ကိုယ်နဲ့အလိုက်ဖက်ဆုံး ရေမွှေးကိုဘယ်လိုရွေးချယ်ကြမလဲ

ဝယ်ထားပြီးမှ ကိုယ်နဲ့ မလိုက်ဖက်လို့ ချောင်ထိုးထားရတာမျိုးမဖြစ်အောင်၊ ကိုယ်ဆွတ်လိုက်တိုင်း တစ်ဖက်သားက မခွာချင်အောင်ဆွဲဆောင်နိုင်မယ့် ရေမွှေးမျိုးကို ဘယ်လိုရွေးကြမလဲ

ကိုယ့်ခန္ဓာကိုယ်က ထွက်တဲ့ရနံ့ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်က ဆိုးဝါးတဲ့ရနံ့ထွက်နေရင် ဒါမှမဟုတ်၊ ထွက်နေတယ်လို့ခံစားရရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအများကြီးလျော့ကျစေပါတယ်။

အထူးသဖြင့် ရေမွှေးဆွတ်ရာမှာ၊ ရေမွှေးဆွတ်ထားရုံနဲ့ ကိုယ့်ဆီကကောင်းမွန်တဲ့ရနံ့တွေထွက်နေလိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။ ကိုယ့်ပင်ကိုယ်က အနံ့အသက်မကောင်းဘူး၊ ချွေးနံ့တွေထွက်နေမယ်ဆိုရင် ရေမွှေးနံ့နဲ့ ချွေးနံ့ရောပြီး ပိုဆိုးတဲ့အနံ့တောင်ထွက်လာစေပါတယ်။

နောက်အချက်က ကိုယ်နဲ့လိုက်ဖက်မယ့် ရေမွှေးရနံ့ကို သေချာရွေးချယ်တတ်ဖို့အရေးကြီးပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ရနံ့ကိုမှန်မှန်ကန်ကန်ရွေးချယ်သုံးစွဲမှသာ တကယ်ကောင်းမွန်တဲ့ ကိုယ်သင်းနံ့ရရှိမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ပိုတိုးလာစေနိုင်ပါတယ်။

ဒါကြောင့် ရေမွှေးဆိုတာ အလွယ်တကူ ကောက်ဝယ်လိုက်တာမျိုးမဖြစ်သင့်တဲ့ပစ္စည်းမို့ ရေမွှေးဝယ်ယူရာမှာ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို မျှဝေလိုက်ပါတယ် ယောင်းတို့ရေ။

Related Article >>> သဘာဝအတိုင်း ကိုယ်သင်းနံ့သင်းပျံ့စေဖို့

သူများသုံးတိုင်း လိုက်မသုံးနဲ့နော်….

၁။ လူများသုံးတိုင်း လိုက်မသုံးသင့်တဲ့ ပစ္စည်းတွေထဲမှာ ရေမွှေးလည်း ပါပါတယ်

ကိုယ့်သူငယ်ချင်းသုံးထားတဲ့ရေမွှေးလေးက အရမ်းအနံ့အသက်ကောင်းတယ်ဆိုပြီး ကိုယ်လိုက်သုံးတော့ ထင်သလောက် အနံ့အသက်မကောင်းတာမျိုးဖြစ်တာဟာ တစ်ယောက်နဲ့ တစ်ယောက်မှာ ရှိတဲ့ ဟော်မုန်းနဲ့ အနံ့အသက်တွေ ကွာခြားလို့ပါ။ နောက်ပြီး Online ပေါ်မှာ ကောင်းတယ်လို့ လူပြောများတိုင်း ဝယ်သုံးတာ၊ ကိုယ့်အသိတွေက ကောင်းတယ်ပြောကြလို့ ကိုယ်နဲ့လိုက်မလိုက် သေချာမစမ်းကြည့်ဘဲ ဝယ်တာမျိုး မလုပ်သင့်ပါဘူးနော်…

၂။ အပေါစားရေမွှေးတွေကို မသုံးပါနဲ့

ရေမွှေးတွေဟာ ဈေးအမျိုးမျိုးရှိပါတယ်။ ထောင်ချီ၊ သောင်းချီတန်ကနေ သိန်းချီတန်တဲ့ တန်ဖိုးကြီးရေမွှေးတွေလည်း ရှိပါတယ်။ ဒီလိုဈေးအမျိုးမျိုးရှိပေမယ့် ယောင်းတို့အနေနဲ့ ရေမွှေးရွေးချယ်ဝယ်ယူတဲ့အခါ ဈေးပေါတဲ့ရေမွှေးတွေမသုံးဖို့ သတိပေးချင်ပါတယ်။

ဈေးပေါတဲ့ ရေမွှေးတွေဟာ ရနံ့လည်း တာရှည်မခံသလို၊ ရနံ့အရမ်းပြင်းလွန်းတာ၊ ရနံ့မမှန်တာ၊ ကိုယ့်ခန္ဓာကိုယ်ပေါ်ဖြန်းထားရင် မွှေးတဲ့ရနံ့ထက်၊ မဆိုင်တဲ့ရနံ့တွေ ထွက်နေတာတွေ ဖြစ်တတ်ပါတယ်။ ဥပမာ အရက်ပြန်နံ့ထွက်နေတာမျိုးပေါ့။ တန်ဖိုးကြီး သိန်းချီတန်တွေ ဝယ်ယူရမယ်လို့ မဆိုလိုပေမဲ့ ကိုယ့်အခြေအနေနဲ့ တတ်နိုင်မယ့် ဈေးနဲ့ကိုက်ညီမယ့် ဈေးကိုဝယ်ယူပါ။

အနည်းဆုံးတော့ သောင်းဂဏန်းတန်လောက်ဆို လူတိုင်းတတ်နိုင်ပြီး အရည်အသွေးလည်း ကောင်းမယ်လို့ အက်ဒ်မင်ကတော့ထင်ပါတယ်။ ထောင်ဂဏန်းတန်ရေမွှေး လေးငါးပုလင်းဝယ်မယ့်အစား သောင်းဂဏန်းတန် ရေမွှေးတစ်ပုလင်းလောက် ကိုယ့်မှာရှိရင် အဆင်ပြေပါပြီ။

Related Article>>> (၂၄)နာရီလုံး ရေမွှေးနံ့လေး သင်းနေစေဖို့ လျှို့ဝှက်နည်းလမ်း

မစမ်းကြည့်ပဲ မဝယ်နဲ့နော်

၃။ Online Shopping ကနေ သုံးမကြည့်ဖူးဘဲ ဝယ်တာ၊ အနံ့ကိုစမ်းမကြည့်ဘဲဝယ်တာမျိုး မလုပ်ပါနဲ့။

ရေမွှေးဆိုတာ Online Shopping ကနေ ရမ်းမဝယ်သင့်ပါဘူး။ ကိုယ်က အဲ့ဒီတံဆိပ်၊ အဲ့ဒီအနံ့ကို သုံးဖူးတယ်၊ ကြိုက်တယ်၊ ကိုယ်နဲ့ လိုက်တယ်ဆိုတာ သိပြီးသားဖြစ်နေရင်တော့ တစ်မျိုးပေါ့။ နောက်ပြီး ဈေးဝယ်ထွက်တုန်း ဟယ် ပုလင်းလေးက လှလိုက်တာ အရောင်လေးကချစ်စရာလေးဆိုပြီး ဝယ်တာမျိုးရှောင်နော်။ ကိုယ်နဲ့ လိုက်ဖက်တဲ့အနံ့ ဟုတ်မဟုတ်သေချာရွေးချယ်ပြီး ဝယ်ယူပါ။

၎။ ရေမွှေးဝယ်တဲ့အချိန် ဘာတွေသိထားသင့်လဲ

တစ်ရက်ထဲမှာ ရေမွှေးရနံ့တွေကိုတစ်ခုပြီးတစ်ခု ရှူကြည့်ပြီး တစ်ခါတည်းဝယ်ခဲ့တာမျိုးမလုပ်ပါနဲ့။ အဲ့ဒီလိုလုပ်ရင် ကိုယ့်အနံ့ခံအာရုံက ရှုပ်ထွေးသွားပြီး အနံ့အမှန်အတိုင်းမဆုံးဖြတ်နိုင်တော့ပါဘူး။ တစ်ခါသွားရင် အနံ့ခြောက်မျိုးလောက်ပဲ စမ်းကြည့်ပါ။ နှစ်ခေါက်သုံးခေါက်ပြန်သွားပြီး အနံ့ကိုစမ်းကြည့်ပါ။ အနံ့သွားစမ်းကြည့်တဲ့အခါ ကိုယ့်ဆီမှာ ဘာအမွှေးရနံ့မှ မရှိပါစေနဲ့။ လိုးရှင်းပဲဖြစ်ဖြစ်၊ အနံ့စူးတဲ့ Roll-on လိုမျိုးတောင်မသုံးသွားပါနဲ့။ အဲ့ဒီလိုဆိုရင် စမ်းသပ်ဖို့ပိုလွယ်ပါတယ်။

နောက်ပြီး ကိုယ့်သူငယ်ချင်းကိုပါ ဈေးဝယ်ထွက်ရင်ခေါ်သွားပါ။ ကိုယ်နဲ့လိုက်တဲ့အနံ့ဟုတ်မဟုတ် ကိုယ့်ထက်ဘေးလူက ပိုသိပါတယ်။ ကိုယ်နဲ့ ပြောမနာဆိုမနာသူငယ်ချင်းတွေဖြစ်ရင် ကိုယ်နဲ့တကယ်လိုက်မလိုက် ပွင့်ပွင့်လင်းလင်းပြောပါလိမ့်မယ်။ နှစ်ခါ၊ သုံးခါပြန်ခေါ်ရင်လည်း အားနာစရာမလိုတော့ဘူးပေါ့။

Related Article>>> ချိုင်းချွေးနံ့ပျောက်စေတဲ့ အိမ်တွင်းကုထုံးများ

ရှူလဲကြည့် ဖြန်းလဲကြည့်ပေါ့

နောက်ပြီး ကိုယ်ရှူကြည့်လို့ ကြိုက်တဲ့အနံ့ဆိုရင် မဝယ်ခင် ကိုယ့်ခန္ဓာကိုယ်မှာ အရင်ဖြန်းကြည့်ပါ။ (ဆိုင်မှာ အစမ်းဖြန်းကြည့်လို့ရတဲ့ နမူနာပုလင်းရှိရင်ပေါ့)။ ဒါမှကိုယ်နဲ့ လိုက်မလိုက်သိရမှာပါ။ ဖြန်းကြည့်တဲ့အခါ ကိုယ့်လက်ကောက်ဝတ်တစ်ဘက်စီကို တစ်မျိုးစီဖြန်းပြီးရှူကြည့်ပါ။

နောက်တစ်ချက်က ရေမွှေးတွေကိုအနံ့တစ်ခုစီရှူကြည့်ပြီးတိုင်း ဘာအနံ့မှမရှိတဲ့ ကိုယ့်လက်ဖမိုး ဒါမှမဟုတ် လက်မောင်းကို ရှူပါ။ အဲ့လိုလုပ်လိုက်ရင် နှာခေါင်းရဲ့အနံ့ခံစွမ်းကို ပြန်လန်းဆန်းစေပြီး နောက်အနံ့သစ်တစ်မျိုးကို သေချာအနံ့ခံနိုင်သွားပါတယ်။

နောက်ဆို ရေမွှေးဝယ်မယ်လို့ စဉ်းစားတိုင်း အက်ဒ်မင် အကြံပေးထားတာလေးတွေ သတိရနော်.. ဒီလိုဆိုရင်တော့ ကိုယ်နဲ့ တကယ်လိုက်ဖက်မယ့် အနံ့ကိုရွေးချယ်ဝယ်ယူနိုင်ပါလိမ့်မယ်။ ရေမွှေးဝယ်တယ်ဆိုတာ တစ်ခါဝယ်ထားရင်လဲ အကြာကြီးခံသလို၊ ကိုယ်နဲ့လည်း တကယ်အသုံးတည့်တဲ့ပစ္စည်းမို့လို့ ကောင်းမွန်တဲ့ တံဆိပ်ကို သေသေချာချာစိတ်ရှည်ရှည်အချိန်ပေးပြီး ဝယ်ယူကြပါလို့ အက်ဒ်မင်က ထပ်သတိပေးလိုက်ရပါတယ်နော်။

Sugar Cane (For Her Myanmar)

References :  WikiHowCosmopolitan

Sugar Cane
Sugar Cane

ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

error: Content is protected !!