လက်ထပ်ခြင်းက အသက်အရွယ်နဲ့ မဆိုင်ဘူးတဲ့လား

မိန်းကလေးဖြစ်လာရတာ အဖိနှိပ်ခံဖို့ သက်သက်ပဲလား?

ယောင်းတို့ နှင်းတို့တွေ အေးအေးသက်သက်သာသာနဲ့ အလုပ်လုပ်ပြီး လူတစ်ယောက်ရဲ့ အခွင့်အရေးကို အပြည့်အဝ ခံစားနေတဲ့အချိန်မှာ တချို့သောနိုင်ငံတွေရဲ့ အမျိုးသမီးလေးတွေဟာ ၁၈ နှစ်မတိုင်ခင် အိမ်ထောင်ပြုပြီး တခြား ကိုယ်နဲ့သွေးမတော် သားမစပ် အိမ်ရဲ့ ချွေးမ၊ အိမ်ထောင်ရှင်မ ဖြစ်နေရပါတယ်။  နိုင်ငံတော်တော်များများမှာ၂ စက္ကန့်တိုင်း အသက်မပြည့်သေးတဲ့ မိန်းမငယ်လေးတစ်ယောက် လက်ထပ်နေရပါတယ်။

လက်ထပ်ရတဲ့ အကြောင်းအရင်းကလည်း လိင်အဆင့်အတန်းခွဲခြားတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ မိန်းကလေးတွေရဲ့ ဝဋ်ကြွေးပေါ့။ ဒီလိုမိသားစုတွေမှာ သားမွေးရင်တော့ ထောက်ပံ့ပေးရတာ ဝန်ပိုလို့မထင်ကြပေမဲ့ သမီးမိန်းကလေးမွေးလာရင်တော့ ဝန်ထုပ်ဝန်ပိုးလို့ သတ်မှတ်ကြပါတယ်။ အဲဒီတော့ အရွယ်မရောက်သေးခင် (အသက် ၁၁- ၁၅) လောက်ဆို သူ(မ) ထက်အသက်ကြီးတဲ့ လူကြီး ဒါမှမဟုတ် လူငယ်ယောကျာ်းလေးကို အတင်းလက်ထပ်ပေးစားတာခံရပြီး လက်ထပ်ပြီးတာနဲ့ တစ်ဖက်အိမ်ရဲ့ ပိုင်ဆိုင်မှုပြယုဂ်တစ်ခု ဖြစ်သွားခဲ့ပါတယ်။

child marriage
ပန်းကုံးသီထားတဲ့ အချုပ်အနှောင်ကြိုးကွင်း

Related Article >>> အဆိုးရွားဆုံး အနိုင်ကျင့်ခံခဲ့ရပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ အားလုံးကို ကျော်လွှားနိုင်ခဲ့တဲ့ မိန်းကလေး

ဒီသတို့သမီးလေးမှာ သူ့ရဲ့ခင်ပွန်းဖြစ်လာမယ့် ယောကျာ်းက ဘယ်သူဘယ်ဝါမှန်းမသိရ၊ အိုအိုပျိုပျို မိဘကပေးစားတဲ့ လူတစ်ယောက်ကို သတ်သတ်မှတ်မှတ်ယူလိုက်ရုံပါပဲ။ လောကကြီးအကြောင်းဘာမှမသိခင်၊ လူတွေအကြောင်း ဘာမှမသိခင်၊ နောက်ဆုံး လိင်မှုကိစ္စအကြောင်း ဘာဆို ဘာမှ မသိသေးခင် အတင်းအကြပ် အိမ်ထောင်မှုကို ပြုလိုက်ရတဲ့အခါ ကျန်းမာရေး၊ လူမှုရေး စသည်ဖြင့် အစစအရာအရာမှာ နောက်ကောက်ကျကျန်ခဲ့ပြီး သူ(မ) ဘဝကလည်း သူများမိသားစုလက်ခုပ်ထဲက ရေပဲဖြစ်သွားတတ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်လေးလက်ဝန် ရှိလာတဲ့အခါမှာလည်း ဒီမိန်းမငယ်လေးရဲ့ ကျန်းမာရေးကို တော်တော်ထိခိုက်စေတာပါ။

child marriage
မိန်းမငယ်လေးနဲ့ သူ(မ) ရဲ့ကလေး
child marriage
မိခင်ကိုယ်တိုင်ဆင်မြန်းပေးတဲ့ ခြုံပဝါ
child marriage
မင်္ဂလာပွဲ

တကယ်တမ်းကျတော့ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်ခြင်းပါ။ ဘာမှမသိတတ် နားမလည်သေးတဲ့ အရွယ်မှာ ဘဝရဲ့ အရေးကြီးဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်တဲ့ လက်တွဲဖော်ရွေးချယ်ခြင်းကို သူ(မ) ရဲ့ သဘောဆန္ဒမပါဘဲ လွယ်လင့်တကူ အိမ်ထောင်တစ်ခု တည်ဆောက်ခိုင်းတာဟာ ပြစ်မှုမြောက်တဲ့ လုပ်ရပ်တွေပါ။ ဒါပေမဲ့ အံ့သြစရာကောင်းတာတစ်ခုက ဒီမိန်းကလေးငယ်လေးတွေ ကိုယ်တိုင်လည်း ပုံမှန်ကိစ္စတစ်ခုလို့ပဲ သတ်မှတ်ပြီး ယူလိုက်ကြတာပါ။ ဘာလို့ ဒီလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ခိုင်းတာလဲလို့ သုတေသနပညာရှင်တွေ လေ့လာဆန်းစစ်ကြတော့ ဒီလိုအကြောင်းပြချက်တွေ ထွက်လာပါတယ်။

(၁) တချို့သောမိသားစုတွေမှာ သမီးမိန်းကလေးက မိသားစုရဲ့ တာဝန်အပိုတစ်ခုအနေနဲ့ကလွဲပြီး တန်ဖိုးမရှိပါဘူး။ အကယ်၍ ဒီမိသားစုက သာမန်ထက်ပိုပြီး ဆင်းရဲတယ်ဆိုရင် အဲဒီမိန်းကလေးက အရွယ်မတိုင်ခင် အိမ်ထောင်ကျဖို့ ရာခိုင်နှုန်း အများကြီး ပိုများပါတယ်။

(၂) အရွယ်မတိုင်ခင် လက်ထပ်ခြင်းက တချို့ဒေသတွေမှာ ရိုးရာတစ်ခုလိုဖြစ်နေပါတယ်။ လက်ထပ်ခိုင်းတဲ့ မိဘကလည်း ပုံမှန်လုပ်နေကျကိစ္စတစ်ခုလိုပဲ သဘောထားသလို လက်ထပ်ရတဲ့သားသမီးကလည်း ထမင်းစားရေသောက်ကိစ္စလိုပဲ လွယ်လွယ်လေးလုပ်ကြတာပါ။ ဒါရိုးရာကိုးတဲ့။

(၃) များသောအားဖြင့် ဒီနိုင်ငံတွေက သမီးမိန်းကလေးရဲ့ အပျိုပန်း(Virganity) ကို အသက်တမျှတန်ဖိုးထားကြပါတယ်။ ဒါကို ဆုံးရှုံးသွားရင် အဲဒီမိန်းကလေးရဲ့ဘဝက မြောင်းထဲရောက်သွားတယ် ဆိုတဲ့သဘောပေါ့။ ရာသီသွေးစလာတဲ့အချိန် သူ(မ) လေးမှာ ရည်းစားသနာတွေ ရှိလာလို့ တစ်ခုတစ်စုံဖြစ်သွားမယ်ဆိုရင် ပေးစားလို့မရတော့ဘူးလို့ သတ်မှတ်ထားတာမို့ ငယ်ငယ်လေးနဲ့ ပေးစားကြတာပါ။ နောက်ပြီး အဓမ္မပြုကျင့်တဲ့ရန်ကနေလည်း တစ်ခါတည်း ကာကွယ်ပြီးသား ဖြစ်သွားမယ်လေ။ (အိမ်တွင်း အကြမ်းဖက်ခံနေရတာတော့ သူတို့သိမယ်မထင်ပါဘူး။)

child marriage
သူတို့ကတော့ လွတ်မြောက်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ တကယ်တမ်းကျတော့ အချုပ်အနှောင်က ခုမှစတာ

Related Article >>> မြောက်ကိုရီးယားက အမျိုးသမီးတွေရဲ့ ဘဝ

ဒီဓလေ့ကတော့ ယောင်းတို့အမြင်မှာ သိပ်ပြီး ထူးဆန်းတော့မှာမဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဖြစ်နေကျကိုး.. ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါ။ ကိုယ့်ကိုလာပေးစားတယ် သူဘယ်သူမှန်းမသိ ဘယ်လိုစိတ်ထားမျိုး၊ ဘာတွေဘယ်လို ရှိတယ်ဆိုတာလည်း တစ်စက်မှမသိ ဒီအတိုင်းယူလိုက်တာပဲ။ အိမ်တွင်းအောင်းပြီး နေလိုက်ရတာပဲ။ ဒီလိုစီစဉ်ထားတဲ့ လက်ထပ်ခြင်းကို ပုံမှန်ဖြစ်နေကျ သမားရိုးကျဖြစ်စဉ်တစ်ခုလို့ တွေးမယ့်အစား နည်းနည်းခွဲထွက်ပြီးအရင်မြင်ကြည့်လိုက်ပါ။ 

လူငယ်ဘဝမပြောနဲ့၊ ကလေးဘဝကတောင် မကျွတ်သေးတဲ့ ကလေးဘဝမှာ မိဘရင်ခွင်က ခွဲပြီး သူများအိမ်မှာ ချွေးမလုပ်ရမယ်ဆိုရင်၊ ငွေမပေးရတဲ့ ကျွန်ဘဝ အလိုလို ရောက်ရမယ်ဆိုရင်၊ အခွင့်အလမ်း၊ အိပ်မက် ဘာဆို ဘာမှမသိဘဲ ဘဝကို သူတစ်ပါးလက်ထဲ အပြည့်အဝ ထိုးထည့်ပေးလိုက်ရမယ်ဆိုရင် ဘယ်လိုများ နေမလဲလို့… ကိုယ့်ရင်ထဲကအသံကို နားထောင်ကြည့်ပြီးရင်တော့ ဒီလိုအသက်မပြည့်ဘဲ အတင်းအကြပ်ဘဝတစ်ခုထဲ ဆွဲပို့ခံရတဲ့ ကလေးတွေရဲ့ စကားသံကိုနားထောင်ကြည့်လိုက်ပါ။ သူတို့ရင်ထဲက ငိုသံကို ယောင်းရဲ့နားနဲ့ ဆတ်ဆတ် ကြားရပါလိမ့်မယ်။

Hnin Ei Oo (For Her Myanmar)

Reference Link : globalcitizengirlsnotbrides

No Comments Yet

Comments are closed