အနာဂတ်ရဲ့ သားကောင်းလေးတွေကို ဒီလို ပျိုးထောင်ပါ။

ကလေးတွေဆိုတာ တစ်နည်းပြောရရင် လောကရဲ့ အနာဂတ်တွေပဲ မဟုတ်လား..

ယောင်းတို့ရေ ကလေးတွေဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေမို့ သူတို့ကို ငယ်ငယ်တည်းက မှန်မှန်ကန်ကန် ပြုစုပျိုးထောင်ဖို့ အင်မတန်မှ အရေးကြီးလှပါတယ်။ နည်းလမ်းမှန်စေဖို့ အက်မင်က အောက်ပါနည်းလမ်းလေးတွေနဲ့ အကြံပြုလိုက်ပါတယ်နော်။

(၁) ပတ်ဝန်းကျင်ကောင်းမှာ ပျိုးထောင်ပါ
တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုးဆိုတဲ့ စကားပုံရှိသလိုပဲ ကလေးတွေရဲ့ အောင်မြင်မှုဟာ ပတ်ဝန်းကျင်ပေါ်မှာလည်း မူတည်နေပါတယ်။ မိခင်တစ်ဦးတည်းက ပေါက်ဖွားလာပေမယ့် ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကလေးတွေရဲ့ အနာဂတ်ဟာ ပြောင်းလဲမှုရှိပါတယ်။ ဒါကြောင့် မိမိကလေးကို အောင်မြင်စေချင်တယ်ဆိုရင် ပတ်ဝန်းကျင်ကောင်းမှာ ပျိုးထောင်ပါ။

(၂) နည်းလမ်းမှန်မှန်နဲ့ ကလေးကို ချီးကျူးပါ
စာမေးပွဲမှာ အမှတ်ကောင်းလို့ဆိုပြီး မချီးကျူးပါနဲ့။ သူ စာကြိုးစားခဲ့လို့ဆိုပြီး ချီးကျူးပါ။ ပြိုင်ပွဲမှာ အနိုင်ရလို့ဆိုတာထက် သူအကြိမ်ကြိမ်ကြိုးစားပြင်ဆင်ခဲ့တာကို ချီးကျူးပါ။ သူတို့ရလဒ်ကို ချီးကျူးတာထက် အဲ့ရလဒ်ရအောင် သူတို့ကြိုးစားအားထုတ်မှုကို ချီးကျူးပါ။

Related article >>> မိဘတို့ သတိပြုသင့်သော အုပ်ထိန်းမှု အမှား (၆)မျိုး

(၃) ကလေးကို ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးပါ
အိမ်အလုပ်တွေကို တစ်ဖက်တစ်လမ်းက ကူလုပ်ခိုင်းတာမျိုး၊ သူ့အိပ်ရာသူသိမ်းခိုင်းတာမျိုး၊ သူ့စာကြည့်စားပွဲကို သေသေသပ်သပ်ဖြစ်အောင် ထားခိုင်းတာမျိုး၊ သူ့အိမ်စာ သူ့ဘာသာလုပ်စေတာမျိုးတွေနဲ့ သူ့အားသူကိုယ်တတ်အောင် သင်ပေးပါ။ နောက်ပိုင်း သူကိုယ်တိုင်လုပ်ရတဲ့အရာတွေမှာ ယုံကြည်မှုရှိနေပါလိမ့်မယ်။

(၄) ကလေးကို ယုံကြည်ပေးပါ
ငယ်သေးတယ်ဆိုပြီး သူ့ခံစားချက် သူ့ထင်မြင်ချက်ကို လျစ်လျူမရှုပါနဲ့။ သူ့ကိုလည်း ပွင့်ပွင့်လင်းလင်းမေးပါ။ သူပြောပြတဲ့အခါမှာလည်း သေချာ နားထောင်ပေးပါ။ သူပြဿနာနဲ့ ရင်ဆိုင်ရတဲ့အခါ သူကိုယ်တိုင် ဖြေရှင်းခိုင်းပါ။ ဥပမာ ပြောရရင် ကလေး လမ်းလျှောက်သင်ခါစမှာ ကလေးခြေချော်လဲသွားတဲ့ အခါမျိုးကျ မထူပေးဘဲ သူကိုယ်တိုင် ထလာနိုင်အောင် ကလေးကို သင်ပေးပါ။ ပံ့ပိုးမှုပေးပါ။ သူလုပ်နိုင်မယ်ဆိုတာကို ယုံကြည်ပေးလိုက်ပါ။ ဒါမှအသက်ကြီးလာတဲ့အခါ သူကိုယ်ပိုင် ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်ချနိုင်ပါလိမ့်မယ်။

Related article >>> သိပ္ပံနည်းကျ ရင်သွေးပျိုးထောင်ခြင်း

(၅) ကလေးနဲ့ အချိန်ကုန်ဆုံးပေးပါ
အလုပ်ဘယ်လောက်ပဲများများ ကလေးအတွက် အချိန်ပေးပြီး ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးပေးဖို့ မမေ့ပါနဲ့။ ဒါဟာ သူ့ကို မိသားစုသည် ပထမဦးစားပေးဆိုတာကို သင်ပေးတာပါပဲ။ ဘာလို့ဆို ဘယ်လောက်ပဲ အောင်မြင်နေပါစေ မိသားစုကို အချိန်မပေးတဲ့အခါ ပျော်ရွှင်မှုဆိုတာ မရှိနိုင်တော့လို့ပါပဲ။

အနာဂတ်ခေါင်းဆောင်ကောင်းတွေကို မွေးထုတ်နိုင်ပါစေနော်။

Myat (For Her Myanmar)

References : Inc , Search All 

 

No Comments Yet

Comments are closed