သိပ္ပံနည်းကျ ရင်သွေးပျိုးထောင်ခြင်း

ကလေးလေးတွေ ကိုယ်ရောစိတ်ပါ ကျန်းမာစွာကြီးပြင်းနိုင်ဖို့အတွက် ချစ်ခင်စွာပျိုးထောင်တတ်ဖို့လိုပါတယ်။

ယောင်းတို့ရေ gender neutral parenting ဆိုတဲ့ ရင်သွေးပျိုးထောင်နည်းကို အက်ဒမင်ပြောပြခဲ့ဖူးပါတယ်။ ရင်သွေးလေးတွေကို မိန်းကလေးမို့၊ ယောက်ျားလေးမို့ဆိုပြီး ပုံစံခွက်ကြီးထဲ ထိုးထည့်ထားတာမျိုး မဟုတ်ဘဲ၊ ရင်သွေးလေးတွေကို တွေးခေါ်ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်ပေးပြီး ကြီးပြင်းလာစေတဲ့ ပျိုးထောင်နည်းအကြောင်းပါ။ အခုတစ်ခါမှာတော့ သိပ္ပံနည်းကျနဲ့ gender neutral parenting ကို ဘယ်လိုစမတ်ကျကျ အသုံးချကြမလဲဆိုတာ ပြောပြပါ့မယ်။

Related article >>> မလူးသာမလွန့်သာ

၁) ကျား၊ မဖြစ်တည်မှုကို သိပ်ဦးစားမပေးပါနဲ့။ ဒါက ကျားမဖြစ်တည်မှုကို ဖျောက်ပစ်ခိုင်းတာ မဟုတ်ပါဘူး။ သမီးကို သမီးလို့ခေါ်ပါ၊ သားကိုသားလို့ခေါ်ပါ။ အရမ်းကိုပုံစံခွက်ထဲ မထည့်မိဖို့ သတိထားရင် ရပါပြီ။ သူတို့နေနေရတဲ့ ကမ္ဘာကြီးထဲက လူ့အသိုင်းအဝိုင်းဟာ ကျားမဖြစ်တည်မှုကို ဘယ်လောက် ဦးစားပေးကြောင်းကိုတော့ ပေးသိထားပါ။ ကျားမခွဲခြားပြီး နှိမ့်ချဆက်ဆံမှုတွေ၊ အနိုင်ကျင့်မှုတွေ ရှိနေကြာင်း၊ ဒါတွေက ဆိုးတာမို့ ဒီလိုတွေမလုပ်သင့်ကြောင်း ပြောပြပေးပါ။

၂) အရုပ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေမှာ ကျားမခွဲခြားမှု မလွှမ်းမိုးပါစေနဲ့။ ကလေးတွေဟာ အသက်နှစ်နှစ်အရွယ်ကတည်းက သူတို့ရဲ့ လိင်ဖြစ်တည်မှုကို သူတို့သိနေပါပြီ။ ကလေးတွေကို ပန်းရောင်ပစ္စည်းတွေ၊ အိုးခွက်ပန်းကန်တွေ၊ ဘာဘီရုပ်တွေ ဘယ်လောက်ဝယ်ပေးပေး၊ ယောက်ျားလေးဆန်မယ့် ကလေးဟာ ဆန်မှာပါပဲ။ အပြာရောင်တွေ ဖုံးလွှမ်းနေတဲ့ အခန်းထဲမှာ ဓားရုပ်၊ သေနတ်ရုပ်တွေနဲ့ ကြီးပြင်းလာသူလေးတွေဟာလဲ ကြီးလာတဲ့အခါ မိတ်ကပ်ပညာရှင် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို သူတို့စိတ်ကြိုက်အရုပ် ရွေးပါစေ။ သူတို့မရွေးနိုင်တဲ့အရွယ်မှာလဲ အရောင်တွေကို ကျား ၊ မခွဲခြားပြီး တစ်ရောင်တည်း လွှမ်းထားတာမျိုး မဖြစ်ပါစေနဲ့။

၃) မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေကို တူတူကစားခိုင်းပါ။ မီးမီးတို့ ဟင်းချက်တမ်းကစားနေတာကို သားသားပါချင်ရင် ပါခိုင်းလိုက်ပါ။ ဒီလိုပဲ သားသားစက်ရုပ်ဆောက်နေတုန်း မီးမီးကပါဆောက်ချင်တယ်ဆို သူ့ပါပေးဆောက်ပါ။ သားသားက ဘာဘီရုပ်နဲ့ပဲဆော့ချင်ပြီး၊ မီးမီးကကားပြိုင်တမ်းဆော့ချင်ရင်လဲ ကလေးတွေ စိတ်ချမ်းသာသလို ဆော့ကစားခွင့်ပေးပါ။ သူတို့စိတ်ကူးလေးတွေကို ဖော်ပြခွင့်ပေးပါ။ ပုံဆွဲတာ၊ စာရေးစာဖတ်၊ ဘဲလေးကတာ၊ တူရိယာတီးတာ စသည်ဖြင့် သူတို့ဝါသနာလေးတွေကို မချုပ်ချယ်ပါနဲ့။

၎) သူတို့ကို အားကျရမယ့်သူတွေ များများရှာပေးပါ။ သမီးလေးမို့ အားကျစရာမိန်းမတွေအကြောင်း၊ သားလေးမို့ ရဲရင့်တဲ့ယောက်ျားတွေအကြောင်းပဲ မပြောပြပါနဲ့။ သူတို့တွေ အတုယူနိုင်ဖို့ အာကာသယဉ်မှူးတွေ၊ ဆရာဝန်ကြီးတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေအပြင်၊ မိတ်ကပ်ပညာရှင်တွေ၊ မင်းသားမင်းသမီး၊ အဆိုတော်တွေနဲ့ပါ မိတ်ဆက်ပေးပါ။

၅) သူတို့ကို ကလေးတစ်ယောက်၊ လူတစ်ယောက်အနေနဲ့ပဲ မြင်ပါ။ မိန်းကလေးတန်မဲ့တို့၊ ယောက်ျားဆိုတာတို့၊ အဲ့လိုပုံစံခွက်ထဲသွင်းတဲ့စကားတွေ မပြောပါနဲ့။ သုတေသနတွေအရ တို့တွေမှာ ကျားမလက္ခဏာနှစ်မျိုးလုံး ရောနေကြပါတယ်။ ကျားလက္ခဏာများတဲ့သူက ယောက်ျားလေးဆန်မယ်။ မလက္ခဏာများတဲ့သူက မိန်းကလေးပိုဆန်ပါမယ်။ ဒါကြောင့်မို့ သမီးလေးတွေကို ဗိုင်းကောင်းကျောက်ဖိဖို့၊ သားလေးတွေရဲ့ မျက်ရည်တွေကို ပိတ်ပင်ဖို့ မကြိုးစားလိုက်ပါနဲ့။

Related article >>> နိုင်ငံရပ်ခြားမှာ ခေတ်စားနေတဲ့ ကလေးပျိုးထောင်နည်း

မိဘတွေဆိုတာကတော့ ကိုယ့်ရင်သွေးလေးအတွက် အကောင်းဆုံးကို လိုချင်ကြတာချည်းပါပဲ။ ကိုယ့်ရင်သွေးလေးတွေကို မချစ်တဲ့ မိဘဆိုတာလဲ မရှိပါဘူး။ ဒီလောက်ချစ်ရတဲ့ ရင်သွေးလေးတွေကို ဘာလို့များ ပုံစံခွက်ကြီးထဲ နစ်မွန်းစေမှာလဲနော်။ အက်ဒမင်တို့တုန်းက မရခဲ့တဲ့ ရွေးချယ်ခွင့်နဲ့ လွတ်လပ်တဲ့ ကလေးဘဝကို တို့မျိုးဆက်သစ်ကလေးတွေကို ပေးလိုက်ကြရအောင်နော်။

Khine (For Her Myanmar)

Reference : Parents | Forbes

No Comments Yet

Comments are closed