ချစ်သူများနေ့မှာ ပေးစရာ ချောကလက် ပူတင်းလေးလုပ်ကြည့်မယ်..

အမယ်.. ချောကလက်ပူတင်းဆိုလို့ လုပ်ရလက်ဝင်မယ်ထင်နေတာ.. လွယ်လွန်လွန်းလို့.. 😀

မင်္ဂလာပါ ယောင်းတို့ရေ..ချစ်သူများနေ့လည်း နီးလာပြီနော်.Valentineဆိုတာ ချစ်သူရည်းစားတွေ crushတွေရှိမှ ချောကလက်ကျွေးလို့ရတာမဟုတ်ဘဲ…ကိုယ် ချစ်ရတဲ့ မိသားစုတွေ တန်ဖိုးထားရတဲ့ မိတ်ဆွေတွေကိုလည်း ကျွေးနိုင်ပါတယ်လေနော့ ..ဒါကြောင့်မို့ ယောင်းတို့ရဲ့ အသဲတစ်ခြမ်းတွေအတွက် အရသာရှိတဲ့ ချောကလက်ပူတင်း ကို အိမ်မှာတင် လွယ်လွယ်လုပ်ကြည့်ရအောင်လား…

ချစ်စရာလေး

လိုအပ်တဲ့ပစ္စည်းတွေကတော့ Dark chocolate powder (ချောကလက်မှုန့်) 200gတစ်ထုပ်, Corn Flour (ပြောင်းဖူးမှုန့်) တစ်ထုပ်၊ Fine Sugarတစ်ထုပ် Whole Milk (အဆီမထုတ်ထားတဲ့ နွားနို့)တစ်ပုလင်း၊ ကြက်ဥနှစ်လုံးနဲ့ အလှဆင်ဖို့ Almond seeds (ဗာဒံစေ့) တို့ပဲ ဖြစ်ပါတယ်နော်။ ဒါကတော့ အက်ဒ်မင် ဝယ်လာတဲ့ဟာတွေပါ။

ဇလုံအကြီးကြီးထဲကို ချောကလက်အနက် အမှုန့်ကို ထမင်းစားဇွန်း လေးဇွန်း၊ သကြား ထမင်းစားဇွန်း တစ်ဇွန်း၊ corn flour (ပြောင်းဖူးမှုန့်)ကို ထမင်းစားဇွန်း လေးဇွန်း ထည့်ပြီး ရောမွှေပါမယ်။ အဲ့နောက် ကြက်ဥအနှစ်ပဲယူပြီး သမသွားအောင်မွှေပါမယ်။ မီးဖိုပေါ်မှာ နွားနို့နှစ်ခွက်ကို မီးအပူ အရမ်းမပြင်းဘဲ အပူပေးထားပါ။ ပူစီပေါင်းလေး ထွက်လာတဲ့အခါ ဇလုံထဲက ချောကလက်အနှစ်ကို နို့ထဲ ရောထည့်ပြီး အဆက်မပြတ်မွှေပေးနေပါ။ ချောကရည်က အနည်းငယ်ပွက်လာပြီး ပျစ်လာတဲ့အခါ မီးဖိုပေါ်က ချပြီး ခွက်လှလှလေးထဲ ထည့်လို့ ရေခဲသေတ္တာထဲ ထည့်ပြီး အအေးခံလိုက်ပါ။ နာရီဝက်တစ်နာရီကြာတဲ့အခါ ထုတ်လို့ရပါပြီနော်။

စားခါနီးမှာ ချောကလက်ပူတင်းပေါ်ကို Almond စေ့ဖြစ်ဖြစ် စတော်ဘယ်ရီသီးဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ အသီးအစေ့တွေနဲ့ အလှဆင်ပေးလိုက်ရင် ဆိုင်ပြင် ချောကလက်ပူတင်းတွေလို လှလည်းလှ စားလို့လည်းကောင်းတဲ့ ချောကလက်ပူတင်းလေး နှစ်ခွက်ရသွားပါပြီ ယောင်းတို့ရေ.. ချို၊ စိမ့်၊ ခါး အရသာ သုံးမျိုးလုံး ပါတဲ့ ချောကလက်ပူတင်းဟာ အတော်လေး လုပ်ရလွယ်တဲ့ အချိုပွဲ မို့ ယောင်းတို့ ချစ်ခင်ရသူတွေအတွက် လုပ်ကြည့်ပါနော် …

Related Article >>> ချစ်သူခင်သူတွေကို ကိုယ်တိုင်လုပ် ချောကလက်လေးတွေ လက်ဆောင်ပေးကြရအောင်

နောက်တစ်မျိုးကတော့ Gooey Chocolate Puddingလို့ ခေါ်တဲ့ အိအိတုံတုံ ပူတင်းရဲ့ အပေါ်လွှာကို ကွတ်ကီးလေးလို ကြွပ်သွားအောင် လုပ်စားတဲ့ နည်းလေးပါ။

အပေါ်ယံ ကြွပ်ကြွပ်လေးနဲ့..

ပါဝင် ပစ္စည်းတွေကတော့ ချောကလက်ပူတင်းအတွက်
ချောကလက်အနက် ၇ အောင်စ ဆားမရောထားတဲ့ ထောပတ်အခဲ ၅.၅ အောင်စ ကြက်ဥ ၄လုံး ကြက်ဥ အနှစ်လေးလုံး သကြားအညို ရေနွေးကြမ်းခွက် တစ်ဝက်စာ ဆန့်မှုန်အညက် ၁.၄အောင်စပဲဖြစ်ပါတယ်..

ချောကလက်ဆော့စ် လုပ်ဖို့အတွက်က pure creamတစ်ခွက် ရယ်၊ ချောကလက်အနက် ၇အောင်စ ရယ်၊ ခွက်ရဲ့ လေးပုံတစ်ပုံစာ ပမာဏရှိတဲ့ pure icing sugar လို့ ခေါ်တဲ့ မှုန့်ညက်နေတဲ့သကြားရယ်ပဲ ဖြစ်ပါတယ်။

ပထမဆုံး ချောကလက်နဲ့ ထောပတ်ကို အတုံးသေးသေးလေးတွေ လှီးပြီး ဒယ်ပြားထဲ ရောထည့်ပြီး အရည်ပျော်သွားတဲ့အထိ မီးအေးအေးနဲ့ ၅မိနစ်လောက် အပူပေးပါ။ ပြီးရင် မီးဖိုပေါ်က ချပြီး ၅မိနစ်လောက်အအေးခံလိုက်ပါ။

နောက် ဇလုံးကြီးကြီးထဲ ကြက်ဥတွေ အနှစ်တွေ သကြားအညိုတွေ ထည့်ပြီး လျှပ်စစ်မွှေတံနဲ့ ပွလာတဲ့အထိ ၊ အကြီးကြီးဖြစ်လာတဲ့အထိ နာနာ မွှေပေးပါ။ ပြီးရင် ခုနက ချောကလက်အနှစ်ကို ယူပြီး လောင်းထည့်လိုက်ပါ။ သမသွားအောင် စတီးဇွန်းနဲ့ သေချာလေးမွှေပေးပါ ယောင်းတို့ရေ။ ပြီးရင် အပေါ်ကနေ ဆန်မှုန့်ကို နေရာအပြည့် ဖြူးပေးပြီးတော့ ဖြည်းဖြည်းချင်း သေချာ နယ်ပေးပါ။

ခွက်ငယ်လေးတွေကို ဆီသုတ်ထားပါ။ ovenကို 355 F လောက် ကြိုတင်အပူပေးထားပါ။ ခွက်ငယ်ထဲကို ချောကလက်အနှစ်တွေကို ထည့်ပြီး oven ၁၀မိနစ်လောက် ထည့်ဖုတ်ပေးရပါမယ်။ ပူတင်းခွက်ရဲ့ အပေါ်ယံလွှာ က ကွတ်ကီးလို ကြွပ် ကြွပ်လေး ဖြစ်လာတဲ့အထိပေါ့။

အခု ပိုအရသာရှိသွားအောင် အပေါ်က ဆမ်းစားမယ့် ချောကလက်ဆော့စ်လေး လုပ်ပါမယ်နော်။ ဒယ်ပြားပေါ် ချောကလက်ရယ် ခရင်မ်ရယ် ကို မီးအေးအေးနဲ့ အပူပေးပြီး မွှေနေပေးပါ။ ချောကလက်အခဲလေးတွေ အရည်ပျော်သွား တဲ့ အခါ icing sugarလေးတွေ ထည့်ပေးပြီး နှံ့သွားအောင် သေချာမွှေပေးပါနော်။

ကဲ…ခု အားလုံးပြီးသွားပြီဆိုတော့ ချောကလက် ပူတင်း ပူပူနွေးနွေး ကြွပ်ကြွပ် အိအိလေးကို ဆော့စ်လေးနဲ့ စမ်းစားလို့ရပါပြီနော်…

ဒါနဲ့ ခုလို မုန့်ဖုတ်တဲ့ အမယ်ပစ္စည်းတွေကို အောင်ဆန်းကွင်းနားက STKဆိုတဲ့ bakeryဆိုင်မှာ စုံစုံလင်လင် ဝယ်လို့ရတယ်နော် ယောင်းတို့ရေ…

ချောကလက်ပူတင်းလုပ်နည်းလေးတွေကို ဗီဒီယိုအနေနဲ့လည်း ဖော်ပြပေးလိုက်ပါတယ်လို့…

By

Mira (For Her Myanmar)

Reference :  huffpost.com Fine Cookinghowcast.com

Aye Mon Kyaw
Aye Mon Kyaw

နာမည် Aye Mon Kyaw ပါ။ကျွန်မဝါသနာက ဟင်းချက်တာနဲ့ ရေကူးတာဖြစ်ပြီး ကျွန်မအနေနဲ့ အမျိုးသမီးနဲ့ အဓိက သက်ဆိုင်မယ့် ကျန်းမာရေးနဲ့ မြန်မာအမျိုးသမီးလေးတွေ တွေရဲ့ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးစာများကို ရေးလိုပါတယ်။

error: Content is protected !!