အပြည်ပြည်ဆိုင်ရာ ပရဟိတသမားများနေ့

ပရဟိတရယ်လို့ ဆိုလိုက်ရင် ကိုယ်တွေနိုင်ငံက ဘယ်နိုင်ငံနဲ့ယှဉ်ယှဉ် ထိပ်ပိုင်းမှာ ပြေးနေတာတော့ ယောင်းတို့ သိမှာပါနော်… :*

ယောင်းတို့ရေ

ယောင်းတို့ထဲမှာ ကိုယ့်အကျိုးအတွက် မကြည့်ဘဲ သူများတွေအတွက် ပရဟိတ လုပ်အားပေး လုပ်ဖူးတဲ့လူတွေရှိလား။ အဲ့ဒါဆိုရင်တော့ ယောင်းတို့ ဒီနေ့မှာ ကိုယ့်ကိုယ်ကို အသိအမှတ်ပြုရတော့မယ်။

ဒီနေ့က ယောင်းတို့အားလုံးသိကြတဲ့တိုင်း ဒီဇင်ဘာလ ရဲ့ ၅ရက်မြောက်နေ့လေးပါ။ ဒီနေ့လေးဟာ ယောင်းတိုလို အများအကျိုးဆောင်သူတွေအတွက် သာမန်နေ့လေးတစ်ရက်တော့ မဟုတ်ပါဘူး။  နိုင်ငံတကာက သတ်မှတ်ထားတဲ့အပြည်ပြည်ဆိုင်ရာ ပရဟိတသမားများနေ့ပါပဲ။

Related Article>>> Monday Blues တွေ များနေရင်

ဒီအပြည်ပြည်ဆိုင်ရာ ပရဟိတသမားများနေ့ကို International Volunteer Day (IVD)လို့လည်း ခေါ်ကြတယ်။ ၁၉၈၅ ခုနှစ်ထဲက စပြီး ဒီနေ့ကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လုပ်အားပေးသူများကို ချီးမြှင့်ဂုဏ်ပြုတဲ့ အနေနဲ့ ကမ္ဘာ့ ကုလသမ္မဂ္ဂ အဖွဲ့အစည်းကနေ ၁၉၈၅ခု၊ ဒီဇင်ဘာလ၊ ၁၇ရက်နေ့မှာ သတ်မှတ်ခဲ့တာဖြစ်တယ်။ ကနဦးမှာတော့ ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ဖွံဖြိုးတိုးတက်ရေး လုပ်အားပေးသူများ အဖွဲ့လို့ စတင်သတ်မှတ်ခဲ့တာဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာ လုပ်အားပေးသူများနေ့ကို နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ကြက်ခြေနီအဖွဲ့တွေ၊ ကင်းထောက်အဖွဲ့တွေက အသိအမှတ်ပြု ကျင်းပလေ့ရှိကြတယ်။ ကျင်းပတဲ့အခါမှာ တစ်သီးပုဂ္ဂလ လုပ်အားပေးသူတွေ၊ လုပ်အားပေးအဖွဲ့အစည်းတွေ အတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေ လုပ်နိုင်အောင် အထောက်အပံပေးရေး ပုံစံမျိုးလေးတွေနဲ့ ကျင်းပလေ့ရှိကြတယ်။

တကယ်တော့ ဒီနေ့လေးမှာ အဓိပ္ပါယ်တွေ အတုယူအားကျစရာတွေ၊ စိတ်ဓာတ်တက်ကြွစရာတွေ အပြည့်ရှိနေပါတယ်။

Related Article>>>facebook ကတီထွင်လိုက်တဲ့ အမေများနေ့အတွက်လက်ဆောင်

ပရဟိတ ဆိုတဲ့ အလုပ်က ဘာလဲ။ ပြောတော့သာ လုပ်အားပေးတယ် လုပ်အားပေးတယ်။ သူ့မှာ ဖွင့်ရင် ဖွင့်သလောက် အဓိပ္ပါယ်တွေဟာ နက်ရှိုင်းတယ်။ လူတစ်ယောက်က ကိုယ့်ရဲ့ အချိန်တွေ၊ အသိပညာတွေ၊ လုပ်အားတွေကို ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှု တစ်ခုတည်းအတွက် ပီတိတစ်ခုတည်းအတွက် သူများတွေကို ပေးဆပ်လိုက်ခြင်းဖြစ်တယ်။ ဒီပေးဆပ်မှုဟာ သူ့အတွက် သာတယ်နာတယ် တွက်စရာမလိုအောင် သူ့မှာ ပီတိတွေ ပြည့်လျှံသွားတယ်။

သူ့ရဲ့ ပေးဆပ်မှုဟာ သူ့အတွက်ရော သူ့ပတ်ဝန်းကျင်အတွက်ပါ  ဖော်ဆောင်ပေးတယ်။ သူ့ရဲ့ ပေးဆပ်မှုက ကလေးသူငယ်တွေအတွက်၊ အမျိုးသမီးတွေအတွက်၊ မသန်စွမ်းတွေ အတွက်၊ စာမတတ်သူတွေအတွက်၊ သဘာဝပတ်ဝန်းကျင်အတွက်၊ လူသားမျိုးစိတ်တွေအတွက်၊ လောကကြီးနဲ့ ဆက်စပ်သမျှ အရာတိုင်းအတွက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ သူ့နောက်ဆုံးပန်းတိုင်က ကျယ်ပြန့်ကောင်း ကျယ်ပြန့်မယ်။ သူ့မှာရှိတဲ့ သူအတွက်တစ်ခုတည်းသောအရာက သူ့ပရဟိတစိတ်ပါပဲ။  သူဟာ ဆုလာဘ်တွေ၊ ပိုက်ဆံတွေကို ရကောင်းရနိုင်မယ်။ ဒါပေမယ့် ဒါဟာ သူမျှော်လင့်ထားတဲ့ သူ့ရည်ရွယ်ချက်မဟုတ်ဘူး။ သူ့ရဲ့လုပ်ဆောင်မှုအတွက် အသိအမှတ်အပြုခံရခြင်းပဲ။

Related Article>>> ‘အစ်ကိုတို့လုပ်နေတာ အဖြေတစ်ခု မဟုတ်ပါဘူး ထွက်ပေါက်တစ်ခုဖန်တီးပေးရုံပါ’ လို့ဆိုတဲ့ ကိုစိုးထိုက်

့ပရဟိတအလုပ်ဟာ တကယ့်ကို အကျိုးအမြတ်ကောင်းတွေ ယူဆောင်လာပေးနိုင်တယ်။ ပထမတစ်ခုက ပရဟိတသမားအတွက် ၊ ဒုတိယကတော့ သူ့ရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း အတွက်။ ပရဟိတ လုပ်သူက စိတ်ဖိအားတွေကနေလည်း ကင်းဝေးနေပြီး ပီတိစား အားရှိသူတွေဖြစ်တဲ့အပြင် သူတို့ရဲ့ ဘဝအတွက်လည်း အပေါင်းအသင်းကောင်းတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ၊ ကိုယ့်ကြံမ္မာကိုယ် ဖန်တီးခွင့်တွေနဲ့အတူ အတွေ့အကြုံကောင်းများစွာကိုလည်း ရရှိနိုင်ပါသေးတယ်။ ကိုယ့်ရဲ့ အားလပ်ချိန်တွေကို သူများအတွက် အသုံးချ နှစ်ဦးနှစ်ဖက်တင်မဟုတ်ဘဲ ဆက်စပ်သမျှ အားလုံး အကျိုးရှိစေနိုင်တဲ့ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ပရဟိတသမား အားလုံးကိုလည်း ဒီလို အပြည်ပြည်ဆိုင်ရာ ပရဟိတသမားများနေ့ မှာ ဒီဆောင်းပါးလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်နော်။

Myat Lay ( For Her Myanmar )

 

Myat Lay
Myat Lay

မြတ်လေးသည် ဒဂုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာနှင့် BARS လူမှုရေးပညာ ကျောင်းသူတစ်ဦး ဖြစ်ပြီး နိုင်ငံရေးနှင့် အမျိုးသမီး စွမ်းအားမြှင့်တင်ရေးကို စိတ်ဝင်စားသူ ဖြစ်ပါသည်။ For Her Myanmar Page တွင် ဗဟုသုတနှင့် စိတ်ဓာတ်ခွန်အား စာပေများ ရေးသားမည်ဖြစ်သည်။