ဘေဘီလိုးရှင်းက လူကြီးတွေလိမ်းဖို့ရော သင့်တော်ပါ့မလား

ကလေးတွေအတွက်ထုတ်ထားတာမို့ ဘေဘီလိုးရှင်းက ဘေးထွက်ဆိုးကျိုးမရှိလောက်ဘူးဆိုပေမယ့် လူကြီးတွေအတွက် အဆင်ပြေနိုင်ပါ့မလား

ယောင်းတို့ရေ ကလေးပုစိလေးတွေကို သွားချီလိုက်ရင်း သူတို့ကိုယ်သင်းနံ့လေးတွေကို ရဖူးကြမှာပေါ့နော်။ သူတို့ကိုယ်နံ့ကလေးတွေကို အက်ဒမင်ကတော့ကြိုက်တယ်။ အာ့ကြောင့်ပဲ သူတို့လို သင်းသင်းလေးများနေမလားလို့ ဘေဘီလိုးရှင်းလေး ဝယ်လိမ်းကြည့်တယ်ပေါ့။

အက်ဒမင်ကတော့ တော်တော်ကြိုက်တယ်။ အက်ဒမင့်အသားက တော်တော်ခြောက်တော့ သူကရေဓာတ်များတာနဲ့ အိနေတာပဲ။ မျက်နှာပေါ်လိမ်းကြည့်တော့လဲ နှာခေါင်းတစ်ဝိုက် အဆီပြန်တတ်တဲ့သူ ဖြစ်ပေမယ့်လို့ ရေဓာတ်ကိုအခြေခံထားတဲ့ ဘေဘီလိုးရှင်းလေးက အဆင်ပြေတယ်လေ။ အက်ဒမင့်အသားက ဆန်းဆန်းတင့်တယ်ဆိုတော့ တော်ရုံအလှကုန်ပစ္စည်းနဲ့ မတည့်တာ ခုတော့ ဘေဘီလိုးရှင်းနဲ့မှ ကွက်စတိ ဖြစ်နေလေရဲ့။

Related article >>> စကင်ကဲရ် ခ​ရေဇီမမကြီးရဲ့ အရှိကိုအရှိအတိုင်း​​ပြောပြမယ့်​ product review

ကိုယ်ကိုယ်တိုင် သုံးမိနေတယ်ဆိုတော့ကာ ကလေးလေးတွေတွက် ထုတ်လုပ်ထားတဲ့ ဘေဘီလိုးရှင်းဆိုတာ လူကြီးတွေအတွက်ရော ကောင်းပါ့မလားလို့ အက်ဒမင်ရှာကြည့်မိတယ်ပေါ့။ ယောင်းတို့က အက်ဒမင့်လို့ ခြောက်သွေ့တဲ့ အသားအရေရှိတယ်ဆိုရင် ဘေဘီလိုးရှင်းကလေးက ယောင်းတို့နဲ့ အဆင်ပြေပါတယ်တဲ့။

သူက ယောင်းတို့အသားပေါ်မှာ ကာကွယ်ပေးတဲ့ အလွှာတစ်ထပ်လိုရှိနေပြီး ရေဓာတ်လဲ ဖြည့်ပေးတဲ့အတွက် အရမ်း ဆန်းဆန်းတင့်ကြတဲ့ အသားအရေနုနု ပိုင်ရှင်တွေအတွက်လဲ ဘေဘီလိုးရှင်းလေး သုံးလို့ရပါတယ်တဲ့နော်။ သူက ကလေးအသားကလေးအတွက် ထုတ်ထားတာဆိုတော့ ထိလွယ်ခိုက်လွယ်တဲ့ လူကြီးအသားတွေအတွက်လဲ အန္တရာယ်မရှိနိုင်ဘူးလေ။ အနံ့လေးတွေကလည်း သင်းရုံပဲဆိုတော့ အနံ့ပြင်းပြင်းမခံနိုင်တဲ့ သူတွေအတွက်လဲ အဆင်ပြေတယ်။

တစ်ခုရှိတာကတော့ ဘေဘီလိုးရှင်းက တို့လူကြီးတွေအတွက် အရေးအကြောင်းပျောက်တာ၊ မျက်ကွင်းညိုပျောက်တာ၊ အသားဖြူတာ၊ နေလောင်ဒဏ်ခံနိုင်တာ၊ ဝက်ခြံနဲ့မှည့်ခြောက်တွေ ပျောက်စေတာ စတဲ့ပြဿနာတွေကိုတော့ မဖြေရှင်းပေးနိုင်ဘူးလေ။ ကိုယ့်အသားအရေက အဲ့လိုတွေ လိုအပ်နေမယ်ဆိုရင်တော့ ဘေဘီလိုးရှင်းတစ်ခုတည်းနဲ့ မကောင်းနိုင်တော့ဘူးပေါ့။

အချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဘေဘီလိုးရှင်းဆိုတာ လူကြီးတွေအတွက် အန္တရာယ်မပြုဘူး ဒါပေမဲ့ အရမ်းတော့လဲ ပျံအောင်ကောင်းတဲ့ ပစ္စည်းမဟုတ်လေဘူးတဲ့။ အက်ဒမင့်လို အနံ့လေးကြိုက်ပြီး နူးညံ့တဲ့ ပစ္စည်းကိုမှသုံးချင်တယ်ဆိုရင် အဆင်ပြေတယ်။ ဒါမှမဟုတ်ဘဲ ဘာအကျိုးတွေ ညာအာနိသင်တွေ လိုချင်တယ်ဆိုရင်တော့ သုံးဖို့မကောင်းဘူးပေါ့ ယောင်းရယ်။

ဘေဘီလိုးရှင်းလို့သာပြောတာပါ။ ကလေးအသုံးအဆောင်လေးတွေက လူကြီးတွေလဲ သုံးမယ်ဆို သုံးလို့ဖြစ်တာချည်းပဲလေ။ အရမ်း ဓာတုဗေဒပစ္စည်းတွေ ပါတာမျိုးကို မကြိုက်ဘူး။ ဒါမှမဟုတ် ယောင်းတို့အသားအရေက အရမ်းနူးညံ့ထိမခံဘူးဆိုရင်တော့ ဘေဘီပစ္စည်းလေးတွေကို သုံးလို့ရပါတယ်ယောင်းရေ။

Related article >>> အလှကြိုက်ရတဲ့ဒုက္ခ

ဘေဘီလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကိုပဲ တစ်ပတ်လုံးလုံး သုံးခဲ့တဲ့ အမျိးသမီးရဲ့ ရှာဖွေတွေ့ရှိချက်တွေကိုတော့ ဒီလင့်ထဲမှာ ဖတ်နိုင်ပါတယ်။ သူကတော့ baby oil ကို အကြိုက်ဆုံးပါတဲ့။ Baby lotion ကိုတော့ သာမာန်ပဲတဲ့။ အက်ဒမင်နဲ့ လုံးဝပြောင်းပြန်။ အက်ဒမင်က baby lotion crazy ဆိုတော့။ အင်းလေ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူ့ကတာလဲ ရှိတာကိုး။

ယောင်းတို့ရော ဘေဘီလေးတွေသုံးတဲ့ ပစ္စည်းလေးတွေမှ ကြိုက်တတ်ကြတဲ့ ယောင်းတို့ ရှိကြလားဟင်။ ရှိတယ်ဆို ဘာလို့ကြိုက်တာလဲ။ အဲ့ ပစ္စည်းလေးတွေက ယောင်းတို့အတွက် ဘာအကျိုးရှိစေလဲ ပြောပြကြပါဦးနော်။

Khine (For Her Myanmar)

Ref

Black Doctor | You Queen | Bold Sky

Khine
Khine

Writer

အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

error: Content is protected !!