ကွာရှင်းပြတ်စဲပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်တည်ဆောက်မလဲ?

သားသမီးတွေကိုသာ တကယ်ငဲ့ရင် ကိုယ့်ဆုံးဖြတ်ချက်တွေ ရဲရင့်ပြတ်သားနေအောင် ကြိုးစားပါ။

ယောင်းတို့ရေ သိကြတဲ့အတိုင်း မြန်မာ့လူဘောင်အဖွဲ့အစည်းမှာ တစ်ခုလပ် အမျိုးသမီးတွေကိုဆိုရင် အနှိမ်ခံလူသားအဖြစ် အလိုလို သတ်မှတ်ထားတတ်ကြပါတယ်။ ဒါကြောင့်လည်း မြန်မာအမျိုးသမီးတော်တော်များများက လင်ဆိုးမယားတစ်ဖားဖား ဖြစ်လည်း သည်းခံ၊ အကြမ်းဖက်လည်း အောင့်အီးပြီး အိမ်ထောင်ရေးကို ထိန်းသိမ်းဖို့ ကြိုးစားလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကြိုးစားနေရင်းနဲ့မှ ဘယ်လိုမှ ညှိမရတော့တဲ့အဆုံး လင်မယားကွာရှင်းပြတ်စဲလိုက်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ အဲ့လို ကွာရှင်းပြီးတဲ့နောက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ပြန်လည်တည်ဆောက်ရမလဲဆိုတာကို အက်ဒ်မင်က နည်းနည်း အကြံပေးချင်တာလေး ရှိပါတယ်။

(၁) ဆုံးဖြတ်ချက်တွေ ရဲရင့်ပါ။ 

ဟုတ်ပါတယ် တစ်ခုလပ်ဆိုတာ ဘယ်သူမှ ဖြစ်ချင်လို့ဖြစ်လာတာမဟုတ်ပါဘူး။ ကိုယ်ကလည်း ကိုယ့်ဘက်က တာဝန်ကျေလျက်နဲ့မှ တစ်ဘက်နဲ့ ဘယ်လိုမှ ညှိနှိုင်းလို့မရတော့တဲ့အဆုံးမှာတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုအပ်ပါတယ်။ သားသမီးတွေ မိတစ်ကွဲ ဖတစ်ကွဲဖြစ်မှာစိုးလို့၊ တစ်ခုလပ်ဆိုပြီး အနှိမ်ခံရမှာစိုးလို့ဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ကိုယ့်ဆုံးဖြတ်ချက် မဝေဝါးမိပါစေနဲ့။ သားသမီးတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖို့လည်း မမေ့ပါနဲ့။ ကွာရှင်းပြတ်စဲလိုက်တဲ့အခါ သူတို့အနေနဲ့ အဆင်ပြေမပြေဆိုတာလည်း အကြံဥာဏ်တောင်းခံသင့်ပါတယ်။ ကလေးတော်တော်များများကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေ မြင်ရတာနဲ့စာရင် မိတစ်ကွဲဖတစ်ကွဲဖြစ်ရတာ တော်သေးတယ်လို့ ပြန်ဖြေကြပါလိမ့်မယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေ မြင်တွေ့ခံစားသိမြင်နေရတဲ့ ကလေးတွေဟာ စိတ်ဒဏ်ရာ အတော်ရသွားတတ်ပါတယ်။ တစ်ချို့ကလေးတွေဆို နှလုံးရောဂါတို့ဘာတို့တောင် ဖြစ်တတ်ပါတယ်။ ကိုယ့်သားသမီးတွေကို တကယ်ချစ်ရင် ဆုံးဖြတ်ချက်သာ ရဲရင့်လိုက်ပါ။

(၂) အနှိမ်မခံရအောင် အလုပ်နဲ့သက်သေပြပါ။

တစ်ခုလပ်သော်ငြား ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တယ်၊ နောက်ယောက်ျားမလိုဘူးဆိုတာမျိုးကို အလုပ်နဲ့ သက်သေပြပါ။ မြန်မာပြည်မှာက တစ်ခုလပ် မုဆိုးမတွေဆို လက်တည့်စမ်းချင်တဲ့ ယောက်ျားဘသားက တော်တော်များသားရယ်။ ဒါကြောင့် လင်မရှိတဲ့ မိန်းမ မတင့်တယ်ဆိုတဲ့ စကားတွေ ထွက်လာတာပေါ့။ အချောင်နှိုက်ချင်တဲ့သူတွေ များနေလို့ပါ။ ပညာသင်စရာရှိသင်၊ ကိုယ်နဲ့ လိုက်ဖက်မယ့် စီးပွားရေးကို ရဲရဲရင့်ရင့်နဲ့သာလုပ်ပါ။ ပတ်ဝန်းကျင်က သနားသယောင်အသံတွေ ထွက်လာပြီဆိုရင် သနားစရာမလိုကြောင်း ပြောနိုင်အောင် အလုပ်ကြိုးစားပြပါ။ ဒါမှ ဒင်းတို့ ပါးစပ်ပေါက်တွေ ပိတ်သွားမှာပါ။

Related Article >>> တစ်ခုလပ်ဆိုတာနဲ့ တန်ဖိုးမဲ့သွားပြီလား

(၃) ချစ်ခင်ရသူ၊ ယုံကြည်ရသူတွေဆီက စိတ်ဓာတ်ခွန်အားရယူပါ။

ဘယ်သူတွေ ကိုယ့်ကို လက်ညှိုးထိုးနေပါစေ။ ကိုယ့်ကို တကယ်ချစ်တဲ့သူတွေကတော့ ကိုယ့်နံဘေးမှာ အမြဲရှိနေမှာပါ။ ကိုယ် တစ်ယောက်တည်း ဘဝရပ်တည်ရင်း အရမ်းပင်ပန်းလာတဲ့အခါ သူတို့ကို ရင်ဖွင့်ပါ၊ တိုင်ပင်ပါ။ တကယ် ချစ်တဲ့သူကတော့ အမြဲနားစွင့်နားထောင်ပေးပါလိမ့်မယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်တော့သလို ခံစားရတာကြောင့် အထီးကျန်ဆန်မှု မခံစားရတော့ပါဘူး။ နိုင်ငံခြားမှာဆိုရင်တော့ ဆွေးနွေးပေးတဲ့သူတွေရှိပေမယ့် ဒီမှာ ရှိမရှိတော့ အက်မင် မသိဘူးရယ်။ ရှိရင်တော့ တော်တော်လေးကို ကောင်းမှာပါ။

(၄) ရှေ့ဆက်လှမ်းမယ့် ခြေလှမ်းတွေအတွက်ပြင်ဆင်ပါ။

အတိတ်ကာလမှာ ဖြစ်ခဲ့တဲ့ ဝမ်းနည်းပူဆွေးမှုတွေရဲ့ လောင်းရိပ်အောက်မှာ နေမယ့်အစား အနာဂတ်မှာ ဘာလုပ်ရင်ကောင်းမယ်၊ ဘာ လေ့လာရင်ကောင်းမယ်ဆိုတာမျိုး စဉ်းစားပါ။ မလိုအပ်တာတွေအားလုံးကို
ခေါင်းထဲကနေ အပြီးတိုင်သာ ထုတ်လိုက်ပါ ယောင်းရေ။ ရှေ့ကိုလှမ်းနေပေမယ့် နောက်ကနေ ပြန်ဆွဲနေမယ်ဆိုရင် ခရီးက တွင်မှာမဟုတ်ပါဘူး။ တစ်ခါတလေ တိုက်ဆိုင်လို့ တွေးမိတဲ့အခါ ဝမ်းနည်းမိရင်လည်း ငိုချင်ရင် ငိုချပစ်လိုက်ပါ။ အဝငိုပြီးရင်တော့ ထပ်မငိုပါနဲ့တော့။ အရာအားလုံးကို ၁ က ပြန်စပါ။

ဘာပဲဖြစ်ဖြစ်ပါ ယောင်းရေ။ တစ်ခုလပ်ဖြစ်သွားတာ ဘဝကြီး ပျက်သုဉ်းသွားတာမဟုတ်ပါဘူး။ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ရှေ့ကို ရဲရဲရင့်ရင့်ရင့်သာ ဆက်လျှောက်သွားလိုက်ပါ။ ယောင်းပတ်ဝန်းကျင်မှာ တစ်ခုလပ်မို့ဆိုပြီး ဝမ်းနည်းပူဆွေးအားငယ်နေတဲ့ ယောင်းလေးတွေရှိရင်လည်း ဒီစာလေးနဲ့ အားပေးလိုက်ကြဦးနော်  :*

Myat ( For Her Myanmar )

Myat Moe
Myat Moe

နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤

error: Content is protected !!