အင်္ဂလိပ်စာလေ့လာချင်တဲ့ယောင်းတို့အတွက် ဖတ်ချင်စရာစာအုပ်ကောင်းလေးတွေ

ရာသီဥတုကမှိုင်းညှို့ညှို့နဲ့ အပြင်ထွက်လို့မကောင်းတာမို့ အိမ်ထဲကုတ်ပြီးစာဖတ်ကြစို့လား ယောင်းတို့ရေ..

ယောင်းတို့ရေ စာဖတ်တယ်ဆိုတာ ဝါသနာကောင်းတစ်ခုပါပဲနော်။ အခုခေတ်ကလေးတွေက ကျောင်းစာ၊ အင်တာနက်နဲ့ ဂိမ်းတွေကြောင့် စာသိပ်မဖတ်ဖြစ်တော့ဘူးလေ။ တကယ်က ကလေးတွေရဲ့ ဦးနှောက်နုနုလေးတွေအတွက် ကွန်ပြူတာနဲ့ ဖုန်းမှန်သားပြင်တွေကို ကြာကြာကြည့်တာဟာ မကောင်းပါဘူးတဲ့။ အဲ့ဒီအစား စာဖတ်ကြမယ်ဆို မျက်လုံးလေးတွေလဲအနားရ ဦးနှောက်ကလေးတွေကလဲ ဂိမ်းဆော့တာထက်ပိုပြီး အလုပ်လုပ်ရသလို ပိုလဲဥာဏ်ကွန့်မြူးရလို့ ကလေးတွေအတွက်သာမက ကိုယ်တို့လို လူကြီးတွေအတွက်ပါကောင်းတယ်တဲ့။

Related Article >>> ပိတ်ရက်မှာ ယောင်းတို့အတွက် အပျင်းပြေအကျိုးထူးစေမယ့် စာအုပ်ကောင်း (၃)အုပ်

စာဖတ်တယ်ဆိုတာကလေ ဗဟုသုတရတဲ့စာတွေမှမဟုတ်ပါဘူး ရသစာပေဖတ်မလား ကာတွန်းပဲဖတ်မလား ဘာဖတ်ဖတ် အသိတစ်ခုတော့ရတာချည်းပါပဲနော်။ အဲ့မှာမှ အင်္ဂလိပ်စာဖတ်တယ်ဆိုရင် ပိုတောင်အသိတိုးသေး။ စာလုံးအသစ်တွေတိုးတယ်။ စာကြောင်းဖွဲ့ပုံတွေ ပိုသိလာမယ်။ အင်္ဂလိပ်စကားပြောလဲ ပိုကျွမ်းလာမယ်။ ကျောင်းတက်နေတဲ့ ယောင်းတို့ဆို အင်္ဂလိပ်အက်ဆေးတွေကို လွယ်လွယ်ကူကူရေးတတ်လာမှာအမှန်ပါပဲ။

ကဲဒီလောက်တောင်အကျိုးကျေးဇူးတွေရှိနေပြီဆိုတော့ စာဖတ်ကြရအောင်လား။ စာဖတ်နေကျ ယောင်းတို့ကတော့ ကိုယ်ဘာကြိုက်လဲ ဘာဖတ်နိုင်လဲသိပြီးရောပေါ့။ အက်ဒမင်က အခုမှစဖတ်မယ့်ယောင်းတို့အတွက်ကို တစ်ဆင့်ချင်း ပညာတိုးသွားစေမယ့် အင်္ဂလိပ်စာအုပ်လေးတွေ အကြံပေးမယ်နော်။

ဖတ်လေ့ဖတ်ထမရှိဘူးဆိုတော့ ပေါ့ပေါ့ပါးပါး ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် ရည်ရွယ်တဲ့ စာအုပ်ကလေးတွေ စဖတ်တာ လွယ်လဲလွယ် ပျော်ဖို့လဲကောင်းပေါ့နော်။ အဲ့ဒီအမျိုးအစားထဲကဆို Jeff Kinney ရေးတဲ့ Diary of a Wimpy Kid ရယ် Louise Rennison ရေးတဲ့ Confessions of Georgia Nicolson ရယ်ကနေ စဖတ်သင့်တယ်။ အဲ့စာအုပ်လေးတွေက ရယ်လဲရယ်ရတယ်၊ ဇာတ်လမ်းတွဲတစ်ခုမှာ ၁၀အုပ်လောက်ပါတာမို့ ဒီနှစ်ခုလဲဖတ်ပြီးရော ယောင်းတို့လဲ စကျွမ်းကြီးတွေ ဖြစ်သွားရောပေါ့နော။ စာအုပ်အထူကြီးတွေ ဖတ်ရတာကြိုက်ရင်တော့ Harry Potter ၇အုပ် ထိုင်ဖတ်ပေတော့ပဲ။ အက်ဒမင်ဆို စစခြင်းမှာ ဟယ်ရီစဖတ်တာ။ ခက်ကလဲခက်တယ် ဒါပေမယ့် အရမ်းစိတ်ဝင်စားစရာလဲကောင်းတယ်လေ။ အခုစာအုပ်လေးတွေက စဖတ်လိုက်တာနဲ့ လက်ကမချနိုင်အောင် ပျော်စရာကောင်းတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးတွေဆိုတော့ စာဖတ်ကာစယောင်းတို့ လွယ်လွယ်ကူကူ ဖတ်နိုင်မှာပါ။

ဒါပြီးရင်တော့ နောက်တစ်ဆင့်တက်ပြီး အချစ်ဝတ္ထုလေးတွေ ဖတ်ကြရအောင်။ ယောင်းတို့အကြိုက် Twilight series ကလေးဖတ်ကြည့်လို့ရတယ်။ အချစ်ဝတ္ထုနာမည်ကြီးတာ Rainbow Rowell တို့ Cecelia Ahern တို့ ယောင်းတို့ကိုမျက်ရည်ချူတဲ့ The Fault in Our Stars ရေးတဲ့ John Green တို့ Me before You စာရေးဆရာ Jojo Moyes တို့ အို အများကြီးမှ အများကြီး။ ပျော်ပျော်ကြီးဖတ်ပေဦးတော့ပေါ့နော်။ နည်းနည်းဒရမ်မာကြိုက်တဲ့ယောင်းတို့ဆို Nicholas Sparks စာအုပ်တွေရှိတယ်။ ယောင်းတို့သိပြီးသား Dear John တို့ The Note Book တို့ သူရေးတာပေါ့။ အရမ်းရိုမန့်တွေတစ်တဲ့ စာရေးဆရာပေါ့။ ငိုလဲငိုရမှာ။ ဒီစာအုပ်လေးတွေကျတော့ တစ်ချို့က ရေးဟန်သွက်ပေမယ့် တစ်ချို့ဒရမ်မာတွေက ဇာတ်ရှိန်တက်နှေးတယ် စာဖတ်တာကြိုက်သွားပြီဆိုမှ ဒီလိုဇာတ်လမ်းကို ဖြည်းဖြည်းချင်းဆောက်သွားတဲ့ စာအုပ်တွေကို အရသာခံတတ်မှာ။ ဆိုတော့ကာ အက်ဒမင်က ဒီစာအုပ်တွေကို အဆင့်နှစ်လို့သတ်မှတ်ပေးလိုက်တာ။

Related Article >>> အင်္ဂလိပ်ဝတ္ထုကိုဒီလိုလွယ်လွယ်ဖတ်ကြမယ်

ဒီကနေတစ်ဆင့်တက်ရင် literary fiction လို့ခေါ်တဲ့ ဘဝအကြောင်း လူတွေအကြောင်း ရေးထားတဲ့ စာတွေဆက်ဖတ်ကြရအောင်။ အဲ့ဒီမှာ Fredrik Backman ဆိုတဲ့စာရေးဆရာရဲ့ စာလေးတွေအရမ်းကောင်းပါတယ်။ A Man Called Ove ဆိုရင် သူ့မိန်းမဆုံးသွားလို့ သေကြောင်းကြံမယ့် အဖိုးကြီးတစ်ယောက် အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ ဘဝကိုပြန်နေပျော်သွားတာလေးကို ကြည်နူးစရာရေးထားတယ်။ My Grandmother Asked Me to Tell You She’s Sorry မှာဆို ဖွားဖွားကြီးဆုံးသွားတဲ့နောက် ရှစ်နှစ်သမီးလေးက ဖွားဖွားကြီးထားခဲ့တဲ့ စာတွေကို အိမ်နီးချင်းတွေဆီ လိုက်ပို့ရင်း ဖွားဖွားကြီးရဲ့ လျှို့ဝှက်ချက်တွေကို သိလာတဲ့အကြောင်း၊ သိပ်ပြီးချစ်စရာကောင်းတဲ့ဇာတ်လမ်းကလေးပါ။ အက်ဒမင်ဆို အဆုံးပိုင်းမှာ ငိုလိုက်ရတာအရမ်းပဲ။ ဒီကတစ်ဆင့်တက်ရင် Yann Martel ရဲ့ Life of Pi တို့ Vikas Swarup ရဲ့ Q&A တို့ဖတ်ကြည့်ပေါ့။ Q&A ဆိုရင် Slumdog Millionaire ဆိုပြီး ရုပ်ရှင်ပြန်ရိုက်တာ ယောင်းတို့သိမှာပါ၊ နာမည်ကြီးပဲလေ။

ကဲခုတော့ ကလေးစာအုပ်လေးတွေလဲဖတ်ပြီးပြီ။ အချစ်ဝတ္ထုတွေလဲ ဖီးပြီးလို့ ဘဝသရုပ်ဖော်တွေတောင်ဖတ်နေပြီ။ အဲ့လောက်ဆို စာဖတ်သက် တော်တော်ရင့်သွားပြီပြောလို့ရတယ်။ ဒါဆို Haruki Murakami တို့လို စာတွေ classic လို့ခေါ်တဲ့ စာအခန့်တွေ စဖတ်လို့ရပြီ။ အက်ဒမင်ကတော့ အဲ့အဆင့်မရောက်သေးဘူး မူရာကာမီဖတ်ပြီးရင် ပြန်ပြောဦး ကောင်းလားလို့။

ယောင်းတို့တွေ အက်ဒမင် အကြံပေးထားတဲ့စာအုပ်ကလေးတွေဖတ်ရင်း စာဖတ်ရတဲ့အရသာကို ကြိုက်လာမှာပါ။ ဒါ့အပြင် အင်္ဂလိပ်စာလဲတစ်ချိန်တည်းမှာ လေ့လာပြီးသားဖြစ်… ဘယ်လောက်ကောင်းလိုက်သလဲ။ စာဖတ်လက်စရှိတဲ့ယောင်းတို့လဲ အခုမှစဖတ်မယ့် ဂျူနီယာစာဖတ်သမားလေးတွေအတွက် ယောင်းတို့စိတ်ကြိုက်စာအုပ်လေးတွေ ပြောပြသွားပါဦးနော်။

Khine ( For Her Myanmar )

No Comments Yet

Comments are closed