ဟိမဝန္တာတောင်တန်းမှာ တွေ့ရတဲ့ Polyandry ခေါ် အထူးအဆန်းဓလေ့

မိန်းမတစ်ယောက်က ယောက်ျားတွေ အများကြီးယူတဲ့အခါ…

Polyandry ဆိုတာ ဂရိစကားလုံးတစ်လုံးဖြစ်ပြီး Poly – many (အများကြီး) aner – men (ယောကျာ်း) ဆိုတဲ့စကားလုံးကနေ ဆင်းသက်လာပါတယ်။  မိန်းကလေးတစ်ဦးက တစ်ယောက်ထက်ပိုတဲ့ လင်ယောကျာ်းကို တပြိုင်နက်ယူထားခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ နှင်းတို့ရဲ့ ပုံမှန် လူမှုဘဝမှာတော့ ဒါကို လူမှုရေးဖောက်ပြန်တယ်လို့ ပြောကြတယ်ဆိုပေမဲ့ ဟိမဝန္တာတောင်တန်းမှာတော့ ဒါက ပုံမှန်ဓလေ့တစ်ခုပါပဲ။ ဘာလို့လဲ? ဘယ်လိုမျိုးစိတ်နဲ့ ဒီဓလေ့ကိုလက်ခံကြတာလဲ? သူတို့ယောကျာ်းတွေကရော သဝန်မတိုကြဘူးလား၊ ဘာလား ညာလား….

Polyandry
Polyandry ခေါ် အမျိုးသမီးတစ်ဦးက ယောကျာ်းအများကြီးယူတဲ့ ဓလေ့

အရမ်းပွင့်လင်းလွန်းပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေမှာတောင် လက်မထပ်ခင် ဘယ်သူနဲ့ဘယ်လို အတူနေနေ၊ လက်ထပ်ပြီးရင်တော့ တရားဝင် တစ်လင်တစ်မယားစနစ်ကို လက်ခံကျင့်သုံးကြပါတယ်။ အထူးသဖြင့် မိန်းကလေးဘက်က လူမှုရေးဖောက်ပြန်ရင် ရှုံ့ချတဲ့ မျက်လုံးတွေနဲ့ ပိုကြည့်တတ်တဲ့ လူမှုအသိုင်းအဝိုင်းက ဒီဓလေ့ကို စက်ဆုပ်စရာတစ်ခုလို့ ထင်မြင်ပေမဲ့ ဒါဟာ ဒီလူမျိုးစုအတွက်တော့ ပုံမှန်ဓလေ့တစ်ခုပါပဲ။

အစာရေစာရှားပါးတဲ့ အဲဒီဒေသမှာ မိသားစုတွေက အစုလိုက် နေတတ်ကြပါတယ်။ အဲဒီမိသားစုထဲမှာ မွေးချင်း သားယောကျာ်းလေးက တစ်ယောက်ထက် ပိုနေရင် အဲဒီ ညီအစ်ကိုအကုန်လုံးက မိန်းမတစ်ယောက်တည်းကိုပဲ ယူကြပါတယ်တဲ့။ ဘာလို့လဲဆိုတော့ မိန်းကလေးဦးရေအချိုးက ယောကျာ်းလေးထက် အရမ်းနည်းနေတဲ့အပြင် လယ်ယာတွေကို အမွေခွဲတဲ့အခါမှာလည်း တစ်ယောက်ချင်းစီကို ခွဲနေရင် ဘာမှ အဖတ်တင်မကျန်တော့မှာကို စိုးရိမ်တာရယ် နောက်ပြီး အစာရှာထွက်တဲ့ အချိန်မှာလည်း မိသားစုတစ်ခုချင်းစီအတွက် သီးသန့်စီရှာစရာမလိုတော့တာမို့ အစာရေစာရှားပါးမှုကို တစ်ဘက်တစ်လမ်းက လျှော့ချပေးနိုင်ပါတယ်။ နောက်ပြီး လူဦးရေ တိုးပွားမှုနှုန်းကိုလည်း လျှော့ချပေးနိုင်တာမို့ အဲဒီဓလေ့ကို သူတို့ရဲ့ လက်ရှိအခြေအနေအရရော နောက်မျိုးဆက်တွေပါ ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ဖို့အတွက် ကျေကျေနပ်နပ်ကြီး လက်ခံနေကြပါတယ်။ (တစ်ယောက်တည်းကို ယူထားတာဆိုတော့ နေတဲ့အခါမှာလည်း တစ်အိမ်ထဲမှာ အမျိုးတွေအားလုံးစုပြီး ပျော်တပြုံးပြုံးနဲ့ စုစုဝေးဝေး နေကြပါတယ်တဲ့။)

polyandry
မိန်းကလေးတစ်ယောက်တည်းက တစ်မိသားစုတစ်ခုလုံးမှာရှိတဲ့ ညီအစ်ကိုအားလုံးကို ယူရပါတယ်တဲ့

Related Article >>> မသိမမီလိုက်တဲ့ခေတ်က အမျိုးသမီးတွေအပေါ် ခွဲခြားထားခဲ့တဲ့ ဓလေ့များ

polyandry
သားသမီးတွေ မွေးလာရင်လည်း ကလေးအဖေက ဘယ်သူမှန်း သေချာမသိပါဘူးတဲ့

တစ်ယောက်တည်းကို ဝိုင်းပြီး ဝေစားမျှစား လုပ်ရတယ်ဆိုတော့လည်း အချိန်အကန့်အသတ်ဘာညာတော့ ရှိတာပေါ့နော်။ သူတို့ရဲ့လိင်မှုကိစ္စရေးရာကို နေ့တွေ အသီးသီး သတ်မှတ်ထားပါတယ်။ သူတို့သတ်မှတ်ပုံကတော့ ပထမဆုံး ပြက္ခဒိန်ကိုကြည့်ပြီး လတွေကိုခွဲ၊ တစ်ဦးတစ်ယောက်ချင်းစီက လိင်မှုကိစ္စကို ဘယ်နှစ်လ လုပ်ချင်တယ်ဆိုတာ ဆုံးဖြတ်ဖို့ရယ်၊ ကိုယ့်အလှည့်မှာ မိန်းကလေးကို ညှာတာဖို့ရယ်ပါပဲ။ တစ်ခါတလေမှာတော့ အဝေမတည့်တာမျိုးနဲ့ ကတောက်ကဆတွေဖြစ်ပြီး သဝန်တိုစိတ်တွေ ဖြစ်တတ်ကြပေမဲ့ သူတို့ရဲ့မျိုးဆက် ရေရှည်တည်တံ့ဖို့အတွက် မိသားစုတွေက ပြန်လည် ဖျောင်းဖျပြောဆိုတတ်ကြပြီး အဲဒီဓလေ့ကို အထွန့်တက်ခွင့်မရှိပါဘူး။

polyandry
မဟာဘာရတ္တကျမ်းထဲက ညီအစ်ကို ၅ ယောက်ကိုယူခဲ့သူ အိန္ဒိယမင်းသမီး Draupadi နှင့် သူမ၏ခင်ပွန်းများ
polyandry
ဟိုးအရင်ကတည်းက ဒီဓလေ့က ထွန်းကားခဲ့တာဖြစ်ပြီး ယနေ့တိုင်ထွန်းကားဆဲပါပဲ။

Related Article >>> ပျောက်ဆုံးသွားသော ဘဝများ

အဲဒီဓလေ့က ဟိမဝန္တာတောင်တန်းမှာ အခုချိန်ထိ ထွန်းကားနေဆဲဖြစ်တဲ့ ဓလေ့ပါ။ (အဘွား ဒေါ်တင်တင်စိန်ကို interview သွားမေးတုန်းက နှင်း ကြားခဲ့ဖူးသေးတယ်။) မိန်းကလေးတစ်ယောက်က ညီအစ်ကို ခုနစ်ယောက်ကိုယူထားတာတဲ့။) ပိုပြီး တိတိကျကျသက်သေပြလို့ရအောင် ရှာဖွေကြည့်လိုက်တော့ Dehradonလို့ခေါ်တဲ့ မြို့သေးသေးလေးမှာ Rajo Verma လို့ခေါ်တဲ့ အမျိုးသမီးက ညီအစ်ကို ၅ ယောက်ကို တရားဝင် လက်ထပ်ယူ ပေါင်းသင်းနေထိုင်ပါတယ်တဲ့။ တစ်ညကို သူတို့ညီအစ်ကိုတွေထဲက တစ်ယောက်နဲ့ အတူတူအိပ်ပြီး  ၁၈ လ အရွယ်ရှိနေပြီဖြစ်တဲ့ သူ့သားလေးရဲ့ ဖခင်အရင်းကလည်း ဘယ်သူဆိုတာ မသိပါဘူးတဲ့။ (သူ့အမေကလည်း ညီအစ်ကို ၃ ယောက်ကို လက်ထပ်ခဲ့သူပါလို့ ပြောပြသွားခဲ့ပါသေးတယ်။) သူ့ရဲ့ ယောကျာ်းတွေကလည်း ဒီလိုအတူတူနေကြလို့ သဝန်တိုစိတ်ဖြစ်တာမျိုးစတဲ့ ပြဿနာတွေ တစ်ခါမှမဖြစ်ဖူးဘဲ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝကိုပဲ တည်ဆောက်ကြပါတယ်တဲ့။

polyandry
Rajo Verma နှင့်သူမ၏ ခင်ပွန်းများ

နှင်းတို့ရဲ့ ပုံမှန်လူမှုပတ်ဝန်းကျင်က လက်ထပ်ခြင်းပုံစံနဲ့ကွာနေတဲ့အချက်တွေကတော့ အဲဒီဓလေ့ထဲမှာ အချစ်မပါ၊ သစ္စာတွေ မေတ္တာတွေလည်းမရှိဘဲ စီးပွားရေးအတွေးအမြင်၊ လူဦးရေတိုးပွားမှုကို ထိန်းချုပ်ခြင်း၊ ပမာဏတစ်ခုအထိ လျှော့ချခြင်း၊ စိတ်သာယာမှုကို ဖြေဖျောက်ခြင်း တို့ပဲပါဝင်နေပါတယ်။ (ဒါကြောင့် သဝန်မတို၊ ပြဿနာမတက်ကြတာကိုး)။ သူ့အမြင်နဲ့သူတော့ ကွဲလွဲကြမယ်ဆိုတော့ ဒီဓလေ့က မှားတယ်လို့မဆိုနိုင်သလို မှန်တယ်လို့လည်းလက်ခံလို့မရတဲ့ ဓလေ့မျိုးပါ။ ဗဟုသုတ အနေနဲ့တင်ဆက်တာမို့ ယောင်းတို့လည်း နားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

References : Wikipedia, Indian Women BlogIndia Trapp

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed