ဝိဉာဉ်တို့ရဲ့ ကလဲ့စားလေလား? အတိတ်က အရိပ်မည်းလား?

ကိုယ့်ကလေးတောင် ကိုယ်မပိုင်တဲ့ ဘဝမှာ.. 🙁

အိုက်မေတစ်ယောက် အိမ်ထဲမှာ ကစားနေတုန်း အိမ်ရှေ့မှာ ရုတ်ရုတ်သဲသဲဖြစ်သံကြားလို့ ထွက်ကြည့်မိသည်။ ယူနီဖောင်းဝတ်ထားသော လူတစ်စုက အိုက်မေတို့ မျက်နှာချင်းဆိုင်အိမ်က တန်ဖိုးကြီးပစ္စည်းများကိုသယ်ထုတ်ကာ ကားပေါ်တင်နေကြသည်။ ထိုအိမ်က တစ်ခြားအိမ်မဟုတ်၊  အိုက်မေ၏ ကစားဖော်သူငယ်ချင်း မိန်မိန်တို့ အိမ်။ အိုက်မေတစ်ယောက် ကိုယ့်အိမ်ထက် မိန်မိန်တို့အိမ်တွင် အနေပျော်သည်။ ရွယ်တူသူငယ်ချင်းလည်း ရှိသည့်အပြင် အထိုက်အလျောက် အဆင်ပြေသည့် အိမ်မို့ ကစားစရာများက အစုံအလင်။ ဒါတင်မကသေး မိန်မိန့်အမေ ဒေါ်လေးကျန်းကလည်း သဘောကောင်းလှသည်မို့ ကျန်းအိမ်ကအိုက်မေအတွက် စားအိမ်သောက်အိမ်ဖြစ်နေတော့သည်။

မိန်မိန်တို့အိမ်ကို မရောက်ဖြစ်တာ တစ်လလောက်ရှိရော့မည်။ ဒေါ်လေးကျန်းမီးဖွားနေသည်ဆို၍ အမေက အိုက်မေကို မိန်မိန်တို့အိမ် မသွားခိုင်း။ မိန်မိန်ကသာ ကြိုကြားကြိုကြားလာလည်သည်။ ထိုနေ့ကလည်း မိန်မိန်လာလည်မည်ကို စောင့်ရင်း လန့်စရာမြင်ကွင်းကို မြင်လိုက်ခြင်းဖြစ်သည်။ ဒေါ်လေးကျန်းက လသားပင်မရှိသေးသော ကလေးလေးကို ပိုက်ရင်း အိမ်ထဲကပစ္စည်းများ သယ်ထုတ်သွားသည်ကို အားငယ်စွာရပ်ကြည့်နေရှာသည်။ မိန်မိန်ကလည်း ဒေါ်လေးကျန်းနောက်မှာ ကုပ်ကုပ်ကလေးပုန်းရင်း အိမ်ကိုမွှေနှောက်ရှာဖွေနေသော လူများကို မျက်လုံးလေးအဝိုင်းသားနှင့်ကြည့်နေသည်။ ထိုလူများကမူ မျက်နှာတွင် သနားခြင်းအားနာခြင်းမျိုး အလျဉ်းမရှိ၊ စက်ရုပ်များလို လုပ်စရာရှိတာဆက်လုပ်သည်။ ခဏကြာတော့ ထိုအုပ်စု၏အကြီးအကဲဖြစ်ဟန်တူသော လူက

‘ဥပဒေကို ချိုးဖောက်ရင် အပြစ်ဒဏ်ခံရမှာပဲ’ ဟု ဒေါ်လေးကျန်းလက်ထဲက ကလေးလေးကို လက်ညှိုးတထိုးထိုးနှင့် ညွှန်ပြရင်း ငေါက်ငမ်းကာ ပြန်သွားတော့သည်။ ယခင်က နေချင်စဖွယ်ကောင်းသော ကျန်းမိသားစုအိမ်ကလေးသည် မွစာကြဲကာကျန်နေခဲ့ရှာသည်။

သိချင်စိတ်ကြောင့် အိုက်မေ အမေ့ကိုမေးမိသည်။

‘အဲဒီလူတွေကဘာလဲဟင်’

‘ဒေါ်လေးကျန်းက ဒုတိယကလေးမွေးလို့ မိသားစု စီစစ်ရေးက အပြစ်ပေးတာ’

‘ဒါဆို အိုက်မေကရော’

ထိုမေးခွန်းကို မေးရမည်။ အိုက်မေကလည်း မိသားစုတွင် ဒုတိယကလေးမဟုတ်လား။  အိုက်မေအရွယ်ရောက်တော့မှ ထိုအဖြေကိုသိရသည်။ အိုက်မေတို့ မိဘတွေက ကျောင်းဆရာ ဆရာမဖြစ်သည်။ အိုက်မေကိုမွေးတုန်းက အမေက ဆရာမပေါက်စ။ ဥပဒေအရဆို အစိုးရဝန်ထမ်းတွေက လုံးဝ ကလေးတစ်ယောက်ထပ် ပိုမမွေးရ။

ဥပဒေက နယ်ဘက်တွေမှာဖြေလျှော့ပေးထားသည်။ နယ်ဘက်တွင် တောင်သူတွေများသည်မို့ ပထမကလေးက မိန်းကလေးဖြစ်လျှင် ဒုတိယတစ်ယောက်ယူခွင့်ရှိသည်။ တောင်ယာလုပ်ဖို့အတွက်က လုပ်အားလိုသည် မဟုတ်လား။ ဒါပေမဲ့ သားဦးမွေးလိုက်ပြီးရင်တော့ ဒုတိယကလေးကို မမွေးအောင် အတင်းအကြပ်ထိန်းချုပ်တော့သည်။ သားအိမ်ထဲကို သန္ဓေတားသည့် ကိရိယာထည့်ထားသည်။ သားကြောအတင်းဖြတ်သည်။ ကိုယ်ဝန်ရှိမရှိ ပုံမှန်စစ်ဆေးသည်။ ကိုယ်ဝန်နုလျှင် အတင်းချုပ်ကိုင်ကာ ဆေးရုံကိုခေါ်သွားပြီး ဖျက်ချကြသည်။ ကိုယ်ဝန်ကို တိတ်တဆိတ်ဆောင်ထားလို့ ရင့်မှ စစ်ဆေးတွေ့လျှင် မိသားစုတစ်နှစ်စာဝင်ငွေ၏ ဆယ်ဆနှင့်ညီမျှသော ဒဏ်ကြေးဆောင်ရသည်။ မပေးဆောင်နိုင်လျှင် ကလေးကို မိဘမဲ့ဂေဟာ အတင်းပို့သည်။ ဒီလိုမှမဟုတ်ခဲ့ရင်တော့ ကလေးမှာ တရားမဝင်နိုင်ငံသားအဖြစ်ကို ရောက်ရရှာသည်။ မြို့နေလူတန်းစားတွေမှာတော့ သမီးမိန်းကလေးမွေးလျှင် ကံဆိုးမှုကြီးတစ်ခုလိုပင်။ မိသားစုမျိုးဆက်ပြတ်မည်ကို စိုးရိမ်သောကြောင့် သမီးမိန်းကလေးများကို မွေးမွေးချင်း စွန့်ပစ်ကြသည်။ မွေးကင်းစကလေးသေဆုံးမှုက တဖြည်းဖြည်းမြင့်တက်လာကာ ထိုအထဲတွင် သေဆုံးသောကလေးအများစုမှာ မိန်းကလေးများဖြစ်သည်။

အိုက်မေက ကံကောင်းလှသည်။ အမေတို့မိသားစုကရှေးရိုးဆန်တော့ သားသမီးများလေ ကံကောင်းလေ စီးပွားတိုးတက်လေဟူသည့် အယူအဆကို လက်ကိုင်ထားသည်။ ဒါကြောင့် အမေက သားဦးရှိပြီးသော်လည်း နောက်ထပ် တိတ်တဆိတ် ကိုယ်ဝန်ဆောင်သည်။ ကိုယ်ဝန်နုစဉ်က စစ်ဆေးရေးများလာလျှင် နည်းမျိုးစုံသုံး၍ ရှောင်ပြေးရသည်။ သေတ္တာထဲဝင်ပုန်းပြီး နယ်က မိဘအိမ်ကိုသွားသည်ဟု အဖေက စစ်ဆေးရေးကို လှည့်ထုတ်သည်။ ပြေးတစ်လှည့် ပုန်းတစ်လှည့်နှင့် စစ်ဆေးရေးတွေ အမေ့ကိုယ်ဝန်ကို သိသွားချိန်မှာတော့ ဖျက်ချရန် အချိန်နှောင်းသွားပြီ။ ဒီလိုနှင့်အိုက်မေကိုမွေးခဲ့သည်။

Related Article >>> လွဲမှားတဲ့ အလှစံနှုန်းတစ်ခုအောက်မှာ သားကောင်ဖြစ်ခဲ့ရသူ အဘွားအို

ထို့နောက် နောက်ဆက်တွဲ အကျိုးဆက်များ လာတော့သည်။ အစိုးရဝန်ထမ်းများအတွက် ပိုပြီးတင်းကြပ်တဲ့ ဥပဒေမို့ အဖေရော အမေရော အလုပ်ထွက်ရတော့သည်။ ပင်စင်လစာကို ဆုံးရှုံးသည့်တိုင် ဒေါ်လာ ထောင်ချီလည်း ဒဏ်ငွေဆောင်ရသေးသည်။ ပုံမှန်ဝင်ငွေမရှိဘဲ မြို့မှာနေရန် မလွယ်၊ စရိတ်စကကြီးလှသည်မို့ နောက်ဆုံး အဘွားတို့ရှိတဲ့ နယ်ကိုပြောင်းနေကြရတော့သည်။  အိုက်မေတစ်ယောက်အတွက် ပေးဆပ်ရသည်များက မနည်းမနော။

အိုက်မေကို ကိုယ်ဝန်မဆောင်ခင် မိသားစုစိစစ်ရေးနဲ့ ကြုံတွေ့ခဲ့ရသောဖြစ်ရပ်ကို အမေပြောပြဖူးသည်။

‘စစ်ဆေးရေးတွေက လာချင်တဲ့အချိန်လာတာ၊ ညသန်းခေါင်လည်း လာဖမ်းတတ်တယ်၊ ဘာမှမပြင်ဆင်နိုင်တဲ့အချိန်လေ၊ တမင် အငိုက်ဖမ်းတာပေါ့။ သူတို့လာပြီဆို တစ်ရွာလုံးရုတ်ရုတ်သဲသဲဖြစ်တော့တာပဲ။ ရှိသမျှ ကလေးမွေးပြီးတဲ့ အိမ်ထောင်သည် အမျိုးသမီးတွေကို အတင်းကြမ်းကြမ်းတမ်းတမ်းဆွဲခေါ်၊ နွားတွေကို သားသတ်ရုံကို ဆွဲခေါ်သလို ကားပေါ်ဆွဲတင်၊ ငိုတဲ့သူကငို၊ အော်တဲ့သူကအော်၊ ဆဲတဲ့သူကဆဲနဲ့ ကမ္ဘာပျက်သလိုပဲ။ ကားကလည်း သက်တောင့်သက်သာရှိဖို့ဝေးစွ၊ ကုန်တင်ကားပေါ်မှာ သစ်သားပြားတွေခင်းထားတာ။ မနေ့ကအထိ နွေးနွေးထွေးထွေး ကိုယ့်ဝမ်းထဲမှာ လွယ်ထားတဲ့ ရင်သွေးလေးကို ညတွင်းချင်း အတင်းအဓမ္မဖျက်ချခံလိုက်ရတဲ့ သူတွေလည်း မရေတွက်နိုင်အောင်ပဲ။’

အိုက်မေတွင် မိန်မိန်အပြင် ကစားဖော်တစ်ယောက်ရှိသေးသည်။ ပုဇိုင်… နာမည်ရဲ့ အဓိပ္ပါယ်က ‘တကယ်မရှိသူ’…။ နာမည်အတိုင်းပဲ ပုဇိုင်ကို သူ့အိမ်က ဝှက်ထားကြသည်။ ပုဇိုင်အထက်တွင် အစ်မတစ်ယောက်ရှိသည်။ ပုဇိုင်တို့မိသားစုက တောင်သူများဖြစ်၍ ဒဏ်ငွေမဆောင်နိုင်။ ဒါပေမယ့် ပထမကလေးနှစ်ယောက်စလုံးက မိန်းကလေးဖြစ်နေတော့ သားလိုချင်သေးသည်။ ထို့ကြောင့် ပုဇိုင်ကို ဖျောက်ထားလိုက်ကြသည်။ စစ်ဆေးရေးများလာလျှင် ပုဇိုင်ကို ရွာနောက်ဘက်က မြက်တောထဲတွင်သွားပုန်းခိုင်းတတ်သည်။ အချိန်မမီလျှင် အိမ်ထဲက စဥ့်အိုးထဲ တွင်ဝှက်သည်။ နောက်တော့ ပုဇိုင်အမေမှာ တတိယကိုယ်ဝန်ရလာသည်။ သားလိုချင်သော်လည်း ကိုယ့်သွေးသားရင်းကို သူများလက်အပါမခံနိုင်တော့ ဝှက်ထားရုံအပြင် မတတ်နိုင်ကြရှာပေ။ အခုဆို တရုတ်ပြည်တွင် ပုဇိုင်လို တရားဝင်မွေးစာရင်းမရှိသော မိန်းကလေးပေါင်း သိန်းချီရှိသည်။

အိုက်မေတို့ရွာ၏ သနားစရာအကောင်းဆုံးလူကို ပြပါဆိုလျှင် အားလုံးက တညီတညွတ်တည်း အဘိုးလောင်ကို လက်ညှိုးညွှန်ပြကြလိမ့်မည်။ အဘိုးလောင်က အသက် ၈၀ နီးပြီ။ အဝတ်အစား နွမ်းနွမ်းဖတ်ဖတ်လေးဖြင့် ရွာအနှံ့လှည်းလေးတွန်းကာ အဟောင်းပစ္စည်းလေးတွေ လိုက်ဝယ်သည်။ အဘိုးလောင် စားသည့်ဟင်းကို တစ်ရွာလုံးမှန်အောင်မှန်းနိုင်သည်။ ဂေါ်ဖီဟင်းချို…။ တစ်နေကုန် အလုပ်လုပ်ပြီး ညနေရောက်လျှင် ရွာထိပ်ကအုတ်ခုံလေးမှာ သားဖြစ်သူကို မိုးချုပ်တဲ့အထိ မျှော်တတ်သည်။ နေ့တိုင်းမပျက်မကွက် ညနေတိုင်းထိုင်မျှော်သည်မှာ ဆယ်နှစ်လောက်ပင်ရှိရော့မည်။

သို့သော် သားဖြစ်သူက ဒီနေ့လည်းမလာ… မနက်ဖြန်လည်းမလာ… နောက်နှစ်လည်းမလာ…။ အဘိုးလောင်၏သားက မြို့တက်ပြီး စီးပွားရှာရင်း မတော်တဆမှုဖြင့် ဆုံးပါးခဲ့သည်မှာ ဆယ်နှစ်လောက်ရှိပြီ။ ရောဂါအခံရှိသော အဘိုးလောင်၏ဇနီးမှာလည်း မကြာခင်ဆုံးပါးရှာသည်။ ဒိုင်ခံရှာဖွေကျွေးမွေးမည့် သားကဆုံးပါးသွားသည်မို့ ချို့တဲ့မှုဒဏ်ကို မခံနိုင်ရှာလေလားမသိ။ အဘိုးလောင်တို့ ဇနီးမောင်နှံလို့ တစ်ဦးတည်းသော ကလေးကို ဆုံးရှုံးရသူများ၏ ဘဝနေဝင်ချိန်မှာ မျှော်လင့်ချက်မရှိ၊ ခါးသီးလှသည်။

အခုတော့ အိုက်မေတစ်ယောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီ။ ကုမ္ပဏီတစ်ခုမှာ အထက်လူကြီးအဖြစ်နဲ့ မိဘကို ကောင်းကောင်းပြုစုနိုင်သည်။ တစ်အိမ်ထောင် ကလေးတစ်ယောက် ပေါ်လစီလည်း မရှိတော့။ သို့ပေမဲ့ အရိပ်မည်းများက ကျန်နေရစ်သည်။ တိုးပွားလာတဲ့ ပြုစုစောင့်ရှောက်မယ့်သူမရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ sex doll တွေရောင်းအားကောင်းလာတာတွေ၊ လူငယ်အင်အား ချို့တဲ့မှု အပြင် တခြားနိုင်ငံက မိန်းကလေးတွေကို ခိုးဝယ်လို့ လူကုန်ကူးတဲ့ နိုင်ငံကြီးလို့ အမည်တွင်လာတာတွေ စသဖြင့်ပေါ့။ ဒါတွေဟာ မတရားသဖြင့် စတေးခံခဲ့ရတဲ့ သိန်းသန်းချီတဲ့ ဝိညာဉ်တွေရဲ့ ကလဲ့စားချေမှုများလား……

Bori (For Her Myanmar)

No Comments Yet

Comments are closed