ဆောင်းရာသီနှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်းအတွက် လွယ်ကူတဲ့ အိမ်တွင်းကုသနည်းလေးတွေ

ရာသီဥတုအေးအေးမှာ နှုတ်ခမ်းသားလေး နူးညံ့ချောမွတ်နေအောင်…

 

ဆောင်းရာသီရောက်ပြီဆိုရင် ခြောက်သွေ့အေးမြတဲ့ ရာသီဥတုက အသားအရေကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်လာပါပြီ။ ဆောင်းရာသီမှာရင်ဆိုင်ရတဲ့ အသားအရေပြဿနာတွေထဲမှာ နှုတ်ခမ်းသားတွေ ခြောက်သွေ့ပြီး ကွဲအက်တာက တော်တော်စိတ်ညစ်ရတဲ့ ပြဿနာပါ။ အဖတ်အဖတ်လးတွေ လန်နေတော့ ကြမ်းတမ်းကြမ်းတမ်းနဲ့ နှုတ်ခမ်းနီဆိုးရင်မလှဖြစ်ရပါတယ်။ “လန်နေတော့လည်း ခွာမယ်ကွာ 😠” ဆိုပြီး ခွာလိုက်ပြန်ရင်လည်း သွေးထွက်ပြန်ရော။ “ကဲ … ပိုဆိုးကုန်ပြီ။ သွေးကထွက် နှုတ်ခမ်းကကွဲနဲ့ ခုတော့ ရယ်လို့တောင်မရတော့ဘူး။” 😞😞😞  ဈေးကြီးတဲ့ နှုတ်ခမ်းနီကို ဝယ်ဆိုးရင်တောင် ဆိုးထားတုန်းခဏပဲ ပြီးရင် ပြန်ဖြစ်တာပါပဲ။ အခုလို ကွဲအက်နေတဲ့နှုတ်ခမ်းတွေကြောင့် ကောင်းကောင်းတောင် မပြုံးနိုင်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးနေတဲ့ ယောင်းယောင်းတွေအတွက် ကုသနည်းအချို့ကို မျှဝေပေးလိုက်ပါတယ်။

ဘယ်လိုကုသနည်းလေးတွေလဲ

ဘယ်လိုရာသီဥတုမှာပဲဖြစ်ဖြစ် နူးညံ့ ရွှန်းစိုတဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် လွယ်ကူတဲ့ အိမ်တွင်းကုသနည်းလေးတွေ ရှိပါတယ်။ ကိုယ်နဲ့ လက်တစ်ကမ်းမှာရှိတဲ့ ပစ္စည်းလေးတွေဖြစ်လို့ လုပ်ရတာ အပန်းမကြီးဘဲ လှပချောမွတ်တဲ့ နှုတ်ခမ်းလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။

၁။ ပျားရည်

ပျားရည်က အစိုဓာတ်ထိန်းတဲ့ နေရာမှာ အကောင်းဆုံးပါပဲ။ အိပ်ရာမဝင်ခင် ပျားရည်ကို နှုတ်ခမ်းသားပေါ်မှာ သုတ်လိမ်းပေးပါ။ တစ်ညတာလုံး အစိုဓာတ်ကို ဖြည့်တင်းပေးတဲ့အပြင် နှုတ်ခမ်းသားကိုလည်း သန့်စင်ပေးပါတယ်။ ဒါ့အပြင် နှုတ်ခမ်းသားမဲတာကိုလည်း ကုသပေးပါတယ်။ ပျားရည်အစား ထောပတ်ကို အသုံးပြုလို့လည်းရပါတယ်။ အချိန်တိုအတွင်း နှုတ်ခမ်းလေး နူးညံ့ချောမွတ်စေမှာပါ။

၂။ သခွားသီး

သခွားသီးမှာ ရေဓာတ်ပြည့်ဝလို့ အသားအရေအတွက် အကျိုးပြုတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ နှုတ်ခမ်းသားတွေ တင်းလာတယ်၊ အဖတ်အဖတ်တွေကွာပြီး နာလာတယ်ဆိုရင် သခွားသီးကို ပါးပါးလေးလှီးပြီး နှုတ်ခမ်းပေါ်မှာ ငါးမိနစ်လောက် တင်ထားလိုက်ပါ။

နောက်တစ်နည်းက လတ်ဆတ်တဲ့သခွားသီးကို အရည်ညှစ်ပြီး နှုတ်ခမ်းပေါ်မှာ လိမ်းထားပါ။ မိနစ်နှစ်ဆယ်လောက် ကြာရင်ရေနဲ့ ဆေးလိုက်ပါ။ နေ့စဉ်ပုံမှန်လုပ်ပေးမယ်ဆိုရင် ထူးခြားမှုကိုတွေ့ရပါလိမ့်မယ်။

၃. Green Tea Bag

သုံးပြီးသား Green tea bag ကို နှုတ်ခမ်းသားပေါ်မှာ လေးမိနစ်လောက် တင်ထားရင်လည်းရပါတယ်တဲ့။ အသားအရေကို စိုပြည်စေပြီး ဟိုးအရင်ကတည်းက နှုတ်ခမ်းကွဲခြင်းအတွက် အသုံးပြုလာတဲ့ နည်းဖြစ်လို့ ရလဒ်က ကျေနပ်စရာဖြစ်မှာပါ။

Related Article >>> နှုတ်ခမ်းကွဲတာပျောက်ဖို့ ဘယ်လိုလုပ်မလဲ

၎။ သကြားနဲ့ သံလွင်ဆီ

နှုတ်ခမ်းကို သွားပွတ်တံနဲ့ပဲ ဖြစ်ဖြစ် ပွတ်တိုက်ပေးတာကလည်း ဆဲလ်သေတွေကို ကွာကျစေလို့ နည်းကောင်းတစ်ခုပါပဲ။ ပုံမှန်လုပ်ရင် နှုတ်ခမ်းသားကို ကျန်းမာစေပါတယ်။ အကောင်းဆုံးကတော့ သကြားကို အသုံးပြုတာပါ။ သကြားလက်ဖက်ရည်ဇွန်းတစ်ဝက်စာကို သံလွင်ဆီ တစ်စက်နှစ်စက်လောက်ရောပြီး နှုတ်ခမ်းပေါ်မှာ ညင်သာစွာ ပွတ်ပေးပါ။ ၃-၅ မိနစ်လောက်ကြာအောင် ပွတ်ပြီးရင် ရေနဲ့ဆေးကြောလိုက်ပါ။ ပြီးရင် အဝတ်သန့်သန့်နဲ့ ခြောက်အောင်သုတ်ပြီး lip balm လေးဆိုးထားလိုက်ပါ။ နှုတ်ခမ်းသားလေး ပိုမိုနူးညံ့လာပါလိမ့်မယ်။

၅။ အလှဆီ (Glycerin)

အလှဆီက ခန္ဓာကိုယ်မှာ အသားပတ်ရင် လိမ်းကြပါတယ်။ တကယ်လည်း အစွမ်းထက်ပါတယ်။ နှုတ်ခမ်းတွေကွဲအက်ပြီးသွေးထွက်နေရင် အဲဒီနေရာကို အလှဆီလေး တို့ထားပြီး အိပ်လိုက်ပါ။ မနက်မိုးလင်းရင် သိသိသာသာ သက်သာသွားတာကို တွေ့ရပါလိမ့်မယ်။

၆။ အလှဆီနဲ့ ပျားရည်

အလှဆီနဲ့ ပျားရည်ကိုရောစပ်ပြီး လိမ်းတာက အရေးအကြောင်းတွေကို လျော့နည်းစေပြီး အသားအရေကို စိုပြည်စေပါတယ်။ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို အလှဆီတစ်စက်နှစ်စက်လောက်နဲ့ရောစပ်ပြီး နှုတ်ခမ်းသားပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်ကြာရင် ရေနဲ့ဆေးလို့ရပါပြီ။ ပြီးရင် အလှဆီထပ်လိမ်းပြီး တစ်ညလုံး ထားထားလိုက်ပါ။ ဒီနည်းလမ်းက နှုတ်ခမ်းသားကို နူးညံ့စေပြီး ပြောင်ပြောင်လေးဖြစ်နေစေပါတယ်။ အရမ်းလည်း ထိရောက်ပါတယ်။

၇။ ရှားစောင်းလက်ပက် (Aloe Vera)

ရှားစောင်းလက်ပတ်က အသားအရေ ကုသတဲ့နေရာမှာ ဆေးစွမ်းကောင်းတစ်လက်ပါ။ ရောင်ရမ်းခြင်းကို သက်သာစေပြီး ပိုးသတ်နိုင်တဲ့ သတ္တိပါဝင်လို့ အသားအရေကို ပိုးဝင်ခြင်းကနေ ကာကွယ်ပေးပါတယ်။ အပင်ကနေ လတ်လတ်ဆက်ဆက်ယူပြီး နှုတ်ခမ်းပေါ်မှာပွတ်တိုက်ပေးပါ။ အေးအေးလေးနဲ့ နေလို့ကောင်းလို့ သက်သာစေမှာပါ။ ပျောက်ကင်းတဲ့အထိ ပုံမှန်လုပ်ပေးဖို့တော့ လိုပါတယ်။ အနီးအနားမှာအပင်မရှိရင် Nature Republic က Aloe Vera Gel လိမ်းလို့လည်းရပါတယ်။

Related Article >>> Nudeနှုတ်ခမ်းနီအရောင်ကိုရွေးချယ်ပေးနိုင်တဲ့ ခန္ဓာကိုယ်ပေါ်ကလျို့ဝှက်ချက်

နှုတ်ခမ်းကွဲတာကို ဘယ်လိုကာကွယ်ကြမလဲ

နှုတ်ခမ်းသားခြောက်သွေ့ကွဲအက်တာကို ကာကွယ်လို့ရပါတယ်။ Lip balm သုံးတာကတော့ အပြင်ကနေ ကာကွယ်တဲ့နည်းပေါ့။ နှုတ်ခမ်းသားလေးတွေမှာ အစိုဓာတ်ပြည့်ဝနေစေဖို့က အစားအသောက်ပေါ်မှာလည်းမူတည်ပါတယ်။

၁။ နှုတ်ခမ်းကွဲအက်တယ်ဆိုတာ တကယ်တော့ ခြောက်သွေ့လို့ဖြစ်ရတာပါ။ အဲဒါကြောင့် အစိုဓာတ်ကို ထိန်းပေးရပါမယ်။ ရေသောက်တာက အကောင်းဆုံးထိန်းသိမ်းနည်းပါပဲ။ ရေဓာတ်က အတွင်းထဲကနေ နှုတ်ခမ်းရဲ့ အစိုဓာတ်ကို ထိန်းပေးပြီး အားဖြည့်ပေးပါတယ်။

၂။ ဗီတာမင် B ဓာတ်ချို့တဲ့ရင်လည်း နှုတ်ခမ်းကွဲတတ်ပါတယ်။ အနီရောင်အသား၊ ချိစ်၊ နို့၊ တို့ဟူး နဲ့ ကြက်ဥတွေကို စားပေးပါ။ အစပ်နဲ့ citrus acid ပါဝင်တဲ့ အသီးတွေ (ဥပမာ လိမ္မော်သီး၊ ဂရိတ်ဖရု) က ရောင်ရမ်းခြင်းနဲ့ ခြောက်သွေ့ခြင်းကိုဖြစ်စေလို့ ရှောင်ကြဉ်ပါ။

၃။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်က နှုတ်ခမ်းသားကို ညိုမဲပျက်စီးစေပါတယ်။

၎။ ဆောင်းရာသီမှာ နှုတ်ခမ်းနီမဆိုးတာ ပိုကောင်းပါတယ်။ အထူးသဖြင့် ခြောက်သွေ့မှုကို အားပေးတဲ့ matte တွေပေါ့။ အဲဒီအစား Moisturizing agent တွေပိုမိုပါဝင်ပြီး နှုတ်ခမ်းသားပေါ်မှာ ကြာကြာခံတဲ့ Lip balm မျိုးကို ရွေးချယ်သုံးစွဲပါ။ ရှားစောင်းလက်ပတ်၊ အလှဆီ၊  ဗီတာမင် အီး၊ အေ၊ ဒီ၊ အုန်းဆီ စတဲ့ အားဖြည့်ပစ္စည်းတွေပါဝင်ရင် ပိုကောင်းပါတယ်။ အထူးသဖြင့် lip balm ကိုအိပ်ရာမဝင်ခင် ဆိုးဖြစ်အောင်ဆိုးပါ။ ဒါမှ တစ်ညလုံး နှုတ်ခမ်းသားကို ကာကွယ်နိုင်မှာပါ။

၅။ အရေးကြီးတဲ့ အချက်ကတော့ လူ တော်တော်များများက  နှုတ်ခမ်းကို တံတွေးဆွတ်တတ်ကြပါတယ်။ ဒါကိုလုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ တံတွေးဆွတ်ခြင်းက လေတိုက်တဲ့အခါ နှုတ်ခမ်းကို ပိုပြီးခြောက်သွေ့သွားစေပါတယ်။ အဲဒီလိုနှုတ်ခမ်းကို လျှာနဲ့လျက်လိုက်ရင်း လေတိုက်လိုက်ရင်း တစ်ခါပြန်လျက်လိုက်ရင်းနဲ့ နောက်ဆုံး နှုတ်ခမ်းသားပေါ်က အဆီလေးတွေ ခမ်းခြောက်ပြီး ခြောက်သွေ့ကွဲအက်လာပါလိမ့်မယ်။ ဒါကြောင့် lip balm လေးကို အမြဲဆိုးထားပါ။ နောက်တစ်ချက်က နှုတ်ခမ်းကိုမကိုက်ပါနဲ့။ ထက်မြက်တဲ့ သွားတွေကြောင့် ကိုက်တာက နှုတ်ခမ်းကွဲအက်စေဖို့ အလားအလာအများကြီးဖန်တီးပေးပါတယ်။

၆။ နှုတ်ခမ်းတွေကွာလာရင် မခွာပါနဲ့။ တစ်ချို့က အသဲယားပြီး လက်က နှုတ်ခမ်းဆီရောက်ရောက် သွားတတ်ပါတယ်။ ခွာလိုက်ရင် သွေးထွက်ပြီး  လက်ကနေတစ်ဆင့် ပိုးမွှားတွေ ဝင်ရောက်ပြီး ပိုဆိုးသွားနိုင်ပါတယ်။

နှုတ်ခမ်းကွဲတာက မိန်းကလေးတွေတော်တော်များများ ဆောင်းရာသီမှာ ရင်ဆိုင်ရတဲ့ အသားအရေပြဿနာ တစ်ခုပါ။ နူးညံ့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်လို့ ထိခိုက်လွယ်ပါတယ်။ ကာကွယ်ခြင်းက ပိုပြီးထိရောက်တယ်ဆိုသလိုပဲ အတတ်နိုင်ဆုံးတော့ နှုတ်ခမ်းသား ကျန်းမာရေးကို ဂရုပြုသင့်ပါတယ်။ ခြောက်သွေ့ကွဲအက်နေပြီိဆိုရင်လည်း ထိတ်လန့်စရာ စိတ်ညစ်စရာမလိုပါဘူး။ အခု ပြောပြသွားတဲ့ နည်းလေးတွေကို စိတ်ချလက်ချ အသုံးချနိုင်ပါတယ်။ အိမ်တိုင်းမှာရှိတဲ့ ပစ္စည်းလေးတွေကို အသုံးပြုရတာဖြစ်လို့  လွယ်ကူရိုးရှင်းပြီး ဘေးကင်းပါတယ်။

Bori (For Her Myanmar)

Beauty Health Tips , The Fit Indian , Bustle

 

 

Bori
Bori

Bori Bori Bon Bori…
Love food and cats. Favourite animal is tortoise… no hurry and always at ease.😊😊
As a writer from For Her Myanmar, I am trying to help Myanmar ladies promote their knowledge in different aspects.