Vaseline ကို ထူးထူးခြားခြား အသုံးပြုနိုင်တဲ့ နည်းလမ်းပေါင်း(၁၅)ခု

Vaseline ပဲလိုပါတယ်။

ဒီဆောင်းပါးက FHM ရဲ့ ယောင်းတစ်ယောက် တောင်းဆိုထားတဲ့ဆောင်းပါးလေးပါ။ စွယ်စုံရ Vaseline ကို ဘယ်လိုနေရာတွေမှာ အသုံးပြုနိုင်လဲဆိုတာ သိချင်ပါတယ်တဲ့။ပြောရရင်တော့ စွယ်စုံရ ဆိုတဲ့အတိုင်း Vaseline ကို နေရာစုံ တကယ် အသုံးပြုနိုင်ပါတယ်။ ဥပါဒ်လည်း မရှိပါဘူး။ရေနံဆီကနေ ထုတ်ထားတယ်ဆိုပေမယ့် စားလို့တောင်ရပါတယ်။ Vaseline ကို အက်မင်ကိုယ်တိုင်လည်း တချို့နည်းလမ်းတွေ စမ်းသပ်ဖူးပါတယ်။ တကယ်လက်တွေ့လည်း အကျိုးထူးပါတယ်။ နည်းလမ်းတွေထက် အရင် Vaseline ရဲ့ သမိုင်းကြောင်းလေးအရင် ဖောက်သည်ချပါရစေ။ (သြော်…Vaseline ကို ကြော်ငြာပေးတာ လုံးဝ လုံးဝ မဟုတ်ပါဘူးနော်။)

Vaseline ကိုတီထွင်ဖို့ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့တဲ့သူက အသက်(၂၂)အရွယ် ဗြီတိန်သား ဓာတုဗေဒပညာရှင်ပါ။(၁၈၅၉)ခုနှစ်မှာ မြေကြီးထဲက စုပ်ယူရတဲ့ သဘာဝရေနံက အသားအရေအတွက် ကောင်းတယ်ဆိုတာကို သူလေ့လာတွေ့ရှိခဲ့ရပါတယ်။အဲဒါနဲ့ အရေပြားထိခိုက်ရှနာ စသဖြင့် (ဒီက ဆရာခိုလိုပေါ့။) အထွေထွေသုံးလို့ရအောင် ဂျယ်လ်ပုံစံထုတ်ပြီး သုံးနိုင်ဖို့ အဆင့်ဆင့်သန့်စင် စမ်းသပ်မှုတွေရဲ့အဆုံး (၁၈၇၀)ခုနှစ်မှာ “Wonder Jelly”ဆိုပြီး စထုတ်ခဲ့ပါတယ်။(၁၈၇၂)ခုနှစ်မှာတော့ ဂျာမန်ဘာသာစကားက “wasser” ရေနဲ့ ဂရိဘာသာစကားက ဆင်းသက်လာတဲ့ “oleon” (ဆီ)(သံလွင်ဆီလို့လဲ ပြောကြတယ်။) တို့ပေါင်းစပ်ပြီး “Vaseline”ဆိုတဲ့ နာမည်ပြောင်းခဲ့တယ်လို့ဆိုထားပါတယ်။ (၁၈၇၄)ခုနှစ်မှာတော့ Vaseline ဟာ တစ်မိနစ် တစ်ဗူးနှုန်းနဲ့ကို အရောင်းသွက်ခဲ့ပါတယ်။(၁၉၈၇)မှာတော့ Unilever ကုမ္ပဏီကနေ ဆက်လက်ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ အခုဆို နှစ်ပေါင်း ၁၄၇နှစ်ပေါ့။ Vaseline ကိုအခြေခံပြိး Vaseline lotion စသဖြင့် ပစ္စည်းအမျိုးမျိုးလည်း ထုတ်လုပ်နေပါပြီ။

ကဲ…သမိုင်းကြောင်းပြီးတဲ့အခါ အသုံးပြုလို့ရတဲ့နည်းလမ်းလေးတွေပေါ့။ ဘယ်နေရာတွေမှာ သုံးလို့ရလဲဆိုတော့…

(၁)အနာအဆာတွေကို ကာကွယ်မယ်။

ဒါက Vaseline ရဲ့ အဓိကရည်ရွယ်ချက်ပါ။ ထိခိုက်ရှနာ ဒဏ်ရာတွေကို ပြန်လည်ကုသဖို့အတွက်ပေါ့။ အနာတွေကို ပိုးမဝင်လည်းကာကွယ်ပေးတယ်။ ပြန်လည် သက်သာစေပါတယ်။

(၂)ခြေဖနောင့်ကွဲတဲ့အခါ

ခြေဖနောင့်တွေကွဲရင် ရှိုးအလွန်ပဲ့ပါတယ်။ ရှိုးပဲ့တာထက် ပြင်းထန်လွန်းရင် အသားတွေကွဲရင် သွေးတောင်ထွက်သေး။ အဲ့ဒီအခါလည်း Vaseline သုံးနိုင်ပါတယ်။ ညတိုင်းအိပ်ခါနီး လိမ်းပြီး အိပ်ပေးပါ။ ပိုပြိး ထိရောက်စေချင်ရင်တော့ လိမ်းပြီးတဲ့အခါ ခြေအိတ်လေး စွတ်ပြီး အိပ်လိုက်ပါ။ ခြေအိတ်က အကြမ်းထည် အဟောင်းပဲသုံးပေါ့နော်။

(၃)နှုတ်ခမ်းသားတွေ ခြောက်တဲ့အခါ

Lip balm နဲ့ သုံးလို့ရပါတယ်။ ဒီထက်ပိုပြီး အကုန်အကျ သက်သာစေမယ့်နည်းဆိုရင်တော့ Vaseline ပေါ့။ Vaseline ကို နှုတ်ခမ်းနီဆိုးပြီးတဲ့အခါလည်း အပေါ်ကနေ တစ်ထပ်ထပ်ပြီး နှုတ်ခမ်းသားလေး ပိုပြီး ရွှန်းစိုနေအောင် ဖန်တီးနိုင်တယ်နော်။

(၄)မျက်ခုံးပုံသွင်းတဲ့အခါ

ဆံပင်ကို ဆီလိမ်းပြီး ပုံသွင်းရသလို မျက်ခုံးကိုလည်း vaseline လိမ်းပြီး ပုံသွင်းပါမယ်။ ပြန့်ကျဲနေတဲ့ မျက်ခုံးတွေပေါ် မျက်ခုံးမွှေးဆွဲတဲ့အခါ ကိုယ်က ဘယ်လောက်ပဲ စပယ်ရှယ်ဆွဲထား ဆွဲထား..စွန်းဂွမ်းရပါတယ်။ ဒါကြောင့် Vaseline လေးနဲ့ လိမ်းပြီး မျက်ခုံးမွှေးကို ဘရက်ရှ်လေးနဲ့ ဖြီးလိုက်တော့ ပုံကျသွားပြီပေါ့။

(၅)မျက်တောင်လေးတွေ သန်မာစေဖို့

မျက်တောင်မွှေးတွေက မိန်းကလေးတွေပဲဖြစ်ဖြစ် ယောကျာ်းလေးတွေပဲဖြစ်ဖြစ် ရဲ့ ဆွဲဆောင်မှုတစ်ခုပါ။ ထူပြီး ပျော့ပျောင်းတဲ့ မျက်တောင်မွှေးလေးအတွက် Vaseline ရှိပါတယ်။ ညဘက်တိုင်း ပုံမှန် လိမ်းပေးဖို့ပဲလိုပါတယ်။

(၅) လက်သည်းတွေကို အားဖြည့်မယ်။

လက်သည်းက အမာသားဆိုပေမယ့် သူ့လည်း အားဖြည့်ဖို့လိုပါတယ်နော်။ အဲဒီအခါမှာလည်း Vaseline ကို သတိရလိုက်ပါ။ လက်သည်းရဲ့လိုအပ်တဲ့ အဆီဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။

(၆)Body Scrub လည်းလုပ်လို့ရတယ်။

ဆားရယ် Vaseline ရယ် ရောပြီး ကိုယ်တိုင် Body Scrub ဖန်တီးလို့ရပါတယ်။ ဆားကတော့ ချေးပြောင်ဖို့ Vaseline ကတော့ လိုအပ်တဲ့ အဆီဓာတ်ပြန်ဖြည့်ဖို့ပေါ့။ scrub လုပ်ပြီးရင်တော့ ရေပြောင်ပြောင်ပြန်ဆေးပေါ့နော့်။

(၇)ခေါင်းလိမ်းဆီအဖြစ်သုံးမယ်။

ခေါင်းလျှော်ပြီးတဲ့အခါမှာ ဆံပင်ဖွာလန်ကြဲနေတာမျိုး အဖျား နှစ်ခွဖြစ်နေတာမျိုးတွေကို သပ်သပ်ရပ်ရပ်လေးဖြစ်ဖို့ လက်ဖဝါးမှာ Vaseline ကိုပွတ်ပြီး ဆံပင်ကို သပ်ပေးလိုက်ရင် အဆင်ပြေသွားမှာပါ။

ခေါင်းလိမ်းဆီလိမ်းတာက သက်သက်ပေါ့နော်။ အပေါ်ယံကနေ ဖွာနေတာကို သိမ်းဖို့က Vaseline နဲ့ပေါ့။

(၈)မျက်လုံးထဲ ခေါင်းလျှော်ရည် မဝင်ဖို့

ခေါင်းလျှော်ရည် မျက်လုံးထဲဝင်ရင် စပ်မှစပ်နော်။ မျက်လုံးထဲမဝင်အောင် မျက်ခွံပေါ် Vaseline လေးလိမ်းထားလိုက်။ သူ့အဆီက ဆပ်ပြာရည်ကို မျက်လုံးထဲ မဝင်အောင် ထိန်းပေးလိမ့်မယ်။

(၉)မိတ်ကပ်အစွန်းအထင်းတွေ ဖယ်ဖို့ဆို

မိတ်ကပ်တွေ အကျီင်္မှာဖြစ်ဖြစ်၊ အိပ်ယာခင်း၊ ခေါင်းအုံး ဘယ်မှာပဲဖြစ်ဖြစ် နောက်ပြီး မျက်နှာမှာ အလိမ်းလွန်သွားလို့ပဲဖြစ်ဖြစ် ဂွမ်းစလေးနဲ့ Vaseline ကိုသုတ်ပြီး ထိသွားတဲ့နေရာကို သုတ်ပေးရုံပါပဲ။ မျက်နှာမှာဆိုရင်လည်း Vaseline သုတ်ထားတဲ့ ဂွမ်းတံလေးနဲ့ ကိုယ်လိမ်းထားတဲ့ ပမာဏကို ပြန်ထိန်းလို့ရတာပေါ့။

(၁၀)ရေမွှေးကြာရှည်ခံဖို့ 

ကို ကိုယ်ရေမွှေးစွတ်မယ့်နေရာလေးတွေမှာ ကြိုလိမ်းထားလိုက်ပါ။ ပြီးမှ ရေမွှေးစွတ်ပေါ့။

ကိုယ်ပေါ် ရေမွှေးစွတ်လိုက်တဲ့အခါ ရေမွှေးန့ကြာရှည်ခံအောင် ထိန်းနိုင်ဖို့ အဆီဓာတ်လိုပါတယ်။ အဆီက မော်လီကျူးတွေက ရေမွှေးနံ့ကို ပိတ်လှောင်ပေးထားနိုင်ပါတယ်။ ဒါကြောင့် Vaselineကို ကိုယ်ရေမွှေးစွတ်မယ့်နေရာလေးတွေမှာ ကြိုလိမ်းထားလိုက်ပါ။ ပြီးမှ ရေမွှေးစွတ်ပေါ့။

(၁၁)လက်သည်းနီဆိုးတဲ့အခါမှာလည်း ပါရမီဖြည့်ဖက်

ယောင်းတို့ လက်သည်းနီဆိုးတဲ့အခါ Vaseline ကို လက်သည်းပေါ် သုတ်လိမ်းပြီးမှ ဆိုးရင် ပိုပြီးဆိုးရတာလည်း အဆင်ပြေသွားမယ်။ တစ်နေရာတည်းကွက်ပြီး များပြီးဖောင်းနေတာမျိုး မဖြစ်တော့ပါဘူး။

(၁၂)သားရေဖိနပ်လေးတွေအတွက်လည်း အဖော်မွန်

ရှူးဖိနပ်က သားရေတွေ polish တိုက်မယ်ဆိုလည်း Vaseline ကိုသုံးနိုင်ပါတယ်နော်။ ဖိနပ်မှရယ်မဟုတ်ပါဘူး။ သားရေနဲ့ပက်သက်သမျှ အိတ်၊ ကုတ်အကျီင်္ ကြိုက်တဲ့နေရာမှာ သုံးလို့ရပါတယ်။

(၁၃)ကြပ်နေတာတွေ ချောင်အောင်လုပ်မယ်။

ဇစ်ပဲဖြစ်ဖြစ်၊ နားကပ်နောက်ပိတ်ကြပ်တာပဲဖြစ်ဖြစ် တံခါးဘောင်ကြပ်တာပဲဖြစ်ဖြစ် ချောသွားအောင် Vaseline ကို ပွတ်လိမ်းပေးလိုက်။ အားလုံးအဆင်ချောသွားပါမယ်။

 

(၁၄)ဝမ်းနုတ်ဆီလုပ်လို့လည်းရတယ်။

ဝမ်းချုပ်လို့အခက်အခဲဖြစ်နေပါသလား။ ကိုယ့်ဗီုက်ထဲက အစာဟောင်းတွေ အပြင်ကို ရောက်ဖို့ Vaseline လေးနဲ့ ထွက်မယ့်အပေါက်ဝကို သုတ်လိမ်းပေးရင် ချောချောချူချူ ထွက်သွားပါလိမ့်မယ်နော်။

(၁၅)ကလေးလေးတွေ Diaper မပွန်းဖို့

အက်မင်မောင်လေးတွေဆို ငယ်ငယ်တုန်းက Diaper ပွန်းတာတွေကြောင့် ပေါင်ခြံလေးတွေ ရဲနေတာပဲ။ Diaper ကပိတ်လှောင်ထားတဲ့ဒဏ်နဲ့ဆို တော်တော်ခံရခက်ရှာမှာ။ အဲ့လိုမျိုးမဖြစ်ဖို့ဆို Vaseline လေးလိမ်းပေးထားလိုက်။ အာ့ဆို အိုကေသွားလိမ့်မယ်။

ယောင်းတို့ကို သတိပေးချင်တာက မျက်နှာအသားအရေမှာတော့ နေ့တိုင်း Vaseline ကို မသုံးဖို့ပါ။ တချို့က Moisturizer အဖြစ်သုံးကြတယ်။ သူက စွယ်စုံရဆိုပေမယ့် မျက်နှာလိမ်းဖို့ သီးသန့်ထုတ်ထားတာ မဟုတ်တော့ သူ့အဆီကြောင့် ချွေးပေါက်ပိတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အက်မင်လည်း စစရှာတုန်းက အင်တာနက်မှာ တချို့က moisturizer အဖြစ်သုံးလို့ရတယ်လို့ ဆိုထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အဲဒါက အမှန်တကယ်တော့ လူတိုင်းနဲ့ အဆင်မပြေနိုင်ပါဘူးလို့ သတိပေးချင်ပါတယ်။

ကဲ….ဒီလောက်ဆို တောင်းဆိုထားတဲ့ယောင်းယောင်းလည်း ကျေနပ်လောက်ရောပေါ့။ အက်မင်တို့ဆီ ရေးစေချင်တဲ့ဟာလေးတွေ တောင်းဆိုလို့ရပါတယ်။ ချက်ချင်းလက်ငင်းကြီး ဒီနေ့တောင်းဆို နောက်နေ့တင်ပေးတာတော့ မဟုတ်ဘူးပေါ့နော်။ ယောင်းတို့တောင်းဆိုတာကို တတ်နိုင်သမျှ အက်မင်တို့ရဲ့ ဆောင်းပါးအစီအစဉ်ထဲ ထည့်ပေးသွားပါ့မယ်။

Reference;

https://bellatory.com/hygiene-grooming/Vaseline-Uses

http://www.byrdie.com/vaseline-uses/slide15

Nilar (For Her Myanmar)

No Comments Yet

Comments are closed