မိန်းကလေးတိုင်းကြောက်ရွံ့ခြင်းမှကင်းဝေးစေဖို့..

အန္တရာယ်တစ်ခုနဲ့ ကြုံတိုင်း မိန်းကလေးတွေ လုပ်နိုင်တာ ကြောက်ပြီး ငိုကြွေးရုံပဲလား …..

ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသမီးလေးက ကြောက်လွန်းလို့ တဆတ်ဆတ်တုန်နေတယ်။ လူဆိုးလို့ထင်ရသူတစ်ဦးက သူ့ကို အန္တာရာယ်ပြုဖို့ကြိုးစားနေတာပေါ့။ ဒီမိန်းကလေးတတ်နိုင်တာက မျက်ရည်တွေဘာတွေဝဲပြီး ငိုမယ်၊ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းမယ်ဆိုတာပဲ။ ဒီလူဆိုးကို သူကာကွယ်နိုင်မယ့် ခွန်အား သတ္တိမရှိဘူး။ အဲ့ဒီအချိန် တောင့်တင်းသန်မာတဲ့ အမျိုးသားငယ်တစ်ဦး (မင်းသား) ရောက်လာမယ် လူဆိုးကိုတိုက်ခိုက်မယ်၊ မင်းသမီးလေးက အားကိုးတကြီးမျက်ဝန်းတွေနဲ့ မင်းသားကိုကြည့်မယ်။

ဒါဟာ အက်ဒ်မင်တို့ ငယ်ငယ်ကတည်းက ရုပ်ရှင်ကားတွေ အထူးသဖြင့် မြန်မာရုပ်ရှင်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ ဇာတ်ဝင်ခန်းပါ။ ဒါတင်မကဘဲ အပျော်ဖတ်အချစ်ဝတ္ထုတွေမှာပါ ဒီလိုပုံစံဇာတ်ကွက်မျိုး ရေးသားလေ့ရှိပါတယ်။

အဲဒီလို ဇာတ်ဝင်ခန်းတွေမှာ မိန်းကလေးဆိုတာ နူးညံ့တယ်၊ ကြောက်တတ်တယ်။ နူးညံ့တဲ့ မိန်းကလေးတွေကို ထွားကျိုင်းသန်မာတဲ့ အမျိုးသားတွေကပဲ အကာအကွယ်ပေးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်မျိုးကို မသိမသာ ရိုက်ထည့်ပေးကြတာပါ။ အများအားဖြင့် အပြင်လောကမှာလည်း မိန်းကလေးဆိုတာ နူးညံ့ရမယ်၊ ကြောက်တတ်ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးက အားကောင်းနေဆဲဆိုတော့ မိန်းကလေးတွေရဲ့ စိတ်ထဲမှာလည်း ငါဟာ အားနွဲ့တယ်ဆိုတဲ့ အယူအဆအတွေးအခေါ် ရှိနေတော့တာပါ။ အကျိုးဆက်အားဖြင့် မိန်းကလေးတွေဟာ ရှက်တတ်၊ ကြောက်တတ်လာကြတော့တာပါပဲ။

အထူးသဖြင့် ယောက်ျားလေးတွေနဲ့ ရင်ဆိုင်ရမှာ ရှက်တယ်၊ ယောက်ျားလေးတွေ အများကြီးရှိတဲ့နေရာကို သွားရင် အိနြေ္ဒသိက္ခာမရှိဘူးလို့ အများက သတ်မှတ်ခံရမှာကို ရှက်ပါတယ်။ ဒီအထိဆိုရင် ပြဿနာမရှိသေးပေမဲ့ အမျိုးသားတစ်ဦးဦးက ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ နှုတ်အားဖြင့်သော်လည်းကောင်း ကျူးလွန်လာရင် တုံ့ပြန်တိုက်ခိုက်ရမှာ ရှက်ကြောက်တာပါ။ လူသိခံရမှာကို ရှက်သလို၊ လူသိရင်လည်း ကျူကျူပါအောင် ငိုခြင်းအားဖြင့် လူအများရဲ့ သနားကရုဏာကို လိုချင်နေသလို တစ်စုံတစ်ဦးက ကိုယ့်ကို ကာကွယ်ပေးမှာကို မသိစိတ်က မျှော်လင့်တောင့်တနေကြတာပါပဲ။

Related Article >>> မသိမမီလိုက်တဲ့ခေတ်က အမျိုးသမီးတွေအပေါ် ခွဲခြားထားခဲ့တဲ့ ဓလေ့များ

တကယ့် လက်တွေ့ဘဝဆိုတာတော့ ကိုယ့်ကို ဘယ်သူမှ အမြဲမကာကွယ်ပေးနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ကာကွယ်ရမှာပါ။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ယောက်ျားတွေက မိန်းမတွေထက်ပိုပြီး ကြံ့ခိုင်တောင့်တင်းမှုရှိတာအမှန်ပါ။ ဒါကိုတော့ငြင်းလို့မရပါဘူး။ ဒါပေမဲ့ အဲဒါနဲ့ပဲ မိန်းကလေးတွေက အကူအညီလိုနေတာမဟုတ်ပါဘူး။

မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ခွန်အားနည်းတယ်ဆိုရင် ဉာဏ်ရည်ကိုအားကိုးရမှာပါ။ နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် ကိုယ်ခံပညာရပ်ကိုအနည်းအကျဉ်းတော့ လေ့လာထားရမှာပါ။ ကိုယ်ခံပညာတတ်ကျွမ်းရင် ကိုယ့်ထက် ခွန်အားများစွာကြီးမားသူကိုတောင် ခုခံနိုင်စွမ်းရှိပါတယ်။ နောက်ပြီး မိန်းကလေးအများစုဆောင်လေ့ရှိတဲ့ ငရုတ်ကောင်းဖြန်းဆေး၊ လျှပ်စစ်ကျဉ်စက် စတာတွေကို ဆောင်ထားဖို့လိုပါတယ်။ ကိုယ်ခံပညာရော၊ ကာကွယ်ရေးပစ္စည်းတွေရော ရှိနေတယ်ဆိုရင်တောင် ကြောက်တတ်ရင် အလကားပါပဲ။ အက်ဒ်မင်ဖတ်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာဆိုရင် မိန်းကလေးတွေဟာ ကြောက်စိတ်ကြောင့် အဲဒီကာကွယ်ရေးပစ္စည်းတွေကို စနစ်တကျမကိုင်တွယ်နိုင်တော့ဘဲ ကျူးလွန်သူက သူတို့လက်ထဲက အဲဒီပစ္စည်းတွေကို လုယူသုံးစွဲပြီး အဲဒီမိန်းကလေးကို ပြန်လည်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ပါသတဲ့။ ကိုယ်ခံပညာတတ်တယ်ဆိုရင်တောင် ကိုယ်ကအရမ်းကြောက်နေရင် တိုက်ခိုက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ရင်ထဲက ကြောက်စိတ်ကို ဖယ်ရှားနိုင်ဖို့ ကြိုးစားကြပါ။

ဒီလိုဖယ်ရှားဖို့ဆိုတာ အပြောလွယ်ပေမဲ့ အလုပ်မလွယ်ဘူးဆိုတာတော့ သိပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်နဲ့ နှစ်ဆယ်စွန်းစအရွယ်တွေမှာ ပိုကြောက်တတ်ပါတယ်။ အက်ဒ်မင်ကိုယ်တိုင်တောင် ငယ်စဉ်ကကြောက်တာရော ရှက်တာရော နားမလည်တာရောကြောင့် နှုတ်အား၊ လက်အားဖြင့် ကျူးလွန်ခံခဲ့ရတာတွေရှိပါတယ်။ အဲဒီအရွယ်မှာ ရှက်စိတ်ကြောက်စိတ်ကြောင့် ကျူးလွန်သူကို တန်ပြန်ဆန့်ကျင်ခြင်းမရှိဘဲ ရှောင်ပြေးတာ လူသိမခံဝံ့တာမျိုး ဖြစ်ခဲ့ပါတယ်။ တကယ်က ဒီလိုလူယုတ်မာတွေ နောက်ထပ်မကျူးလွန်ရဲအောင် ပြန်လှန်တိုက်ခိုက်ခြင်း၊ လူအများသိအောင် ထုတ်ဖော်ခြင်းတို့ကို လုပ်ပေးရမှာပါ။ အခု နားလည်လာတဲ့အချိန်မှာတော့ ဒီလိုစော်ကားသူတွေကို ရှောင်မပြေးတော့ဘဲ တန်ပြန်တိုက်ခိုက်တာ၊ လူသိအောင် အသံမာမာနဲ့ အော်တာမျိုး လုပ်ပါတယ်။

ဒါကြောင့် အက်ဒ်မင်က အက်ဒ်မင်ငယ်စဉ်က ကြုံခဲ့ရသလို ယောင်းတို့ မကြုံရလေအောင် သတ္တိခွန်အားတွေ မျှဝေပေးချင်တာပါ။ ဒီလိုလူတွေကို ငြိမ်မခံသင့်ဘူးဆိုတာ ယောင်းတို့ကိုယ်တိုင်ရော၊ ယောင်းတို့ဝန်းကျင်က အစ်မ၊ ညီမ၊ သမီး၊ တူမလေးတွေကိုရော စိတ်ဓာတ်ခွန်အားပေးကြပါလို့ တောင်းဆိုပါရစေနော်။

ယောင်းတို့ စိတ်ဓာတ်ခွန်အားမြင့်မားကြပါစေဆုတောင်းရင်း ……

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed