“ကျွန်မသမီး အန္တရာယ်ရှိနေပြီ” ဆိုတဲ့ လှုပ်ရှားမှု (#daughter in danger) ရဲ့ အရင်းအမြစ်
မင်္ဂလာပါ ယောင်းတို့ရေ….မုဒိမ်းမှုဆိုတဲ့ ပြစ်မှုဟာ ကြီးငယ်မရွေး၊ ကျား ၊ မ မရွေး ကို ခြိမ်းခြောက်နေတဲ့အရာပါ။ အခုတလော မြန်မာပြည်မှာ အရေအတွက် မြင့်တက်လာတဲ့ သက်ငယ်မုဒိမ်းတွေကြောင့် ကလေးငယ်တွေ အသက်ဆုံးရှုံးနေရသလို အက်ဒ်မင်တို့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ အိန္ဒိယဟာလည်း မုဒိမ်းမှုကြောင့် မိန်းကလေးငယ်တွေ ထိခိုက်ခံစားနေခဲ့ရတာ ကြာပါပြီ။ အိန္ဒိယဟာ အမျိုးသမီးတွေရဲ့ အပျိုစင်ဘဝကို ထိန်းသိမ်းစရာ တန်ဖိုးတစ်ခုလို့ မြင်တတ်တဲ့ လူ့အဖွဲ့အစည်းဖြစ်လေတော့ ပိုဆိုးပေါ့။ မုဒိမ်းကျင့်ခံရလို့ လူသေရင်သေ၊ မသေရင် ပတ်ဝန်းကျင်ရဲ့ ဖယ်ကြဉ် တိုက်ခိုက်ခံရမှုကြောင့် အဲ့မိန်းကလေးရဲ့ ဘဝတစ်လျှောက်လုံးဟာ သေဆုံးသွားပါတော့တယ်။

တစ်စ တစ်စ မြင့်တက်လာတဲ့ မုဒိမ်းမှုကြောင့် အညွန့်ကျိုးခဲ့ရတဲ့ မိန်းကလေးတွေများလာပေမဲ့ အိန္ဒိယ အစိုးရဟာ ပေါ့ပေါ့တန်တန်သာ အလေးထားခဲ့ပါတယ်။ အစိုးရရဲ့ လျစ်လျူရှုထားမှုကို တုံ့ပြန်လိုက်သူကတော့ မစ္စ ဆွာတီ မာလီဝယ် ပဲ ဖြစ်ပါတယ်။ ဘယ်လို တုံ့ပြန်ခဲ့လဲဆိုရင် သူမဟာ အန္တရာယ်ရှိတဲ့ အစာအငတ်ခံနည်းကို သုံးပြီး သူမ အသက်ကို စွန့်စားလို့ မုဒိမ်းမှု ကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။ မစ္စဆွာတီ မာလီဆိုတာ ဒေလီအမျိုးသမီးအဖွဲ့ရဲ့ ဥက္ကဌတစ်ယောက်ဖြစ်ပြီး သူမဟာ ဒေလီမြို့ထဲက မိန်းကလေးတွေရဲ့ အခွင့်အရေးကို မြှင့်တင်ပေးဖို့ အလုပ်လုပ်နေသူလည်း ဖြစ်ပါတယ်။ မစ္စဆွာတီဟာ သူမရဲ့ အစာငတ်ခံ ဆန္ဒပြမှုကို ၁၃ရက်နေ့မှာ စခဲ့ပါတယ်။ သူမ တောင်းဆိုထားတဲ့ အချက်တစ်ချက်ကတော့ “မိန်းကလေးငယ်တွေကို မုဒိမ်းကျင့်တဲ့ ဘယ်ကောင် မဆို ၆လအတွင်း ကြိုးပေးပေးပါ” ပါတဲ့။

မစ္စဆွာတီ အစာငတ်ခံပြီး စလိုက်တဲ့ ဆန္ဒပြမှုကနေ လှုပ်ရှားမှု တစ်ရပ်ပေါ်ပေါက်လာပါတော့တယ်။ ဒါကတော့ hashtagနဲ့ “ကျွန်မသမီး အန္တရာယ်ရှိနေပြီ” ဆိုတဲ့ လှုပ်ရှားမှု (#daughter in danger) ဖြစ်ပြီး သူတို့ဟာ ရာဇဝတ်ကောင်တွေကို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် စီရင်ပေးဖို့ တောင်းဆိုကြပါတယ်။ မစ္စဆွာတီရဲ့ အစာငတ်ခံမှုကြောင့် ဒီ လှုပ်ရှားမှုကို လူအများအပြားက သိလာကြပြီး သူမ အစာငတ်ခံတဲ့နေ့ကစပြီး တစ်ပတ်လောက်ကြာတဲ့အခါ လူ လေးသောင်းကျော်က တွစ်တာမှာ ရေးသားဖော်ပြကြတဲ့အထိ အားကောင်းစွာ ပြန့်နှံ့လာခဲ့ပါတယ်။
Related Article >>> တွစ်တာအသုံးပြုသူ မိန်းကလေးတစ်ယောက်ပြောပြတဲ့ မုဒိမ်းမှုအကြောင်း
မစ္စဆွာတီရဲ့ ကျန်းမာရေးကို စိုးရိမ်ကြတဲ့သူတွေက သူမကို ဆက်မလုပ်ဖို့ ဖျောင်းဖျကြပေမယ့် သူမကတော့ အတော်ဇွဲကြီးပြီး စိတ်ပိုင်းဖြတ်ထားပုံရပါတယ်။ “အိန္ဒိယဝန်ကြီးချုပ်က ကျွန်မတောင်းဆိုချက်ကို လက်မခံသရွေ့ အစာငတ်ခံတာ ရပ်မှာ မဟုတ်ဘူး”တဲ့လေ။ တကယ်တော့ အိန္ဒိယမှာ မုဒိန်းမှုတွေ ဖြစ်နေတာ များနေပြီလို့ ပြောလို့ရသလို ကြာလည်း ကြာပါပြီ။ ဒါပေမဲ့ အိန္ဒိယပြည်သူအများစုဟာ ဒီဖြစ်ရပ်ဆိုးတွေ ထပ်ခါ ထပ်ခါ ဖြစ်နေတာကို လျစ်လျူရှုခဲ့ကြပြီး အချိန်အတော်ကြာမှ အသိဝင်လာခဲ့ကြပါတယ်။ မစ္စဆွာတီရဲ့ အစာငတ်ခံ ဆန္ဒပြတဲ့အချိန်ကစပြီး လူတွေဟာ မုဒိမ်းမှုကို နည်းပေါင်းစုံနဲ့ လျော့ကျအောင်လုပ်ဖို့ အသိတရား ဝင်လာခဲ့တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆို တလောက အုပ်စုလိုက် မုဒိန်းကျင့်ခံရလို့ သေသွားတဲ့ ၈နှစ်သမီးလေးရဲ့ သတင်းနဲ့ လွှတ်တော်အမတ်က မုဒိန်းကျင့်လိုက်တဲ့ ၁၆နှစ်အရွယ် မိန်းကလေးရဲ့ အကြောင်းတွေကို သူမ အစာငတ်ခံတဲ့အချိန်ကစလို့ ခဏခဏဖော်ပြလာကြပြီး လူတွေကလည်း အတော်လေး အာရုံရှိလာကြလို့ပါတဲ့။
အိန္ဒိယဟာ သေဒဏ်ကို ချမှတ်ခဲတဲ့ နိုင်ငံဖြစ်ပြီး သေဒဏ်စီရင်မှုဟာ မရှိသလောက်ကို ရှားပါတယ်။ ဒါပေမဲ့ မစ္စဆွာတီကနေ စလိုက်တဲ့ hashtag လှုပ်ရှားမှု အားကောင်းလာပြီး ပြည်သူလူထုကလည်း ဆိုးရွားလွန်းလှတဲ့ မုဒိမ်းမှုတွေအပေါ် သည်းမခံနိုင်တော့ဘဲ အုံကြွလာတာကြောင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ အရေးပေါ် ဝန်ကြီးအစည်းအဝေး ခေါ်ပြီး အုပ်ချုပ်ရေးအမိန့်တစ်ခု ချမှတ်လိုက်ရပါတယ်။ ဒါကတော့ အသက်၁၂အောက် ကလေးငယ်ကို မုဒိမ်းကျင့်ရင် သေဒဏ်စီရင်တော့မယ် ဆိုတာပါပဲ။
ဒီလို မုဒိမ်းမှုနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီရင်ထုံး ပြောင်းလဲမှုဟာ ဒေါသထွက်နေတဲ့ လူထုကြီးကို အတိုင်းအတာတစ်ခုထိ စိတ်သက်သာရာ ရစေခဲ့သလို မစ္စဆွာတီ ဖြစ်ချင်တာတွေလည်း နောက်ဆုံးတော့ ဖြစ်လာပြီမို့ သူမဟာ ကိုးရက်အကြာမှာ အစာငတ်ခံ ဆန္ဒပြတာကို ရပ်နားလိုက်ပါတော့တယ်။ သူမ ဟာ ကိုးရက်လုံး အစာမစားတာမို့ အတော်လေးလည်း ဖြူဖျော့ပြီး ပိန်ချုံး ချောင်ကျသွားခဲ့ပါတယ်။ သူမကို စိတ်ပူနေတဲ့ မိတ်ဆွေတွေနဲ့ မိသားစုတွေကလည်း ခုမှပဲ ကောင်းကောင်းသက်ပြင်းချနိုင်ပါတော့ပါတယ်တဲ့။ သေမှာတောင် မကြောက်ဘဲ သူမ ယုံကြည်ရာ အတွက် စွန့်စားခဲ့တာ အတော် သတ္တိကောင်းတယ်လို့ ဆိုရမှာပါ…
အက်ဒ်မင်ကတော့ မစ္စဆွာတီရဲ့ စိတ်ခွန်အား နဲ့ စိတ်ဓာတ်ပြင်းပြမှုကို အတော်လေး လေးစားနေမိပါပြီ။ ပြင်းထန်စွာ အရေးယူတယ်ဆိုတာ မုဒိမ်းမှုလျော့ကျဖို့ လုပ်ဆောင်ရမယ့် အဆင့်တွေထဲက တစ်ဆင့်ပဲရှိပါသေးတယ်။ မိသားစုတွင်း ဆုံးမ သွန်သင်မှုတွေ၊ ပတ်ဝန်းကျင်ကို အသိပညာ ပေးလုပ်ဆောင်တာတွေ၊ စတဲ့အဆင့်တွေလည်း အများကြီး လိုအပ်သေးတာမို့ ကျန်တဲ့အဆင့်တွေလည်း မစ္စဆွာတီတစ်ယောက် အောင်မြင်စွာ ဆက်အကောင်အထည်ဖော်သွားလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့..
By
Mia ( For Her Myanmar )
Reference links: BBC , Indian Times