အပျိုမှ ဂုဏ်ရှိသတဲ့လား .

အိမ်ထောင်သည်ဖြစ်သွားတာ၊ အိမ်ထောင်ကျဖူးတာက အမည်းစက်ကြီးတဲ့လား ….

အက်ဒ်မင်တို့ ငယ်ငယ်က အဒေါ်တွေ၊ အစ်မတွေက ဆုံးမလေ့ရှိတယ်။ မိန်းကလေးတစ်ယောက်မှာ အပျိုဂုဏ်ဆိုတာ ရှိသတဲ့လေ။ မိန်းကလေးတစ်ယောက်ဟာ အပျို (လက်မထပ်ရသေးသူ) ဖြစ်သနေသမျှ ဂုဏ်ရှိတယ်၊ တင့်တယ်တယ်တဲ့။ အပျိုလေးတစ်ယောက်က ဘယ်လိုလေးပဲ
ဝတ်စားဆင်ယင် ပြင်ဆင်ထားပါစေ။ တင့်တယ်တယ် လှတယ် ကြည့်ကောင်းတယ်။

အိမ်ထောင်သည်ဖြစ်သွားရင် အဲဒီလို တင့်တယ်မှုမရှိတော့ဘူးတဲ့။ အဲဒီတော့ အပျိုဂုဏ်ကို ထိန်းသိမ်းကြပါပေါ့နော်။ အဲလိုတွေ ဆုံးမတာပေါ့။ ငယ်ငယ်တုန်းက ဆိုတော့လည်း ဘာမှသိပ်မတွေးခေါ်တတ်သေးတော့ အဲဒီအယူအဆက မှန်တယ်လို့ အက်ဒမင်ထင်ခဲ့တာပေါ့။ ဒါပေမဲ့ အသက်ကြီးလာလို့ တွေးခေါ်တတ်လာမှ ဒါဟာ ဘယ်လောက်အထိ မှားတဲ့ အတွေးအခေါ်လဲ ဆိုတာ နားလည်သဘောပေါက်လာမိတယ်ယောင်းရေ။

တကယ်တော့လည်း မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အပျိုဖြစ်တာ၊ အိမ်ထောင်သည်ဖြစ်တာ၊ မုဆိုးမ တစ်ခုလပ် ဖြစ်တာတွေနဲ့ ဘာဆိုဘာမှမဆိုင်တာပါ။ လူတစ်ယောက်ရဲ့ ဂုဏ်ဆိုတာ ရိုးသားမှု၊ ကြင်နာမှု နဲ့ မေတ္တာတရား၊ လူလူချင်းလေးစားသမှု၊ မွန်ရည်တဲ့ အမူအရာနဲ့ နေထိုင်ပုံ၊ ကြိုးစားမှုနဲ့ အရည်အချင်း စတာတွေနဲ့ပဲ လုံးဝသက်ဆိုင်တာပါ။

အပျိုစင် ဘယ်လောက်ပဲစစ်နေပါစေ အဲဒီမိန်းကလေးဟာ လိမ်လည်လှည့်ဖျားတတ်သူ၊ အနိုင်ကျင့်တတ်သူ၊ ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး တစ်ဖက်သားကို စာနာရကောင်းမှန်းမသိသူ၊ ရိုင်းပြတဲ့ အနေအထိုင်အပြောအဆိုတွေရှိသူ၊ ကြိုးစားအားထုတ်မှုမရှိဘဲ ရေသာခိုအချောင်လိုက်တတ်သူ ဖြစ်နေရင် ဂုဏ်ရှိတယ်လို့ ဆိုနိုင်ပါဦးမလားလို့ အက်ဒ်မင်ပြောချင်ပါတယ်။ အပျိုပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ဂုဏ်မရှိစေတဲ့ လုပ်ရပ်တွေလုပ်နေရင် ဘယ်လိုတန်ဖိုးရှိတဲ့ အဝတ်အစားတန်ဆာတွေနဲ့ ဆင်ယင်ပြုပြင်ထားပါစေ ဂုဏ်သိက္ခာရှိတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ရပ်တည်နိုင်ပါဦးမလားလို့လည်း တွေးကြည့်စေချင်ပါတယ်။

မိန်းမတစ်ယောက်ဟာ အိမ်ထောင်သည် ဖြစ်သွားတာနဲ့ တစ်ပြိုင်နက် သူ့မှာ တန်ဖိုးထားစရာဘာမှမရှိတော့ဘူး ဆိုတဲ့ အတွေးအခေါ်ဟာ မြန်မာလူမျိုးတွေရဲ့ အတွေးထဲမှာ အရိုးစွဲနေတာကြာပါပြီ။ သာမန်လူနေမှုဘဝထဲက အမျိုးသမီးတွေကို မဆိုထားနဲ့ နာမည်ကျော်ရုပ်ရှင်မင်းသမီးတွေ၊ မော်ဒယ်လ်၊ အဆိုတော်တွေတောင်မှ အပျိုမဟုတ်တော့ရင် အားမပေးချင်တော့ဘူးလို့ အပြောခံနေရတာပါ။

Related Article >>> မသိမမီလိုက်တဲ့ခေတ်က အမျိုးသမီးတွေအပေါ် ခွဲခြားထားခဲ့တဲ့ ဓလေ့များ

အဲဒီမင်းသမီးက ကလေးအမေ ဖြစ်သွားပြီ ဟိုမင်းသမီးကတော့ အိမ်ထောင်ကျသွားပြီ။ အပျိုမင်းသမီးတွေကိုပဲ အားပေးမယ်ဆိုတဲ့ ကွန်မန့်မျိုးကို အနုပညာရှင်တွေရဲ့ Facebook Page တွေမှာ မန့်ကြတာကို မကြာခဏတွေ့ရပါတယ်။ မိခင်ဖြစ်သွားတဲ့ မော်ဒယ်လ်တစ်ယောက် ရှိုးလျှောက်တဲ့အခါ ပွဲစီစဉ်သူကို ” အဲဒီမင်းသမီးက အအိုကြီး၊ ဘာလို့ လျှောက်ခိုင်းတာလဲ “ပြောကြတာတွေရှိတယ်ဆိုတာ ဖက်ရှင်ရှိုးပွဲရဲ့ စီစဉ်သူတစ်ဦးက အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။

စတိတ်ရှိုးပွဲတစ်ခုမှာ အမျိုးသမီးအဆိုတော်တစ်ဦးက ပွဲစီစဉ်သူကို ကျွန်မက အပျို၊ သူက ကလေးအမေမို့ ကျွန်မကို အနုပညာကြေးပိုပေးရမယ် လို့ ပြောခံရဖူးကြောင်း အိမ်ထောင်သည်ကလေးတစ်ယောက်အမေ နိုင်ငံကျော်အဆိုတော်တစ်ဦးက ရင်ဖွင့်ခဲ့ပါတယ်။

ဒါတွေကို မြင်ရတွေ့ရတော့ အတော်ကိုစိတ်မသက်မသာဖြစ်မိပါတယ်။ မင်းသမီးတစ်ယောက်ဟာ သူ့ရဲ့လှပမှုတွေ၊ အနုပညာဝမ်းစာတွေ၊ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ
ရှိနေသမျှ သူက ပရိသတ်ချစ်တဲ့အနုပညာရှင်မဖြစ်ထိုက်ဘူးလား၊ မော်ဒယ်လ်တစ်ယောက်ကလည်း သူရဲ့ ခန္ဓာကိုယ်အချိုးအစားကို ထိန်းထားနိုင်သရွေ့ အောင်မြင်တဲ့ မော်ဒယ်လ်တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်ခွင့် ရသင့်တယ်မလား၊ အဆိုတော် ဆိုတာကလည်း သူ့အသံကောင်းနေသရွေ့၊ သီချင်းတွေကောင်းကောင်းဆိုနိုင်သရွေ့ သူ့အရည်အချင်းနဲ့ ထိုက်သင့်တဲ့ အနုပညာကြေးရသင့်တယ်မလား၊ အသက်မွေးဝမ်းကျောင်းတစ်ခုအတွက် လိုအပ်တဲ့ အရည်အချင်းမှန်သမျှပြည့်စုံနေပါလျက်နဲ့ အိမ်ထောင်သည်ဖြစ်နေတာကြောင့်ပဲ နှိမ့်ချဆက်ဆံခံရတယ်ဆိုတာကတော့ ဘယ်လိုမှ မဖြစ်သင့်တာနော်။

သားရှင်မိဘတွေကလည်း တစ်ခုလပ်၊ မုဆိုးမ မိန်းကလေးတစ်ယောက် ဘယ်လောက်ပဲ အရည်အချင်းရှိပြီး အနေအထိုင်ကောင်းမွန်နေပါစေ လူပျို ယောက်ျားလေးတစ်ယောက်နဲ့ တင့်တောင့်တင့်တယ်လက်ထပ်ဖို့ မထိုက်တန်ဘူးဆိုတဲ့ အစွဲရှိနေဆဲပါ။ အနောက်နိုင်ငံတွေမှာတော့ တစ်ခုလပ်ဖြစ်ပါစေ၊ မုဆိုးမ ကလေးအမေပဲဖြစ်နေပါစေ သူတို့နှစ်သက်သဘောကျရင် တင့်တင့်တယ်တယ် လက်ထပ်ယူကြသလို မိဘဆွေမျိုးအသိုင်းအဝိုင်းကလည်း တစ်ခုလပ်ဖြစ်လို့၊ မုဆိုးမဖြစ်လို့ သဘောမတူဘူးရယ်လို့ မရှိကြတာ ချီးကျူးစရာပါ။

လူဆိုတာ လူပါပဲ။ ယောက်ျား၊ မိန်းမ၊ အပျို၊ လူပျို၊ အိမ်ထောင်သည်၊ ဘယ်လူမျိုး၊ ဘာ ဘာသာ စတဲ့ အပေါ်ယံတွေကို ဖယ်ရှားလိုက်ရင် အားလုံးက လူသားတွေပါပဲ။ လူကို လူလို့မြင်ပြီး လူသားဆန်တဲ့ ပကတိတန်ဖိုးတွေကို တန်ဖိုးထားတတ်တဲ့ လူ့ဘောင်လောကကြီးဖြစ်ပေါ်လာပါစေလို့ ဆုတောင်းရင်း …..

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed