တိုင်းပြည်ရဲ့ တန်ဆာဆိုသော အမျိုးသမီးတို့ဆိုရာဝယ် ……

စာနာနားလည်မှုနဲ့ ကရုဏာတရားဟာ သူတို့နဲ့လည်း ထိုက်တန်ပါတယ်လေ…

အရပ်ထဲမှာ မကောင်းတဲ့မိန်းမ၊ စာတွေထဲမှာတော့ ပြည့်တန်ဆာ ဆိုပြီးခေါ်ဝေါ်တဲ့ အလုပ်အကိုင်ကို လုပ်ကြတဲ့ အမျိုးသမီးတွေရှိတာ ယောင်းတို့လည်း သိကြမှာပါနော်။ အများအားဖြင့်တော့ ဒီအမျိုးသမီးတွေဟာ လူ့ဘောင်လောကရဲ့စာနာခြင်းကို ရလေ့မရှိကြပါဘူး။ ယောက်ျားတွေကလည်း အလိုဆန္ဒပြည့်ဝရုံလောက်သာ ပတ်သက်ချင်ပြီး မိန်းမအချင်းချင်းလည်း နှာခေါင်းရှုံ့ခြင်း၊ ရှောင်ကွင်းခြင်းကို ခံစားရတဲ့အမျိုးသမီးတွေပေါ့။

တကယ်တော့ သူတို့တွေဟာလူ့ဘောင်လောကနဲ့ကင်းကွာလို့မရတာတော့အမှန်ပါ။ ဘုရားရှင်လက်ထက်တည်းက ရှိခဲ့ပြီး အဲဒီခေတ်အခါမှာတောင်မှ လူသူလေးပါးလေးစားခြင်းကို ခံခဲ့ရတဲ့ ပြည့်တန်ဆာအမျိုးသမီးတွေ ရှိခဲ့ပါတယ်။ မြန်မာဘုရင်တွေလက်ထက်မှာလည်း ဘုရင်တွေကိုယ်တိုင် ခွင့်ပြုခဲ့တဲ့ ဆောင်ကြာမြိုင်တွေရှိခဲ့သလို ဘုရင်တွေ၊ မင်းသားတွေတောင် မိဖုရား၊ မောင်းမတွေ တစ်ပုံကြီးရှိတဲ့ကြားက သွားရောက်တွေ့ဆုံကြသည်အထိ နာမည်ကြီးတဲ့ ပြည့်တန်ဆာတွေ ရှိခဲ့ပါတယ်။

ဒီဘက်ခေတ်မှာတော့ မြန်မာနိုင်ငံမှာ ပြည့်တန်ဆာတွေကို တလေးတစားဆက်ဆံဖို့မပြောနဲ့ သာမန်လူလိုတောင် မဆက်ဆံလိုကြပါဘူး။ ဒါဟာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေ တွေ့ကြုံရတဲ့အခက်အခဲတွေထဲက တစ်ခုဖြစ်ပါတယ်။

ပြည့်တန်ဆာအမျိုးသမီးတွေအနေနဲ့ ဘာကြောင့် ဒီအလုပ်ကို လုပ်ရလဲဆိုတဲ့ အကြောင်းရင်းကို လူ့ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းကတော့ ငွေလွယ်လွယ်ရလို့ လုပ်တယ်လို့ စွပ်စွဲတတ်ကြပါတယ်။ ဒီအဆိုက တကယ်တမ်းမှာတော့ ရာနှုန်းပြည့်မမှန်ကန်ပါဘူး။ ပြောနိုင်တာတစ်ခုက ပြည့်တန်ဆာအလုပ်ဟာ ထင်သလောက်မလွယ်ကူလှပါဘူး။ သူတို့ခန္ဓာကိုယ်နဲ့ ရင်းပြီးရှာလို့ရတဲ့ငွေကို ဖြတ်ယူတဲ့ ပြည့်တန်ဆာခေါင်းတွေရှိပါသေးတယ်။ လိုင်းကြေးဆိုတာတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပေါ့။

အကျင့်မကောင်းတဲ့ ဖောက်သည်တွေနဲ့ တွေ့ရင်လည်း သူတို့လှည့်စားခံရပါသေးတယ်။ ပျော်ပါးပြီးပိုက်ဆံမပေးတာ၊ တစ်ယောက်တည်းနဲ့ ပျော်ပါးရမယ်ဆိုပြီးခေါ်သွား ဟိုရောက်မှ သုံးလေးယောက်ဖြစ်နေတာ၊ အားလုံးနဲ့ပျော်ပါးပြီးမှ ပိုက်ဆံသူတို့ပေးချင်သလောက်ပေးတာ စတာတွေ ရှိပါတယ်။ တချို့ဆို ပျော်ပါးပြီး ငွေမပေးရုံမက ပြည့်တန်ဆာကိုရိုက်နှက်ပြီး ပစ္စည်းလုယူသည်အထိကို ရှိပါတယ်။ ဒီလိုကိစ္စတွေကြုံရတဲ့ ပြည့်တန်ဆာတွေဟာ ဘယ်ကိုမှလည်း တိုင်တန်းလို့မရပါဘူး။ သူတို့လုပ်ငန်းကတရားမဝင်ဘူးလေ။

Related Article>>> ဘုရင်မကြီး အဲလစ်ဇဘက်ရဲ့ ဂုဏ်ပြုစာရင်းထဲထိ ပါခဲ့တဲ့ ထူးချွန်သူ ပြည့်တန်ဆာအမျိုးသမီး

ဒီလို ဒုက္ခတွေရှိတယ်ဆိုရင် ဘာလို့ပြည့်တန်ဆာလုပ်မှာလဲ။ တခြားအလုပ်ပြောင်းလုပ်ကြည့်ပါလားလို့ ယောင်းတို့ကပြောမယ်ဆိုလည်း မှန်ပါတယ်။ မေးစရာရှိတာက သူတို့ပြည့်တန်ဆာဘဝကို စွန့်ခွာခဲ့ရင်ရော လူ့အသိုင်းအဝိုင်းကလက်ခံမှာလားဆိုတဲ့ မေးခွန်းပါ။ ပြည့်တန်ဆာအမျိုးသမီးတစ်ယောက်က သာမန်မိန်းကလေးတွေလို အလုပ်လုပ်ကိုင်နေပြီဆိုရင် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက သူ(မ)ကို သာမန်လူတွေလို ဆက်ဆံပေးမှာလား၊ အပေါင်းအသင်းလုပ်မှာလား၊ သူ(မ)ရဲ့အတိတ်ကိုပဲ ပြန်ပြန်ထောက်ပြပြီး စော်ကားနှိမ့်ချမှုနေတာမျိုးတွေ မလုပ်ဘဲ နေပေးကြမှာလားဆိုတာ စဉ်းစားစရာပါ။ နောက်ပြီး လုပ်ငန်းရှင်တွေကရော သူတို့အတိတ်အကြောင်းကိုသိခဲ့ရင် အလွယ်တကူအလုပ်ပေးမှာလား ဒါတွေ တွေးကြည့်ပါဦး။

သူတို့တွေကို လက်တွဲခေါ်တာမျိုး မလုပ်ခဲ့ရင်၊ သာမန်ထဲက သာမန်လို မဆက်ဆံခဲ့ရင် သူတို့ဟာ သူတို့လောကကိုပဲ အလွယ်တကူ ပြန်ရောက်သွားပါလိမ့်မယ်။ သူတို့ဟာ ဒီဘဝကို သူတို့သဘောဆန္ဒအရ ရွေးချယ်သည်ဖြစ်စေ၊ သူတို့ဆန္ဒမပါဘဲ ဖြစ်ခဲ့သည်ဖြစ်စေ သူတို့ဘဝကို ပြန်လည်ပြင်ဆင်ခွင့် (သို့မဟုတ်) ဒုတိယအခွင့်အရေးဆိုတာ သူတို့ ရထိုက်တဲ့ အခွင့်အရေးတစ်ခုပါ။

နောက်ထပ် အချို့ပြောကြတာတွေလည်း ရှိပါသေးတယ်။ ပြည့်တန်ဆာတွေကို ကယ်တင်လို့မရဘူး။ သူတို့ဟာ အဲဒီဘဝမှာပဲပျော်တယ် အဲဒီဘဝကိုပဲ ပြန်သွားကြတယ် ဆိုတာပါ။ ဒီစကားဟာ ပြည့်တန်ဆာအားလုံးကို ကိုယ်စားပြုတယ်လို့ အက်ဒ်မင်မမြင်ပါဘူး။ လူဆိုတာက အမျိုးမျိုးပေါ့ ယောင်းရယ်။ အဲဒီဘဝမှာပဲ ပျော်ပိုက်လို့ ပြန်ရောက်သွားသူတွေလည်း ရှိမှာပါ။ ပြန်မသွားချင်ဘဲ ပြန်သွားရတဲ့ ပြည့်တန်ဆာတွေလည်း ရှိပါတယ်။ ပြန်သွားရတဲ့ အမျိုးမျိုးသော အကြောင်းအရင်းတွေထဲမှာ အပေါ်က အချက်တွေလည်း ပါနိုင်တာပေါ့။

အက်ဒ်မင့်အနေနဲ့ ပြည့်တန်ဆာအလုပ်ကို တမင်ရွေးချယ်တဲ့ အမျိုးသမီးတွေကို အပြစ်မမြင်ပါဘူး။ ဒါဟာ ကိုယ့်ရဲ့ကာမကို တန်ရာတန်ကြေးနဲ့ ရောင်းတာမို့ သမ္မာအာဇီဝအလုပ်တစ်ခုလို့မြင်ပါတယ် (ဒါတော့ အက်ဒ်မင်တစ်ယောက်တည်း အမြင်ပေါ့) ။ ကမ္ဘာမှာလည်း ပြည့်တန်ဆာအလုပ်ကို တရားဝင်ခွင့်ပြုထားတဲ့နိုင်ငံတွေ အများကြီးရှိသလို တိုင်းပြည်ဝင်ငွေကို ပြည့်တန်ဆာလုပ်ငန်းကအထောက်အကူပြုတာတောင်ရှိပါတယ်။ ဘယ်အရာမဆို ရောင်းသူရှိမှ ဝယ်သူရှိတာမို့ ပြည့်တန်ဆာတွေကို ယောက်ျားတွေက မလိုအပ်တော့ဘူးဆိုတဲ့ တစ်နေ့မရောက်မချင်း ပြည့်တန်ဆာလုပ်ငန်းဟာ တရားဝင်ခွင့်ပြုသည်ဖြစ်စေ မဖြစ်စေရှိနေဦးမှာပါ။ (ဒါတော့ ငြင်းလို့မရတဲ့ အမှန်တရားပေါ့… ခါးတော့ခါးပေမဲ့)

တစ်ဘက်က ကြည့်ရင်လည်း ဒီဘဝကို မရောက်ချင်ဘဲ ရောက်ရသူတွေ မရှိရလေအောင် တားဆီးရမှာပါ။ အက်ဒ်မင်ကြည့်ဘူးတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုမှာ ဘဝအိပ်မက်ကိုယ်စီရှိကြတဲ့ ပြည့်တန်ဆာအမျိုးသမီးလေးတွေအကြောင်းကို တင်ပြထားတာ သနားစရာပါ ယောင်းတို့ရယ်။ အဲဒါကြောင့် ဘဝအကြောင်းမလှလို့ ပြည့်တန်ဆာဖြစ်ရရှာသူ အမျိုးသမီးငယ်လေးတွေကို စာနာစိတ်ထားပြီး ဖေးမကြပါလို့ ယောင်းတို့ကို အကြံပြုရင်းနဲ့ ဒီဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေနော်။

Sugar Cane (For Her Myanmar)

No Comments Yet

Comments are closed