ခံစားချက်တွေပေးတဲ့ဂီတ

သီချင်းတွေနားထောင်ပြီး၊ ကြက်သီးမွေးညင်းထရလောက်အောင် ခံစားဖူးတယ်ဆိုရင်တော့ ယောင်းဦးနှောက်က ထူးခြားတယ်ပြောရမယ်

ယောင်းတို့ရေ သီချင်းကြိုက်ကြတယ်ဟုတ်။ ယောင်းတို့ကြိုက်တဲ့ သီချင်းလေးတွေ နားထောင်နေတုန်းမှာ တစ်ခါတလေ ကြက်သီးမွေးညင်းတွေ ထမိလောက်အောင် ရင်ထဲခံစားရတာမျိုး ဖြစ်ဖူးလားဟင်။ နိုင်ငံတော်သီချင်းကြားရတဲ့အခါတို့၊ သီချင်းနောက်ခံဂီတက အရမ်းခမ်းနားနေတဲ့အခါတို့၊ အဆိုတော်က အသံအရမ်းကောင်းပြီး high notes တွေကို ပိုင်နိုင်စွာဆိုသွားတဲ့အခါတို့ဆို ကြက်သီးထလောက်အောင် ရင်ထဲထိတာမျိုးပေါ့။

Related article >>> ဂီတနှင့် သီချင်း (သို့) အိပ်ဆေး

အဲ့ဒီလိုဖြစ်တာကို သိပ္ပံပညာအရဆို frisson လို့ခေါ်ပါတယ်။ ဒီလိုမျိုး လူတိုင်းမဖြစ်ပါဘူးတဲ့။ ဂီတကိုခံစားရင်း ကြက်သီးထတတ်တယ်ဆိုရင် ယောင်းက တခြားသူတွေနဲ့မတူတဲ့ ထူးခြားတဲ့လူတစ်ယောက်ပါတဲ့။ ဒီအကြောင်းကို ရှင်းပြခဲ့တာကတော့ Harvard University မှာ ပညာသင်ကြားနေတဲ့ Der Sarkissian နဲ့ University of Southern California ကပါရဂူတန်းကျောင်းသား Matthew Sachs တို့သူငယ်ချင်းနှစ်ယောက်ပါ။

သူတို့ရဲ့အဆိုအရ ဂီတကနေ ခံစားချက်ကြီးကြီး ရတဲ့သူတွေမှာ မြင့်မားတဲ့ သိမြင်မှုအစွမ်း ရှိတယ်လို့ဆိုပါတယ်။ သူတို့တွေက ကျောင်းသားအယောက်၂၀ကို သီချင်းတွေ ပေးနားထောင်ပြီး အဲဒီကျောင်းသားတွေရဲ့ ဦးနှောက်တွေကို စကင်ဖတ်ခဲ့ပါတယ်။ အဲ့မှာဘာတွေ့လဲဆိုတော့ အဲ့လိုကြက်သီးထအောင် ခံစားချက်ပြင်းတဲ့ ကျောင်းသားတွေမှာ သီချင်းနားထောင်ရင်းနဲ့ သူတို့ရဲ့ ဦးနှောက်ထဲက ခံစားချက်ကို သိတဲ့အပိုင်းနဲ့ auditory cortex ဆိုတဲ့ အကြားအာရုံဆိုင်ရာ အပိုင်းကြားမှာ စပ်ဆက်မှုက သူများထက် မြင့်မားနေတာ တွေ့လိုက်ရပါတယ်။ သူတို့ရဲ့ အဲ့ဒီအပိုင်းနှစ်ခုကြားက အာရုံကြောမျှင်တွေက သူများတွေထက်ကို ပိုပြီးသိပ်သည်းနေတာ တွေ့ရပါတယ်တဲ့။

ဒီတွေ့ရှိမှုဟာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာနဲ့၊ စိတ်ပိုင်းဆိုင်ရာ ပညာရပ်တွေအတွက် ထူးခြားတဲ့ဖြစ်ရပ်ပါ။ Matthew ကတော့ ဒီတွေ့ရှိမှုအပေါ် သုတေသနတွေ ထပ်ပြီးလုပ်ချင်ပါသေးတယ်တဲ့။ အခုတွေ့ရှိတဲ့ ခံစားချက်နဲ့ အကြားအာရုံကြားက ဆက်နွယ်မှုကိုအသုံးပြုပြီး စိတ်ကျရောဂါလို စိတ်ရောဂါတွေကိုပါ ကုသနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

Related article >>> အသည်းကွဲတဲ့အခါ နားထောင်သင့်တဲ့သီချင်းများ

ဂီတက လူတွေကို အမျိုးမျိုးသော ခံစားချက်တွေ ခံစားနိုင်စေပါတယ်။ သီဆိုနေတဲ့ ဘာသာစကားကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ သာယာနာပျော်ဖွယ် ဂီတသံကိုကြားရတာ လူတိုင်းနှစ်သက်ပါတယ်။ ဒီသုတေသနကလဲ ဂီတမှာ ခံစားချက်ပဲရှိပြီး ဘာသာစကားမရှိဘူးဆိုတဲ့ ဖြစ်ရပ်ကို သက်သေပြုနေပါတယ်။

လူတိုင်းမှာ ခံစားချက်ရှိကြပါတယ်။ တချို့သူတွေကတော့ သာမာန်လူတွေထက် ပိုပြီးခံစားတတ်ပါတယ်။ ဂီတကို နှစ်သက်သူတွေက တခြားသူတွေထက် ခံစားချက်ပိုပြင်းထန်ပါတယ်။ အဲ့ဒီထဲကမှ ဂီတသံကြားရုံနဲ့ ဂီတကပေးတဲ့ ခံစားချက်ကို ကြက်သီးမွေးညင်းတွေ ထရလောက်အောင် ခံစားချက်ပြင်းထန်သူတွေဟာ သူများနဲ့မတူတဲ့ ထူးခြားသူတွေဖြစ်ပါတယ်။ ယောင်းတို့ထဲမှာရော ထူးထူးခြားခြား ခံစားချက်ပြင်းထန်သူလေးတွေများ ပါကြသလားဟင်။

Khine (For Her Myanmar)

Reference : Independent | Mirror | IFL Science

Khine
Khine

Writer

အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။