လိင်တူဆက်ဆံခြင်းကို ပိတ်ပင်တဲ့ ဥပဒေတွေ( Sodomy laws)ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ တရားဝင် ကြေညာလိုက်လို့ပါပဲ။

၂၀၀၄ ခုနှစ်

၂၀၀၀ပြည့်နှစ်များဟာ LGBTတွေအတွက် ရွှေခေတ်လို့တောင် ဆိုနိုင်ပါတယ်။ ရာစုနှစ်တစ်ဝက်ကျော် အပင်ပန်းခံကြိုးစားပြီး ရလာတဲ့ အသီးအပွင့်တွေလို့ ပြောရမလားပဲ….၂၀၀၄ခုနှစ်မှာ မက်ဆာချူးဆက်ပြည်နယ်ဟာ လိင်တူလက်ထပ်တာကို ခွင့်ပြုခဲ့ပြီး တရားဝင်ဖြစ်အောင် ဥပဒေနဲ့အညီ ဆောင်ရွက်ပေးခဲ့တဲ့ ပထမဆုံး ပြည်နယ်ဖြစ်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်

သမ္မတကိုယ်တိုင်ကပါ LGBTအရေးကို ကူညီဆောင်ရွက်ပေးလာပါတယ်။ အိုဘားမားအစိုးရဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သမ္မတကလင်တန်လုပ်သွားတဲ့ Defence of Marriage Actကို တရားရုံးတွေမှာ အကြုံးမဝင်တော့ကြောင်း ကြေညာခဲ့ပါတယ်။

၂၀၁၁ ခုနှစ်

သမ္မတအိုဘားမားဟာ စစ်တပ်ထဲက LGBTတွေအတွက် ချထားတဲ့ “သိသာသိစေ မမြင်စေနဲ့” ဥပဒေကို လက်မှတ်ထိုးပြီး ဖျက်သိမ်းခဲ့တာမို့ ၂၀၁၁ကစပြီး စစ်တပ်ထဲမှာ LGBTတွေလည်း ပေါ်ပေါ်ထင်ထင် တာဝန်ထမ်းဆောင်လို့ရခဲ့ပါပြီ။

၂၀၁၂ ခုနှစ်

သမ္မတအိုဘားမားဟာ “လိင်တူအချင်းချင်းလည်း လက်ထပ်ပိုင်ခွင့်ရှိတယ်” လို့ ထင်မြင်မိကြောင်း ABCရုပ်သံနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ခြင်းအားဖြင့် အဖိနှိပ်ခံ LGBTဘက်က ရပ်တည်ပြောဆိုထောက်ခံတဲ့ ပထမဆုံး သမ္မတဖြစ်လာပါတယ်။  တစ်ဆက်တည်းမှာပဲ ဝါရှင်တန်ပြည်နယ်၊ မိန်းပြည်နယ်နဲ့ မေရီလန်းပြည်နယ်တွေမှာ ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲတွေမှာလည်း လိင်တူလက်ထပ်ခြင်းကို ထောက်ခံတဲ့မဲတွေကပဲ သရဖူဆောင်းခဲ့ပြန်ပါတယ်။

၂၀၁၃ခုနှစ်

ဒီနှစ်ကတော့ ပြည်သူတွေ ချစ်တဲ့ သမ္မတအိုဘားမားတစ်ယောက် ဒုတိယအကြိမ် သမ္မတထပ်ဖြစ်တဲ့နှစ်ပါ။ သူဟာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးအတွက် “Gay” ဆိုတဲ့ စကားလုံးကို နိုင်ငံတော်သမ္မတမိန့်ခွန်းထဲမှာ ပထမဆုံး ထည့်ပြောတဲ့သူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

အဲ့နောက် ပင်တဂွန်စစ်ဌာချုပ်ကလည်း လိင်တူလက်ထပ်ထားတဲ့ အမေရိကန်စစ်သားတွေကို အခြားစစ်သားတွေနည်းတူ အကျိုးခံစားခွင့်ထောက်ပံ့ဖို့ အဆိုပြုခဲ့တာမို့ ပြည်သူအများအပြားက ကောင်းချီးဩဘာပေးခဲ့ကြပါတယ်။

အဲ့ ၂၀၁၃ခုနှစ်မှာပဲ အမြင့်ဆုံး တရားရုံးချုပ်ဖြစ်တဲ့ supreme courtက Defence of Marriage Actကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုံးဝပယ်ဖျက်နိုင်ခဲ့ပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုက LGBTတွေ အနေနဲ့ လူသားတစ်ယောက်အနေနဲ့ကော နိုင်ငံသားတစ်ယောက်အနေနဲ့ကော ရသင့်တဲ့ အခွင့်အရေးတွေကို ရဖို့ စတင်ခဲ့တဲ့ခရီးဟာ နှစ်၁၀၀လောက်နေမှ ပန်းတိုင်ကိုရောက်ခဲ့တာပါ။ ဒီပန်းတိုင်ရောက်ဖို့ အသက်ပေးခဲ့ရတဲ့သူတွေလည်း ရှိသလို ပတ်ဝန်းကျင် မိသားစုရဲ့ စွန့်ပစ် ဖယ်ကြဉ်မှုကို ခံခဲ့ရသူတွေလည်း ရှိပါတယ်။

သူတို့ဟာ ပတ်ဝန်းကျင်ကို ဒုက္ခမပေးဘဲ သာမန်လူတွေလို အေးအေးချမ်းချမ်းနေတဲ့သူတွေ ဖြစ်ပေမဲ့ လူ့အဖွဲ့အစည်းက သူတို့ကို စိတ်ရောဂါဝေဒနာရှင်စာရင်းထဲ ထည့်ခဲ့တဲ့အထိ ရက်စက်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်လူမျိုးတွေဟာ မတရားမှုကို နှုတ်ဆိတ်မနေဘဲ နှစ်ပေါင်းများစွာ စိတ်ရှည်လက်ရှည် တိုက်ပွဲဝင်ခဲ့တာကြောင့် ခုဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ LGBTအသိုင်းအဝိုင်းဟာ ပျော်ပျော်ရွှင်ရွှင် စိတ်ချလက်ချ နေထိုင်ရှင်သန်နိုင်ပါပြီ။

တကယ်တော့ လူတစ်ယောက်ဟာ ပတ်ဝန်းကျင်နဲ့ တစ်ဘက်သားကို နာကျင်အောင် မပြုမူသရွေ့၊ မထိခိုက်သရွေ့ ပျော်ရွှင်လွတ်လပ်စွာ နေပိုင်ခွင့်ရှိသလို အများနည်းတူ အခွင့်အရေးနဲ့ တာဝန်တွေကိုလည်း ခံစားပိုင်ခွင့်ရှိပါတယ်။ အက်ဒ်မင်တို့ ရဲ့ လူ့အဖွဲ့အစည်းလည်း တစ်နေ့ ဒီလို ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်ရင်း …..
By
Mia (For Her Myanmar)
Reference links: CNNPolitico

Aye Mon Kyaw
Aye Mon Kyaw
ကျွန်မကတော့ Miaပါ။ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး စာတွေ၊ ကျန်းမာရေးတွေ ရေးပေးမယ့်သူပါ။ foodieဖြစ်တာမို့ ဟင်းချက်နည်းတွေလည်း ရေးပေးမှာနော်။

Leave a Reply

Your email address will not be published. Required fields are marked *