နောက်ဆုံးချစ်သူ

ရှင့်ရဲ့ ဒီလိုဂရုစိုက်မှုတွေကြောင့် နောက်တစ်ယောက်ဆိုတာ မစဉ်းစားချင်တော့လို့ ရှင်ကပဲ ကျွန်မရဲ့ နောက်ဆုံးချစ်သူဖြစ်ပေးပါ။

ကျွန်မရဲ့ နောက်ဆုံးချစ်သူဖြစ်ပေးပါ။ အဆုံးမရှိတဲ့ အနာဂတ်မနက်ဖြန်တွေရဲ့ မနက်ခင်းတွေမှာ ရှင်နဲ့အတူ နိုးထရမယ့် စိတ်လှုပ်ရှားစရာခံစားချက်ကို ခုတည်းက ကြိုရင်ခုန်ထားပါရစေ။ ရှင်ရဲ့ ဝင်သက်ထွက်သက်ဖျော့ဖျော့လေးတွေကို ရှင်နဲ့အနီးကပ်ဆုံးနေရာကနေ ကြားရမယ့် မနက်ခင်းတွေ၊ အေးအေးချမ်းချမ်းအိပ်မောကျနေတဲ့ ရှင့်မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ခွင့်ရမယ့် မနက်ခင်းတွေ၊ ပိတ်ရက်တွေမှာ လေ့ကျင့်ခန်းလုပ်ရာကနေ ပြန်လာတဲ့ရှင်က ကျွန်မကိုကြင်နာတဲ့အနမ်းတွေနဲ့ နိုးထခွင့်ပေးမယ့် မနက်ခင်းတွေ၊ နေ့တစ်နေ့ရဲ့ အစမှာ Good morning ဆိုတဲ့ ရှင့်အသံချိုချိုလေးနဲ့ ကြိုဆိုခွင့်ရမယ့် မနက်ခင်းတွေ၊ ဒီလိုမနက်ခင်းတွေ တကယ်ပဲ မင်္ဂလာရှိလာဖို့ ရှင် ကျွန်မရဲ့ နောက်ဆုံးချစ်သူဖြစ်ပေးပါ။ ဘဝတစ်လျှောက်လုံး ရှင်မဟုတ်တဲ့ အခြားတစ်ယောက်နဲ့ မနက်ခင်းတွေကို ဖြတ်သန်းဖို့ မတွေးရဲလို့၊ မတွေးနိုင်တော့လို့ ရှင်ကပဲ ကျွန်မရဲ့ နောက်ဆုံးချစ်သူဖြစ်ပေးပါ။

ကျွန်မရဲ့ နောက်ဆုံးချစ်သူဖြစ်ပေးပါ။ အလုပ်ကိစ္စ၊ မိသားစုကိစ္စတွေနဲ့ ပင်ပန်းလာတဲ့အခါ ရှင့်ရင်ခွင်လောက်နွေးထွေးတဲ့ နားခိုစရာနေရာ ရှာမတွေ့နိုင်တော့လို့၊ ရှာမတွေ့ချင်တော့လို့၊ ရှာမှာမဟုတ်တော့လို့၊ ရှင့်ကိုပဲ လိုအပ်လို့။ မိတ်ကပ်မလိမ်းထားတဲ့ ကျွန်မနဲ့ ညှိုးနွမ်းနေတဲ့ မျက်နှာကို ကြည့်ပြီး “ဒီအတိုင်းလည်း လှတယ်”ဆိုတဲ့ မြှောက်ပြောခြင်းမရှိဘဲ ရင်ထဲကလာတဲ့ ရှင့်ရဲ့ စကားသံကို မစွန့်လွှတ်နိုင်လို့။ သံစဉ်မမှန် ကီးမမှန်ဘဲ ကားပေါ်မှာ သီချင်းတွေအော်ဆိုနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အသံကို ရှင်ကလွဲပြီး သည်းခံနိုင်မယ့်သူရှိပါ့မလား မသေချာလို့။ ရှိနိုင်တယ်ဆိုရင်တောင် ကျွန်မနားဒုက္ခပေးချင်တဲ့သူက ရှင်တစ်ယောက်တည်း ဖြစ်နေလို့။ ကျွန်မရဲ့ ဆိုးရွားလှတဲ့ အနုပညာခံစားမှုကို ယုံယုံကြည်ကြည် မရှက်မကြောက်ပြရဲတဲ့ သူဟာ ရှင်ပဲမို့လို့။ မပြည့်စုံမှုတွေကို အရှိအတိုင်း လက်ခံပေးတဲ့ နှစ်ယောက်မရှိနိုင်သူမို့ ရှင်ကပဲ ကျွန်မရဲ့ နောက်ဆုံးချစ်သူဖြစ်ပေးပါ။

Related article >>> ခလုတ်တိုက်မိသောနှလုံးသားများသို့~

ကျွန်မရဲ့ နောက်ဆုံးချစ်သူဖြစ်ပေးပါ။ ခန္ဓာကိုယ်အပူချိန်မမျှတဲ့အခါ ကျွန်မရဲ့လက်ဖျားတွေ အေးစက်လာတတ်တဲ့အကြောင်း ရှင်ပဲသိတာမို့။ ရှင့်လက်ဖဝါးတွေရဲ့ အနွေးဓာတ်ကပဲ ဒီပြဿနာရဲ့ အမြန်ဆုံး ဖြေရှင်းနည်းမို့လို့။ ရုပ်ရှင်ရုံထဲရောက်တဲ့အခါ ကျွန်မအာရုံပျက်မှာစိုးလို့ အလိုက်တသိ စကားမပြောပဲနေပေးတာ ရှင်ပဲရှိလောက်တာမို့။ ကျွန်မစိတ်ခံစားမှုတွေ ပြင်းထန်လာတဲ့အချိန်တိုင်း စိတ်ပျက်မသွားဘဲ နားလည်မှုရှိရှိနဲ့ နှစ်သိမ့်ပေးတတ်တဲ့သူမို့။ ဘယ်တော့မှာ လက်တွဲမဖြုတ်ဘူးဆိုတဲ့ ကတိအတိုင်း ကားမောင်းနေတာတောင် ဒီလက်ကို မလွတ်တမ်းကိုင်ထားပေးသူမို့။ လူတစ်ယောက်ရဲ့ တည်ရှိနေမှုသက်သက်ကြောင့်တင် ပျော်ရွှင်ရလွန်းလို့ မျက်ရည်ကျရတဲ့ ခံစားချက်မျိုး ရှင်နဲ့ကျမှ ကြုံဖူးတာမို့။ ရင်ခုန်ရလွန်းလို့ ရူးသွားတော့မလိုဖြစ်တဲ့ ခံစားချက်မျိုးလည်းပေးနိုင်သလို ရှင့်အရိပ်အောက်မှာ ငြိမ်းချမ်းဆိတ်ငြိမ်တဲ့ ဘဝရဲ့အရသာကိုလည်း မြည်းစမ်းခွင့်ရခဲ့လို့။ ဒီဘဝရဲ့ ကျန်တဲ့သက်တမ်းကို ရှင်နဲ့ပဲ တူတူကုန်ဆုံးချင်လို့ ရှင်ကပဲ ကျွန်မရဲ့ နောက်ဆုံးချစ်သူဖြစ်ပေးပါ။

ကျွန်မရဲ့ နောက်ဆုံးချစ်သူဖြစ်ပေးပါ။ ညစာဘယ်မှာစားကြမလဲဆိုပြီး ဆိုင်ရွေးရင်း ရှင်နဲ့ငြင်းခုန်ချင်လို့။ အိပ်နေရင်းကျွန်မယောင်ပြီး စကားပြောမိတဲ့အခါ ကျွန်မကို နှိုးလိုက်ရမယ့်အစား အဆုံးထိနားထောင်ပြီး ကြိတ်ရယ်နေမယ့် ရှင့်ပုံစံလေးကို စိတ်ကူးယဉ်ထားလို့။ မိုးသည်းတဲ့ညတွေမှာ ကျွန်မအေးမှာစိုးရိမ်ပြီး စောင်လာခြုံပေးမယ့် ရှင့်ကိုအလိုရှိလို့။ တစ်ရေးနိုးလာတဲ့အခါ ရှင့်လက်ကိုစမ်းရင်း ပြန်အိပ်ပျော်သွားချင်လို့။ မအိပ်ခင် ရှင့်ရဲ့ချစ်တယ်လို့ပြောတဲ့အသံကို ညတိုင်းကြားချင်လို့။ မနက်မိုးလာတဲ့အခါ ရှင့်ရင်ခွင်ထဲနိုးလာမှာကိုတွေးရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ချင်လို့။ ကျွန်မရဲ့ ကယောင်ချောက်ချားအတွေးများစွာနဲ့ ပြည့်နေတဲ့ ညတွေကို စိတ်ချလုံခြုံခြင်းနဲ့ အစားထိုးပေးနိုင်တာ ရှင်တစ်ယောက်တည်း ရှိတာမို့ ရှင်ကပဲ ကျွန်မရဲ့ နောက်ဆုံးချစ်သူဖြစ်ပေးပါ။

Related article >>> ကျွန်မကို ဒီလိုချစ်ပေးပါ..။

ကျွန်မရဲ့ နောက်ဆုံးချစ်သူဖြစ်ပေးပါ။ ရှင်နဲ့အတူသွားရမယ့် အနာဂတ်အတွက် မြေပုံပေါ်မှာ လမ်းကြောင်းဆွဲပြီးပြီမို့။ ဓါတ်ပုံတွေမှာ ရှင်ပါတဲ့အခါ ပိုပြီး အသက်ဝင်သလို ခံစားရတာမို့။ လောကကြီးရဲ့ သင်ယူစရာကြုံတွေ့စရာတွေကို ရှင်နဲ့အတူ ရင်ဆိုင်ချင်လို့။ ကျွန်မရဲ့ နှလုံးသားကို ရှင့်ကိုပဲ အပ်နှင်းချင်လို့။ အဖြူရောင်ဂါဝန်လှလှလေးဝတ်ပြီး အနီရောင်ကော်ဇောတစ်လျှောက် လျှောက်လှမ်းလာတဲ့အခါ လျှောက်လှမ်းအဆုံးမှာ အမြင်ချင်ဆုံး သူဟာရှင်ပဲမို့။ ကျွန်မရဲ့ စိတ်နဲ့ ခန္ဓာကို ဘဝတစ်ခုလုံးစာ စောင့်ရှောက်ပေးမယ့် သူဟာရှင်ကလွဲပြီး အခြားသူမဖြစ်နိုင်လို့ ကျွန်မရဲ့ လူအဖြစ်ရှိပေးပါ။

Myat (For Her Myanmar)

Myat Moe
Myat Moe

နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤

error: Content is protected !!