ပန်းလေးတွေဆိုတာ အဆင်းလည်းလှရမယ်၊ ရနံ့လည်းမွှေးရမယ်ဆိုတဲ့ မခင်နှင်းကြည်သာ

“တစ်ကိုယ်တော် ပရဟိတသမားများကွန်ယက်” ကို ဖန်တီးခဲ့သူ မခင်နှင်းကြည်သာနဲ့ တစ်ခဏ

ယောင်းတို့ရေ… မြန်မာနိုင်ငံမှာ အမျိုးသမီးတွေနေရာပေးမခံရတာနဲ့ ပတ်သက်ပြီးအငြင်းပွားမှုတွေ တော်တော်ရှိနေသေးတာ သိတယ်မလား။ ဒါပေမဲ့ အက်ဒ်မင်တစ်ခုပြောနိုင်တာက နေရာမရသည်ဖြစ်စေ ရသည်ဖြစ်စေ အမျိုးသမီးတွေရဲ့ ကြိုးစားအားထုတ်မှု၊ ဇွဲရှိမှုနဲ့ ကြင်နာတတ်တဲ့နှလုံးသားကိုတော့ ဘယ်အရာကမှ တားဆီးနိုင်စွမ်းမရှိပါဘူး။ ဒါကို သက်သေပြလိုက်တဲ့သူကတော့ ကိုယ်ကျိုးမကြည့်ဘဲ အများအကျိုးအတွက်သာ တစိုက်မတ်မတ်ကြိုးစားပေးနေပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ပရဟိတလုပ်ငန်းကြီးတစ်ခုလုံးကို ဦးဆောင်နေတဲ့ မမခင်နှင်းကြည်သာပါ။

အက်ဒ်မင်တို့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က မမကို သွားပြီး အင်တာဗျူးခဲ့ပါတယ်။ မမက ပရဟိတလုပ်တာ ဆယ်စုနှစ်တစ်ခုရှိပါပြီ။ အသက် ၃၁ နှစ်ရှိတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့  မြန်မာပြည်အနှံ့ လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေအထိ ကိုယ်တိုင်သွားပြီး လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ဖို့ဆိုတာ မလွယ်ဘူးမလား။ ဇွဲတွေ၊ သတ္တိတွေ၊ စိတ်အားထက်သန်မှုတွေ၊ အကြင်နာမေတ္တာတရားတွေ အများကြီး အရင်းခံရှိလို့သာ ကိုယ်ကျိုးမကြည့်ဘဲ ဒီလို အပင်ပန်းခံပြီး အများအကျိုးအတွက် လုပ်ဆောင်ပေးနိုင်တာ။ မမခင်နှင်းကြည်သာရဲ့ ကူညီတတ်တဲ့ စိတ်ထားလေးကို လေးစားတာကြောင့် အက်ဒ်မင်တို့က ဒီလိုမျိုးမေးခွန်းတွေမေးပြီး မမရဲ့ ပရဟိတလုပ်ငန်းအပေါ်ခံယူချက် အကြောင်းမေးမြန်းခဲ့ပါတယ်။

*အစ်မအနေနဲ့ အခုလက်ရှိမှာ ဘယ်လိုပရဟိတလုပ်ငန်းတွေကို လုပ်ဖြစ်နေလဲ သိချင်ပါတယ်။

အစ်မကွန်ရက်စထောင်ထဲက လုပ်နေတဲ့အလုပ်ပဲ။ အစ်မတို့ကွန်ရက်မှာ ကဏ္ဍတွေနဲ့သွားတာဆိုတော့ ပညာရေးရှိတယ်၊ ကျန်းမာရေးရှိတယ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေရှိတယ်၊ အရေးပေါ်ကဏ္ဍရှိတယ်၊ နောက်တစ်ခုကအမျိုးသမီးတွေကို ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာပေးကဏ္ဍရှိတယ်။ စုစုပေါင်းကဏ္ဍ ၅ ခုပေါ့။ အဲ့ ကဏ္ဍ ၅ ခုက ချင်းပြည်နယ်ရယ်၊ မကွေးရယ် အဲ့နေရာတွေမှာလုပ်တယ်။

Related article >>> For Her Myanmar ဆောင်းပါးရှင်ယောင်းယောင်းတို့ လေးစားကြတဲ့ မြန်မာလေဒီများ

*အစ်မတို့ ပရဟိတလုပ်တဲ့အခါမှာ ဘယ်သူတွေနဲ့ လက်တွဲလုပ်ဆောင်ဖြစ်လဲ။

အစ်မတို့အဖွဲ့ရဲ့ နာမည်က တစ်ကိုယ်တော်ပရဟိတသမားများကွန်ရက်ပေါ့နော်။ ကွန်ရက်ဆိုတဲ့သဘောကတော့ တစ်ဦးတစ်ယောက်ချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းသော်လည်းကောင်း၊ ဖောင်ဒေးရှင်းတွေ၊ အခြားကွန်ရက်တွေနဲ့ အမတို့ ချိတ်ဆက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်ခုကောင်းဖို့ဆိုတာက အဖွဲ့အစည်းတစ်ခုမှာပဲ တာဝန်ရှိတာမဟုတ်ဘူး။ အစိုးရတစ်ခုမှာပဲ တာဝန်ရှိတာမဟုတ်ဘူး၊ လူတိုင်းလူတိုင်းမှာ တာဝန်ရှိတယ်။ အဲ့တော့ လူတိုင်းလူတိုင်းနဲ့ ချိတ်ဆက်ချင်တဲ့အတွက် အစ်မတို့ကကွန်ရက်လို့ နာမည်တပ်လိုက်တာ။ အစ်မတို့ကွန်ရက် နာမည် ‘တစ်ကိုယ်တော်ပရဟိတ သမားများ’ ဆိုတာကလည်း အဖွဲ့အစည်းတွေနဲ့လုပ်မှ လူတွေက ကောင်းမှုကုသိုလ်တွေ လုပ်တယ်လို့ထင်ကြတယ်။ အစ်မတို့ကတော့ မဟုတ်ဘူး။ တစ်ယောက်တည်းကနေ လုပ်နေတဲ့လူတွေရှိတယ်။ သူတို့ကိုလည်း အစ်မတို့ ပရဟိတသမားလို့ သတ်မှတ်တယ်။ အဲ့လူတွေနဲ့လည်း တွဲလုပ်ဖြစ်တယ်။ တစ်ဦးတစ်ယောက်နဲ့ပဲ တွဲလုပ်လုပ်၊ အဖွဲ့အစည်းတွေနဲ့ တွဲလုပ်လုပ်၊ ကိုယ့်ဘာကိုယ်တစ်ယောက်တည်းပဲလုပ်လုပ်၊ ကိုယ့်နိုင်ငံအတွက်ပဲ လုပ်ကြတာဖြစ်တဲ့အတွက် ပူးပေါင်းပြီး မည်သူနဲ့မဆို လုပ်လို့ရတယ်ဆိုတဲ့သဘောပဲပေါ့။ ဒီနေ့အထိလည်း အစ်မတို့ အစိုးရနဲ့လည်းတွဲတာပဲ၊ ဘယ်အဖွဲ့အစည်းမဆို ဘယ်အရိပ်အရောင်နဲ့လာလာ အစ်မတို့တွဲကြတယ်။ တွဲတယ်ဆိုတဲ့နေရာမှာ အစ်မတို့က ဘယ်ပါတီနဲ့တွဲလို့ အဲ့ပါတီရဲ့အရိပ်တွေလာထင်တာမျိုး၊ သူတို့ရဲ့လက်အောက်ခံ လုပ်တာမျိုးမဟုတ်ဘူး။ အစ်မတို့ကွန်ရက်မှာ ရှိနေတဲ့ ကဏ္ဍငါးခုထဲမှာ အမတို့ဒေသအတွက် အကူအညီတစ်ခုရမယ်ဆိုရင် အစ်မတို့တွဲလိုက်တယ်။ ဒါပေမဲ့ ဘယ်အရောင်တွေ ဘယ်ပါတီတွေရဲ့ အစွန်းအထင်းကိုမှတော့ အမတို့ကမခံဘူး။ ဘာကြောင့်လဲဆိုတော့ အစ်မတို့က ကိုယ့်နိုင်ငံအတွက် ကိုယ်လုပ်တာဖြစ်တယ်။ လူတစ်ဦးတစ်ယောက်ကို ကြော်ငြာပေးတာမဟုတ်ဘူး။ အဖွဲ့အစည်းတစ်ခုကိုကြော်ငြာပေးတာမဟုတ်ဘူး။

*အစ်မက စံပယ်ဖြူကဏ္ဍရဲ့ ဥက္ကဌဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီအဖွဲ့အစည်းကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဖွဲ့စည်းဖြစ်တာလဲ သိချင်ပါတယ်။

အစ်မတို့နိုင်ငံရဲ့ သန်းခေါင်စာရင်းအရ စာရင်းအရ အမျိုးသမီးက ထက်ဝက်ကျော်တယ်။ အဲ့ထက်ဝက်ကျော်နေတဲ့ အမျိုးသမီးတွေက ကျန်းမာရေးအသိမြင့်လာဖို့လိုတယ်။ ကျန်းမာရေးအသိမြင့်လာတယ်ဆိုတဲ့နေရာမှာ ကျန်းမာရေးဆိုတာ ဆရာဝန်နဲ့ပဲဆိုင်တာမဟုတ်ဘူး။ အမတို့နိုင်ငံမှာလည်း ဆောင်ပုဒ်ရှိတယ်။ ကုသတာထက်စာရင် ကာကွယ်တာက ပိုထိရောက်တယ်။ အမျိုးသမီးတွေက ကျန်းမာရေးအသိကို သိဖို့လိုတယ်။ ကျန်းမာရေးအသိဆိုတဲ့နေရာမှာ ကိုယ့်ခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်ပြောင်းလဲမှုတွေ၊ ဘယ်အချိန်မှာစပြီးတော့ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုပြောင်းတတ်သလဲ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဘယ်လိုပြောင်းတတ်သလဲ။ စိတ်ပိုင်းဆိုင်ရာပြောင်းတဲ့အချိန်မှာ ဘယ်လိုထိန်းသိမ်းရမလဲ။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာပြောင်းလာရင် ကိုယ့်ကိုကိုယ်ဘယ်လိုမျိုး ထိန်းသိမ်းစောင့်ရှောက်ရမလဲ။ ဒါတွေကိုသိဖို့လိုအပ်တယ်လေ။ အဲဒါနဲ့ အစ်မတို့ စံပယ်ဖြူကဏ္ဍကိုစဖြစ်တာပါ။

*အစ်မ စံပယ်ဖြူမှာကျတော့ ဘယ်လို လှုပ်ရှားမှုတွေ လုပ်ဖြစ်ပါသလဲ။

စံပယ်ဖြူကကျတော့ Sharing ဟာ Caring ပုံစံနဲ့သွားတယ်။ တစ်ယောက်နဲ့တစ်ယောက်မျှဝေခြင်းဟာ တစ်ယောက်ကိုတစ်ယောက် ကာကွယ်ခြင်းပဲ။ အစ်မတို့က စံပယ်ဖြူစမယ်ဆိုရင် မိန်းကလေးတွေခေါ်လိုက်တယ်။ ၁၀ ယောက်ဆို ၁၀ ယောက်၊ ၁၅ ယောက်ဆို ၁၅ ယောက်။ သူတို့ကို အမတို့က စံပယ်ဖြူကဏ္ဍနဲ့ ပတ်သတ်တဲ့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ပြောင်းလဲပုံ၊ ကိုယ့်ကိုကိုယ် ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲ၊ စိတ်ကဘယ်အချိန်မှာ ပြောင်းတတ်တယ်၊ စိတ်ကစားတတ်တာ ဘယ်အချိန်ရှိတယ်ပေါ့၊ နောက်တစ်ခုက ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဘယ်သူက ဘယ်နေရာကို ထိခွင့်ရှိတယ်၊ ဘယ်နေရာကိုထိခွင့်မရှိဘူး၊ ထိလာတဲ့အခါ ဘယ်သူတွေကို အကြောင်းကြားရမယ်၊ စသည်ဖြင့် အစ်မတို့က အဲ့မိန်းကလေးတွေကို သင်ပေးတယ်။ သင်ပေးပြီးရင် သူတို့က အဲ့လိုမျိုးသင်ပေးမယ့်လူ မရှိတဲ့၊ မိဘတွေ အစ်ကိုအစ်မတွေနဲ့ ဝေးနေတဲ့၊ ဘုန်းကြီးကျောင်းတွေမှာ နေနေရတဲ့ကလေးငယ်တွေဆီ သွားပြီးသင်ပေးတယ်။ ပြီးရင် စံပယ်ဖြူ(မိန်းကလေး) တွေက သင်တန်းဆင်းသွားပြီဆိုတာနဲ့ ကိုယ့်ရပ်ကိုယ့်ဒေသကိုသွား၊ ပြန်ပြီးတော့မျှဝေပေးတယ်။ ဘယ်သူ့ကိုမှ ပြန်မမျှဖြစ်ဘူးဆိုရင်တောင် အမျိုးသမီးတစ်ယောက်က ကိုယ့်ကိုကိုယ် ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ သိသွားတာက အမြတ်ပဲ။ အစ်မတို့က လူအင်အားထက်ဝက်ကျော်တဲ့အမျိုးသမီးတွေကို ကိုယ့်ကိုကိုယ်သိစေချင်တာ။ ခန္ဓာကိုယ်ပြောင်းလဲလာပြီ ဆိုကတည်းကိုက ကိုယ့်ကိုကိုယ်ဂရုစိုက်ရမယ်ဆိုတာ သိစေချင်တာ။ ဘာလို့လဲဆိုတော့ ပန်းလေးတွေဆိုတာလည်း အနာအဆာကင်းမှ၊ ရနံ့မွှေးနေရုံနဲ့ လှတယ်လို့ပြောလို့မရဘူး။ ရနံ့လည်းမွှေးရမယ်၊ အဆင်းလည်းလှရမယ်။ အဲ့လိုအဆင်းလည်းလှမယ် ရနံ့လည်းမွှေးဖို့အတွက်က အဲ့ဒီလိုမျိုး အဆင်းတွေ ရနံ့တွေရှိလာတဲ့ချိန်မှာ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာကို မိန်းကလေးတွေက သေချာကိုယ့်ကိုယ်ကိုယ် သိဖို့လိုအပ်တယ်။

*စံပယ်ဖြူကဏ္ဍမှာ အသင်းဝင်ဘယ်လောက်ရှိပြီလဲ အစ်မ။

အစ်မတို့က batch တစ်ခုကို အယောက်အစိတ်နဲ့သွားနေတာ။ ၂၀၁၅ မှာစတယ်။ အခု batch ၄ ရောက်သွားပြီဆိုတော့ တော်တော်များနေပြီလို့ ပြောလို့ရတယ်။

Related article >>> မိန်းမသားရဲ့နှလုံးသားဂုဏ်ရည်

*စံပယ်ဖြူကဏ္ဍကို ဘယ်နေရာတွေမှာ အဓိကသွားပြီး လုပ်ဖြစ်သလဲရှင့်။

အဓိကက အစ်မတို့ရန်ကုန်ကို အခြေစိုက်တာ။ ကွန်ရက်က ကဏ္ဍလေးခုက နယ်တွေများတယ်။ အဲ့တော့ ရန်ကုန်ကညီမလေးတွေက သူတို့ပါဝင်လို့မရဘူးလားဆိုတော့ အစ်မက…. ဟုတ်ပြီ ဒါဆို စံပယ်ဖြူကိုရန်ကုန်မှာပဲစမယ်ဆိုပြီးတော့ လုပ်လိုက်တာ။ စံပယ်ဖြူရဲ့ batch တစ်ခုက ၆ လကြာတယ်။ ၆လ ဆိုတာကလည်း စနေ၊ တနင်္ဂနွေအပတ်စဉ်သွားရတာကိုး။ အပတ်စဉ်သွားရတယ်၊ ဆာဗေးတွေကောက်ရတယ်၊ ကလေးငယ်တွေက ဘယ်လောက်သိလာလဲ မသိလာဘူးလဲ ဆာဗေးတွေကောက်တယ်။ ပြီးတော့ စံပယ်ဖြူကို အဓိကဦးဆောင်တာ ဆရာဝန်တွေ။ ဆရာဝန်တွေက ကလေးငယ်တွေရဲ့ ကျန်းမာရေးကိုဆွေးနွေးကြတယ်ပေါ့နော်။ batch တစ်ခုပြီးဖို့ဆို ၂လ လောက်ကြာတယ်။ ဆရာဝန်တွေကိုလည်း သင်တန်းပြန်ပေးတယ်။ Trainer လုပ်ချင်တဲ့လူတွေကိုလည်း သင်တန်းပြန်ပေးတယ်။ အဲ့ Trainer တွေကမှ စံပယ်ဖြူတွေကို သင်တန်းပေးတယ်။ Trainer တွေနဲ့ စံပယ်ဖြူတွေ ပူးပေါင်းပြီးတော့ ရန်ကုန်မြို့က ဘ.က ကျောင်းတွေကို သွားတယ်။ နယ်တွေမှာဆိုရင်တော့ One day activity တွေလုပ်တယ်။ အစ်မတို့မှာ စံပယ်ဖြူသင်ရိုးညွှန်းတမ်းရှိတယ်လေ။ သင်ရိုးကို ချုံ့ပြီး တစ်ရက်တည်း ခြုံပြီးသင်နိုင်အောင် လုပ်ပြီးသင်တယ်။ ဒါပေမဲ့ အဲ့တာက သိပ်မလုပ်နိုင်ပါဘူး။ ၆ပတ်စာကို one day တည်း ချုံ့လိုက်ရတော့ အရမ်းကြပ်သွားတယ်။ ကလေးငယ်တွေမလိုက်နိုင်တော့ဘူး။

*စံပယ်ဖြူကဏ္ဍထဲမှာ ပါဝင်ချင်တဲ့လူတွေအတွက် အသက်ရွယ်အပိုင်းအခြား ရှိလား။

အမတို့က အသက် ၂၀ ကနေ စခေါ်တယ်။ ၃၅၊ ၄၀ လောက်အထိပေါ့။ အသက်အရမ်းကြီးတဲ့လူကျတော့လည်း သွားရလာရခက်ပြီလေ။ အဓိက က ဒီသင်တန်းပေးတဲ့ ၆ ပတ်လုံး မပျက်မကွက်လာနိုင်တဲ့သူကိုပဲ ခေါ်တယ်။ Training ရက် တစ်ရက်မှပျက်လို့မရဘူး။ ဘာလို့ဆိုတော့ ပျက်သွားတဲ့နေ့စာကို ပြန်သင်ပေးဖို့အဆင်မပြေဘူး။ သင်ရိုးမှာ ပြဇာတ်တွေပါတယ်။ ရုပ်ပုံကားချပ်တွေ၊ ပုံပြင်တွေနဲ့ သင်ရတာတွေပါတယ်။ အဲ့တာကြောင့် တစ်ရက်မှပျက်လို့ မဖြစ်ဘူး။ Training ပြီးရင် field ၆ ပတ်ဆင်းရတယ်။ အဲ့မှာလည်း ပျက်လို့မရဘူး။ ဘာလို့လဲဆိုတော့ စံပယ်ဖြူအရေအတွက်နဲ့ ကလေးအရေအတွက်က ကွက်တိလုပ်ထားတာ။ စံပယ်ဖြူတစ်ယောက်ပျက်ရင် ကလေးဆယ်ယောက်လွတ်သွားရော။ အဲ့ကလေးဆယ်ယောက်ကို ကျန်တဲ့ စံပယ်ဖြူတွေက ခွဲယူရတဲ့အခါ သူ့အရေအတွက်ထက်ပိုသွားရင် ကလေးငယ်တွေက over ဖြစ်သွားပြီး မရတော့ဘူး။ ကြားတဲ့လူကကြား မကြားတဲ့လူက မကြားတွေ ဖြစ်သွားတယ်။ အဲ့ဒါကြောင့် အစ်မတို့က စစချင်းခေါ်ကတည်းကိုက Training ၄ ရက် လုံးဝမပျက်ရဘူး၊ Field ထဲကို ဆင်းတဲ့ ၆ ပတ်လုံးဝမပျက်ရဘူး။ မပျက်ဖို့အာမခံတဲ့လူပဲလာ။ ဆိုတော့ အဲ့ဒါတွေတော့ ညှိရတယ်။ အဲ့တော့ လူရဖို့ခက်တယ်။ နောက်တစ်ခုက field ဆင်းမယ့်နေရာကိုလည်း သေချာချိတ်ရတယ်။ အဲ့ စနေ၊ တနင်္ဂနွေ ၆ ပတ်လုံး အချိန်ပေးနိုင်ရမယ်။ အစ်မတို့ စံပယ်ဖြူကိုတော့ ပုံစံပြောင်းဖို့စဉ်းစားထားတယ်။ အစ်မတို့က ကလေးငယ်တွေဆီသွားတာမဟုတ်ပဲနဲ့ ကလေးတွေက အမတို့ စံပယ်ဖြူဆီလာတာမျိုး။ ဘ.က ကျောင်းက ကလေးတွေကိုတင်မဟုတ်ဘဲ မိဘနဲ့နေတဲ့ကလေးတွေကိုပါ ထိတွေ့ပြီးတော့ သင်ခန်းစာတွေပေးနိုင်ဖို့ စီစဉ်ထားတယ်။

*အစ်မတို့ ပရဟိတလုပ်ငန်းက ဘယ်လိုလူမျိုးတွေကို အဓိကလှူဖြစ်ပါသလဲ။

သွားလှူတဲ့အခါကျရင် အစ်မတို့က လူတွေကိုရွေးတာထက်လေ အဓိကကတော့ ဒေသတစ်ခုရဲ့ သူတို့လိုက်ပါနိုင်တဲ့ တွန်းအားပေါ့။ ကိုယ့်ဒေသကိုဖွံ့ဖြိုးဖို့အတွက်ဆိုတာက အဲ့ဒေသကလူတွေနဲ့ပဲဆိုင်တယ်။ အစ်မတို့က ဖွံ့ဖြိုးစေချင်ပါတယ်ဆိုပြီး သွားလုပ်ပေးပေမဲ့ ဒေသကလူတွေကထိုင်ကြည့်နေတယ်ဆို အစ်မတို့ဘာမှလုပ်ပေးလို့မရဘူး။ အဲ့တော့ သူတို့ဒေသကိုသူတို့ တကယ်ဖွံ့ဖြိုးစေချင်တယ်၊ အစ်မတို့လာပြီး ကူညီမယ်ဆိုရင်လည်း အားတက်သရောဝင်လုပ်မယ်။ လုပ်တယ်ဆိုတဲ့နေရာမှာ အမတို့ကွန်ယက်ကနောက်ကနေပဲ တွန်းတာ။ ရှေ့ကနေဘယ်တော့မှ ဦးဆောင်ပြီး မလုပ်ဘူး။ အဲ့တော့ ကိုယ်ဟာကိုယ်ရှေ့ကဦးဆောင်ပြီး လုပ်နိုင်တဲ့သူတွေရှိတဲ့နေရာပဲ အစ်မတို့ကသွားတယ်။ ဆိုတော့ အစ်မတို့ကဘယ်လိုလူတွေကို ကူညီလဲဆို တချို့ကပြောတယ် အရမ်းဆင်းရဲတယ်၊ အရမ်းခက်ခဲတယ်၊ အရမ်းကြမ်းတမ်းတယ်ပေါ့။ အဲ့လိုမျိုးမဟုတ်ဘူး။ ကိုယ့်ဒေသကိုယ် ကိုယ့်ဟာကိုယ်ဦးဆောင်နိုင်တဲ့ လူတွေရှိတဲ့နေရာကို အစ်မတို့ကသွားတယ်။ အခုလောလောဆယ်တော့ အစ်မတို့က ချင်းရယ် ရခိုင်ရယ်ကိုရွေးထားတယ်။ ရွေးထားတယ်ဆိုတာက နဂိုထဲက။ အခုငါးနှစ်ရှိပြီပေါ့နော် အစ်မတို့လုပ်နေတာ။ ဆိုတော့ ရှိတဲ့နေရာတွေဆိုပိုမြန်တယ်။ အဲ့လိုမျိုး ဦးဆောင်နိုင်မှုမရှိသေးတဲ့နေရာတွေဆို အစ်မတို့က စကားတွေအများကြီးပြောရတယ်။ အစည်းအဝေးတွေလုပ်ရတယ်။ ကိုယ့်ဒေသကိုယ်ပြန်ပြီး ဦးဆောင်ဖို့ပေါ့။ အစ်မတို့ကွန်ရက်ရဲ့မူကိုက သူတို့ဒေသကို ဒေသခံတွေက ပြန်လည်ဦးဆောင်ဖို့ပဲ။

*အစ်မ ပရဟိတလုပ်ငန်းတွေကို စလုပ်ဖြစ်တာ ဘယ်လိုခံယူချက်နဲ့ လုပ်ဖြစ်တာလဲ။

(စဉ်းစားလျက်) အင်း…. အဲ့လိုခံယူချက်ကြီးတို့ တစ်ခုခုတွေ့လိုက်လို့ပြောင်းလဲသွားတာမျိုးတော့ မဟုတ်ဘူး။ အစ်မရဲ့ နဂိုဗီဇကိုက တစ်ယောက်ယောက်ကို ကူညီနေရတာကိုက အမရဲ့သွေးထဲက နဂိုဝါသနာလို့ပြောလို့ရတယ်။ အစ်မအဲ့လိုမျိုး မကူညီရဘူး၊ အဲ့လိုမျိုးအလုပ်တွေမလုပ်ရဘူး ဆိုတဲ့အချိန်ဟာ အမကျန်းမာရေး မကောင်းလို့ အိပ်ရာထဲမှာလှဲနေလို့ပဲ။ အစ်မ မလုပ်ဘဲနဲ့ လေးငါးလလောက်နေဖူးတယ်။ အဲ့တုန်းကဆိုရင် လခထုတ်ပြီးတော့ကို အဲ့ဒါတွေက အဓိပ္ပါယ်မရှိဘူးလို့ခံယူတယ်။ ကိုယ်အသက်ရှင်နေတာ ဘာအတွက်လဲပေါ့နော်။ ဒီငွေတွေကို ရလာတယ်။ ဒီငွေတွေဟာ ငါ အဝတ်အစားဝယ်မယ်၊ အလှပြင်မယ်၊ ငါလှလှပပနေမယ်၊ ချောချောမောမောနေမယ်။ ဒါပဲလားပေါ့။ ဒီအဓိပ္ပါယ်လားပေါ့။ အဲ့လိုမျိုးမဟုတ်ဘူး။ ကိုယ်တစ်ယောက်ယောက်ကို ကူညီတဲ့အခါမှာ ကိုယ်အသက်ရှင်တာ အဓိပ္ပါယ်ရှိလာတယ်။ ငါပိုက်ဆံရှာတယ်။ ရှာလာတဲ့ပိုက်ဆံလေးကို ဒီဟာကအိမ်အတွက်၊ ဒီဟာက ဘယ်သူ့ကိုကူညီဖို့၊ ဒါကတော့ ငါဘာလေးလုပ်လိုက်တယ်ပေါ့၊ ငါရထားတဲ့ လခလေးနဲ့ ရေကန်လေးတွေတည်ပြီးသွားပြီပေါ့။ အဲ့ဒီဟာလေးတွေကြောင့် လူဆိုတာပိုပြီး အသက်ရှင်ရတာ အဓိပ္ပါယ်ရှိလာတယ်။ ကိုယ်အသက်ရှင်ရတာ အဓိပ္ပါယ်ရှိဖို့ ဒီလိုမျိုးကူညီတာ။ သူတို့ကိုကူညီတယ်၊ သူတို့ပြုံးနေတာမြင်ရတော့လည်း အစ်မပိုပြီးတော့ နေရထိုင်ရတာ အဓိပ္ပါယ်ရှိတယ်လို့ခံစားရတယ်။

Related article >>> အလှတရားအစစ်

*အစ်မရှေ့ဆက်ပြီးတော့ ဘာတွေလုပ်ဖို့ရော အစီအစဉ်ရှိလဲ။

ပရဟိတလုပ်တာကတော့ အစ်မဆက်ပြီးတော့ လုပ်နေဦးမှာပါ။ လုပ်တယ်ဆိုတဲ့နေရာမှာလည်း ကိုယ်ဘာပဲလုပ်လိုက်သည်ဖြစ်စေ ကိုယ်လုပ်လိုက်တဲ့ဟာတွေက တကယ်တည်မြဲတဲ့ ခိုင်မြဲမှုဖြစ်ဖို့ရယ်၊ ပြီးတော့ တကယ်ကြိုးစားတဲ့ကလေးတွေရှိတယ်။ တကယ်ကြိုးစားတဲ့ကလေးတွေကို သေချာမပံ့ပိုးနိုင်တဲ့ မိသားစုတွေဆီကနေ ဆွဲထုတ်ပြီးတော့ ပညာတွေသင်ပေးချင်တယ်ပေါ့နော်။ အခုလက်ရှိအစ်မလုပ်ချင်တာက ဘာလဲဆိုရင် ကလေးငယ်တစ်ယောက်ကို အမဆွဲထုတ်ချင်တယ်၊ ဆွဲထုတ်ပြီးသူ့ကို အစ်မ ကောင်းကောင်း train ချင်တယ်။ အစ်မစိတ်ကြိုက်ပေါ့နော်။ အဲ့လို train လိုက်လို့ကလေးငယ်တွေက ဘယ်လောက်ထိအောင်မြင်သွားသလဲဆိုတဲ့ နည်းလေးကို အစ်မကိုယ့်ဟာကိုယ် သုတေသနလုပ်သလိုမျိုးလုပ်ချင်တယ်။ ဆိုတော့ အစ်မကလေးငယ်တစ်ယောက်ကို ရွေးဖို့ရှိတယ်။ သူ့ကို ကျောင်းကောင်းကောင်းမှာထားချင်တယ်။ စာတွေပေးဖတ်ချင်တယ်။ ကလေးငယ်တစ်ယောက် စာဖတ်လိုက်မယ်၊ ကျောင်းကောင်းကောင်းလည်းတတ်ရမယ်ဆိုရင် ဘယ်လောက်အောင်မြင် တိုးတက်သွားမလဲ။ အဲ့အောင်မြင်တဲ့ကလေးငယ်တစ်ယောက်က လောကကြီးမှာ ဘယ်လောက်တောင်အကျိုးရှိရှိ နေသွားမလဲပေါ့နော်။ အဲ့ဒါကို အစ်မကြည့်ကြည့်ချင်တယ်။ အဲ့ဒါကတော့ အစ်မစဉ်းစားထားတာ။ တစ်ကိုယ်ရည်ကတော့ အစ်မအခု DVB မှာအလုပ်လုပ်နေတယ်ဆိုတော့ အဲ့အလုပ်ကိုတော့ ကြိုးစားမယ်၊ သင်ယူမယ်ပေါ့နော်။ လူဆိုတာကလည်း သူများကိုပေးဖို့အတွက် ကိုယ့်မှာအရင်ပြည့်ပြည့်စုံစုံ ရှိဖို့လိုတယ်လေ။ ငွေရေးကြေးရေးပိုင်း၊ စိတ်ဓာတ်ပိုင်း၊ နောက်တစ်ခုက အလုပ်အကိုင်မှာ ကိုယ်ကိုယ်တိုင် အောင်မြင်နေမှလည်းယုံကြည်ချက်ရှိမယ်။ အစ်မစာတွေလည်းရေးတယ်။ စာတွေပိုရေးဖို့အတွက် အစ်မ စာတွေပိုဖတ်ဖို့လိုတယ်။ ကိုယ်ရေးတဲ့စာလေးတွေ အမှားကင်းစေချင်တယ်ပေါ့နော်။ အရင်တုန်းကတော့ ပရဟိတလုပ်တယ်။ လိုအပ်တဲ့လူတွေဆီကိုသွားတယ်။ နောက်ပိုင်းကျတော့ အစ်မစာရေးတဲ့ဟာကိုထပ်ဖြည့်လိုက်တယ်။ စာတစ်ပုဒ်ကနေ လူငယ်တွေဆီကိုအများကြီးရောက်သွားတယ်။ စိတ်နေစိတ်ထား အေးအေးချမ်းချမ်းလေးတွေ ဖြစ်နေတဲ့အသိုက်အဝန်းလေးတစ်ခုကို အစ်မဖန်တီးချင်တယ်။ အစ်မစာဖတ်ပရိသတ်တွေကို အဲ့လိုလေးဖန်တီးပေးခဲ့တာ နှစ်နှစ်လောက်တော့ရှိပြီ။ အောင်မြင်တယ်လို့ပြောရမယ်။ လူငယ်လေးတွေဆိုရင်လည်း ကုသိုလ်ကောင်းမှုတွေအများကြီး လုပ်လာကြတယ်။ ဥပုသ်သီလတွေဆောက်တည်ကြတယ်။ စာတွေတူတူဖတ်ကြတယ်။ အစ်မဖတ်တဲ့စာတွေကိုလည်း share တယ်။ သူတို့ဖတ်တဲ့ စာတွေကိုလည်း share တယ်။ အဲ့လိုမျိုးလေးတွေအစ်မ ဖန်တီးသွားဦးမှာပါ။

*အစ်မအနေနဲ့ရော အမျိုးသမီးတစ်ယောက်အနေနဲ့ ဘဝကိုဘယ်လိုရပ်တည်သင့်လဲဆိုတာလေးကို ညီမတို့ စာဖတ်ပရိသတ်ကို ဘယ်လိုများအကြံပေးချင်ပါလဲ။

အစ်မကတော့ ယုံကြည်မှုလွန်ကဲတဲ့ပုံစံမျိုးကိုလည်း အစ်မ မကြိုက်ဘူး။ ယုံကြည်မှုမဲ့နေတဲ့ ပုံစံမျိုးကိုလည်း အစ်မ မကြိုက်ဘူး။ အဲ့ပုံစံနှစ်ခုရဲ့ ကြားထဲမှာပဲ အစ်မနေတယ်။ အချို့မိန်းကလေးတွေ abuse (လိင်ပိုင်းဆိုင်ရာစော်ကားမှု) လုပ်ခံရတဲ့ထဲမှာ ယုံကြည်မှုမဲ့နေတာကြောင့်လည်းပါတယ်။ ကြောက်တတ်တာပေါ့။ ဟိုလိုဖြစ်တော့မလား ဒီလိုဖြစ်တော့မလားဆိုပြီးကြောက်နေတာ။ လုပ်ချင်တဲ့လူတွေကသိတယ်။ သူတို့က မိန်းကလေးတွေကို ကြည့်လိုက်တာနဲ့ ဘယ်သူ့ကိုငါလုပ်ရင်ရတယ်။ ဘယ်သူ့ကိုထိရင်မရဘူးဆိုတာသိတယ်။ အဲ့တော့ အချို့မိန်းကလေးတွေက ကြောက်လို့ကို အလုပ်ခံရတာ။ အချို့မိန်းကလေးတွေကျတော့ ကိုယ့်ကိုကိုယ် မကြောက်ဘူးဆိုပြီးတော့ လွန်ကဲနေလို့ ပြဿနာတတ်တာ။ ဟာ.. ဘာဖြစ်လဲ ညကြီးဆယ်နာရီ ကိုယ့်ဟာကိုယ်လျှောက်သွားနေလို့ရတယ်ဆိုတာမျိုး။ အဲ့လိုမျိုးမဟုတ်ဘူး။ ကိုယ့်ကိုကိုယ် ထိန်းသိမ်းတယ်ဆိုတဲ့နေရာမှာ ငါဘယ်နားက သွားသင့်တယ်။ ဘယ်နားကို ဘယ်ချိန်မသွားသင့်ဘူးဆိုတဲ့ အသိက သိကိုသိရမယ်။ နောက်တစ်ခုက ယောက်ျားလေးတွေနဲ့ တွေ့တဲ့နေရာမှာ ရှက်ကြောက်နေလို့လည်း မရဘူး။ အစ်မတို့ဆို ခရီးတွေထွက်နေရတယ်။ နှစ်ယောက်တည်း သွားရတာတွေရှိတယ်။ တစ်ယောက်တည်း သွားရတာတွေလည်းရှိတယ်။ ဆိုတော့ ကြောက်နေလို့လည်း ပြီးမသွားဘူး။ မကြောက်ဘဲနေတာကလည်း မကောင်းဘူးပေါ့နော်။ အဲ့နှစ်ခုကြားထဲမှာတော့ အစ်တို့အမြဲတမ်း ကိုယ့်ကိုယ့်ကို ထိန်းကျောင်းပေးသွားတယ်။ အဲ့လို ကိုယ့်ကိုယ်ကိုပြုပြင်လိုက်ခြင်းအားဖြင့် ကိုယ့်ကိုစောင့်ကြည့်နေတဲ့ အမျိုးသမီးလေးတွေကလည်း ပုံစံတွေလိုက်ပြောင်းလာတယ်။ ဆိုတော့ မိန်းကလေးတွေကို အစ်က မှာချင်တာက အများကိုကြည့်ပြီးပြင်တာလည်း ပြင်။ ကိုယ့်ကိုကိုယ်လည်းသေချာ စမတ်ကျအောင်နေပါလို့ပြောချင်တယ်။ ဒါက ကိုယ်နဲ့ဘဝတူအမျိုးသမီးလေးတွေကိုပါ ပိုပြီးစမတ်ကျလာဖို့အတွက် ဖြစ်စေချင်တာပေါ့နော်။

*အစ်မက ပရဟိတလုပ်ငန်းတွေမှာ အလှူရှင်တွေကို facebook ကနေ တစ်ဆင့် အလှူခံတယ်လို့သိရပါတယ်။ အကယ်၍ကိုယ်တိုင်ကိုယ်ကျ လာလှူချင်ပါတယ်ဆိုတဲ့ သူတွေအတွက်ဆိုရင်ရော ဘယ်လိုရှိလဲမသိဘူးနော်။

အစ်မတို့မှာ ရုံးခန်းတို့ဘာတို့တော့ မရှိဘူး။ အစ်မက စမ်းချောင်းမှာနေတယ်။ စမ်းချောင်းအိမ်မှာတော့ အမေက လက်ခံပေးတယ်။ အလှူရှင်တွေက တိုက်ရိုက်ဖုန်းဆက်တဲ့အခါကျရင်တော့ အစ်မရှိနေတဲ့နေရာကိုညွှန်တယ်။ အစ်မနဲ့တွေ့ချင်တယ်ဆိုရင်တော့ အစ်မအိမ်မှာ ရှိတဲ့အချိန်ဆိုလည်း အိမ်ပေါ့၊ ရုံးရှိတယ် ဆိုလည်းရုံးပေါ့၊ အပြင်ရောက်တော့လည်း အပြင်ပေါ့။ အဲလိုပဲ တိုက်ရိုက်ဖုန်းဆက်ပြီးတော့ တွေ့ပြီး အလှူခံလိုက်တာတွေရှိတယ်။

*ဟုတ်ကဲ့ကျေးဇူးပါ။ ဒီလို စုံနေအောင်မေးတဲ့မေးခွန်းတွေကို အချိန်ပေးပြီး သေချာဖြေပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။

ရပါတယ်ရှင်။ (ပြုံးလျက်)

မခင်နှင်းကြည်သာကို ကြည့်ရတာဘယ်လောက်တောင် စိတ်ချမ်းသာလဲဆိုရင် သူပြုံးပြီး စကားတွေပြောနေတာကို ကြည့်နေတဲ့ အက်ဒ်မင်တို့စိတ်ထဲမှာပါအေးချမ်းနေတာ။ ဒီမမကို အတုယူပြီး ယောင်းတို့လည်း သူတစ်ပါးကို ကူညီချင်တဲ့ ဆန္ဒတွေထက်သန်လာမယ်လို့ မျှော်လင့်ပါတယ်။ အမျိုးသမီးတွေက လူမှုပတ်ဝန်းကျင်ကို အများကြီးအကျိုးပြုနိုင်တယ်ဆိုတာ သက်သေပြလိုက်ရအောင်။

Myat (For Her Myanmar)

Myat Moe
Myat Moe

နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤