ဆုတောင်းမှားခဲ့မိပါတယ် အပိုင်း (၂)

“ဖောက်ပြန်ခြင်းဆိုတာ ခန္ဓာကိုယ်တစ်ခုက ခန္ဓာကိုယ်တစ်ခုကို လိုအပ်လို့ဖြစ်တဲ့အပြင် ဆုတောင်းတွေ မှားခဲ့ကြရင်လည်း ဖြစ်နိုင်ပါတယ် ဦးဆွေ…”

(၂)

မနက် ကျွန်တော်အိပ်ရာနိုးတော့ ကျွန်တော့်ဘေးမှာ ထက်ရှိမနေ။ ကျွန်တော်လည်း မျက်နှာသစ်၊ သွားတိုက် စသည့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပြီး အိပ်ခန်းထဲက ထွက်လာတော့ ထက်ကို မီးဖိုခန်းထဲမှာ တွေ့လိုက်ရသည်။

“မောင်…”

ကျွန်တော့်ကို မြင်လိုက်၍ ထက်ကလှမ်းခေါ်ခြင်းဖြစ်သည်။ ကျွန်တော်လည်း ထက်ရှိရာဆီ သွားရင်း မေးခွန်းတွေ မေးလိုက်သည်။ ဒီနေ့ဘာချက်လဲဆိုတာနှင့် ဒီမနက် ဘာစားရမလဲဆိုတာအတွက် ထုံးစံမပျက် ကျွန်တော့်မေးခွန်းတွေက ရိုးစင်းလွန်းပါသည်။ ကျွန်တော့် မေးခွန်းကို ထက်က မဖြေသေးဘဲ..

“မောင့်ကို ပြောစရာရှိတယ်။”

“အင်း ပြောလေ… ထက်ရဲ့… ဘာပြောမလို့လဲ။”

“ထက် ကိုယ်ဝန်ရှိနေပြီထင်တယ်။”

ထက်က မြန်မာဗီဒီယိုတွေထဲကလို ကျွန်တော့်နားနားကပ်ပြီး မပြောပါ။ သို့သော်လည်း ထက် အသံမှာ ရင်ခုန်စိတ်လှုပ်ရှားမှုတွေပါနေသည်ကို သတိထားမိသည်။

“တကယ်လားဟင်။ မောင်တကယ် ကလေးအဖေဖြစ်တော့မှာလား ထက်။”

“ဆေးတော့ မစစ်ရသေးဘူး။ ဒါပေမဲ့ ဟိုဟာမလာတာ နည်းနည်းကြာနေပြီ။”

“အဲ့ဒါဆို ညနေမောင်ရုံးကပြန်လာရင် ဆေးခန်းသွားပြကြမယ်လေ။”

“ဟင့်အင်း။ တစ်ယောက်တည်းပဲ သွားချင်တယ်။”

“တစ်ယောက်တည်းတော့ စိတ်မချပါဘူး။”

“အဲ့ဒါဆို ဘေးအိမ်က အန်တီ့ကို ထက်အဖော်ခေါ်သွားလိုက်မယ်။”

“ဟုတ်ပါပြီ။ အဲ့ဒါဆို တစ်ခုခုထူးရင် မောင့်ကို ဖုန်းဆက်နော်။ လောလောဆယ်တော့ ပင်ပန်းတာတွေ ဘာမှမလုပ်နဲ့တော့နော်။ ဒီနေ့ကစပြီး အိမ်အလုပ်တွေလည်း မောင်ပဲလုပ်မယ်။ ဆိုင်ကိုလည်း ကောင်မလေးတွေနဲ့ လက်လွှဲထားလိုက်။ ထက် အပြင်သိပ်မသွားနဲ့တော့နော်။”

“ကိုယ်ဝန်က ဘာမှန်းတောင် မသိသေးဘူး မောင်ရယ်။ ဘာမှမဖြစ်ပါဘူး။ ဒီနေ့တော့ ဟင်းချက်ပါရစေဦး။ မောင်လည်း ရုံးချိန်နီးနေပြီ။ ရုံးသွားဖို့ပြင်တော့နော်။”

ညနေ ကျွန်တော်ရုံးဆင်းချိန်မှာတော့ မျှော်လင့်ထားသည့်အတိုင်းပင် ထက်မှာ ကိုယ်ဝန်ရှိနေပြီဖြစ်သည်။ ဆရာဝန်က ပြောတာတော့ ကိုယ်ဝန် ၂ ပတ်ဟူ၍။ ကျွန်တော့်ဘဝမှာ ဒုတိယမြောက် အပျော်ရွှင်ဆုံး နေ့တစ်နေ့ပါပဲ။ ကျွန်တော်နှင့် ထက် နှစ်ယောက်ရဲ့ရင်သွေးလေး။ ကျွန်တော့် ရင်သွေးလေး…။

မမျှော်လင့်ထားသည့် ကိစ္စက ညကျတော့ တံခါးမခေါက်ဘဲ ကျွန်တော်တို့ဆီ ဝင်လာခဲ့သည်။ ထက်က ကိုယ်ဝန်ကို အကြောင်းပြကာ ကျွန်တော့်ကို အနားကပ်ခွင့်မပေးတော့ခြင်းဖြစ်သည်။ အစရက်ပိုင်းတွေမှာတော့ ကြီးကြီးမားမားမဟုတ်ချေ။ သို့သော် နောက်ပိုင်းရက်များတွင်တော့ ကျွန်တော့် စိတ်ဆန္ဒရဲ့ တောင့်တချက်၊ ကျွန်တော့် ခန္ဓာကိုယ်က နောက်ခန္ဓာကိုယ်တစ်ခုအပေါ် လိုအပ်ချက်တို့ မပြည့်စုံတော့တဲ့အခါ အရာရာတိုင်းအတွက် ကျွန်တော် ဘဝင်မကျတော့ချေ။

အဲဒီအချိန် ကျွန်တော့်ဘဝထဲကို နှင်းရောက်လာခဲ့သည်။ ကျွန်တော်နှင့် တစ်ဌာနတည်း အတူလုပ်ရမည့် လုပ်ဖော်ကိုင်ဖက်အဖြစ် နှင်းသည် အရာရာပြည့်စုံနေခဲ့သည်။ စသိခါစကတော့ နှင်းအကြောင်းဘာမှ သိပ်မသိခဲ့။ ကြာလာတော့မှ နှင်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး နှင်းအမျိုးသားမှာ စီးပွားရေးကို ပိုမိုအချိန်ပေးနေသောကြောင့် နှင်းအပေါ်ဂရုမစိုက်နိုင်ကြောင်း သိခဲ့ရပြီး ကျွန်တော့်လိုမျိုး နှင်းသည်လည်း ခန္ဓာကိုယ်တစ်ခုကို တောင့်တနေခြင်းဖြစ်သည်ကို သိလိုက်ရသည်။

ထို့ကြောင့် အိုးချင်းထားအိုးချင်းထိ၊ ကြိုးချင်းထားကြိုးချင်းငြိ ဆိုသလိုပင်။ ကျွန်တော်နှင့်နှင်း ဖောက်ပြန်ခြင်း လမ်းမပေါ်ကို လျှောက်လှမ်းလာခဲ့ကြသည်။ အခု ကျွန်တော့်သားလေးတောင် ၄ နှစ် ပြည့်ပြီဆိုတော့ ကျွန်တော်နှင့်နှင်း ဇာတ်လမ်းဟာလည်း ၅ နှစ်ဝန်းကျင်ခန့်ရှိလောက်ပြီဖြစ်သည်။ နှစ်ယောက်လုံး အလုပ်ထွက်ပြီးပြီ ဖြစ်ပေမဲ့ အချိန်ရရင်ရသလိုတော့ ရန်ကုန်မြို့လယ်ရှိ ဟိုတယ်တစ်ခုမှာ တွေ့နေမြဲဖြစ်သည်။ ဒီနေ့ညလည်း ကျွန်တော်နှင့် နှင်း ချစ်ပွဲဝင်ရန် အချိန်းအချက်ပြုလုပ်ထားပေသေးသည်။

Related Article >>> ဆုတောင်းမှားခဲ့မိပါတယ်

သေချာပြန်စဉ်းစားမိတော့မှ ဦးဆွေပြောတာတွေ ဟုတ်နေသည်။ ကျွန်တော်နှင့်နှင်း နှစ်ယောက်လုံးမှာ အသိပညာတွေရှိနေပေမဲ့ ကျင့်ဝတ်တွေ ဂုဏ်သိက္ခာတွေကို ထည့်မစဉ်းစားဘဲ အလိုဆန္ဒတစ်ခုတည်းအတွက် ခြားထားတဲ့ စည်းကို ဖြတ်ကျော်လာခဲ့ကြသည်။ ၅ နှစ်တာကာလရှိနေပြီဆိုပေမဲ့ ကျွန်တော့်အမှားကို ကျွန်တော် ပြန်သုံးသပ်မိတဲ့ ဒီအချိန်မှာ နောက်ပြန်ဆုတ်သင့်ပြီဆိုတာ ကျွန်တော် နားလည်ပြီဖြစ်သည်။ အမှားကိုသိပြီး အမှန်ကို ပြန်ပြင်လို့ရတဲ့ အခွင့်အရေးကို ဆုပ်ကိုင်ရမည်။ ဒီည နှင်း ဆီသွားကာ အဆက်ဖြတ် လမ်းခွဲရပေမည်။

ကျွန်တော် နှင်းရှိရာ ဟိုတယ်သို့ အမြန်မောင်းသွားလိုက်သည်။ ကျွန်တော်တို့ အမြဲတမ်းဆုံတွေ့ရာ အခန်း၊ ထိုအခန်းတံခါးရှေ့ ကျွန်တော်ရောက်တော့ တံခါးခေါက်လိုက်သည်။

“ဝင်ခဲ့လေ ကို။ နှင်း lock မချထားဘူး။”

တံခါးလက်ကိုင်ဘုကို အသာလှည့်ကာ အခန်းထဲဝင်လိုက်သည်။ အခန်းထောင့်ရှိ စားပွဲခုံပေါ်မှာ နှင်းက ဝိုင်တစ်ခွက်ကို သောက်ရင်း ကျွန်တော့်ကို စောင့်နေသည်။ နှင်း ကိုယ်ပေါ်တွင်တော့ အပေါ်အင်္ကျီများရှိမနေချေ။

“နောက်ကျလိုက်တာ ကိုရယ်… နှင်းဘယ်လောက်ထိကြာအောင် စောင့်နေရတယ်ဆိုတာ သိရဲ့လား။”

“Sorry ပါ နှင်း၊ ကို တောင်းပန်ပါတယ်။”

“ရပါတယ်။ ဘယ်လောက်ကြာကြာ နှင်းစောင့်နိုင်ပါတယ်။”

“မဟုတ်ဘူး နှင်း။ အခု ကို တို့လမ်းခွဲဖို့ အချိန်တန်ပြီနှင်း၊ ကို တို့ လျှောက်နေတဲ့ လမ်းဟာ ဖောက်ပြန်ခြင်း လမ်းမကြီးဖြစ်နေတယ်။ ကို တို့နှစ်ယောက်လုံး အလိုဆန္ဒတွေ ရမ္မက်တွေနောက်လိုက်ခဲ့ပြီး မှားခဲ့ကြပြီးပြီ။ အခု ကိုတို့ အမှားကို ပြန်ပြင်ကြရအောင်နော်။ အင်္ကျီပြန်ဝတ်ပြီး ကြယ်သီးတွေ တပ်လိုက်တော့နော်။ ကို တို့ လမ်းခွဲကြရအောင်။”

ကျွန်တော့် စကားဆုံးတော့ နှင်းက အသံမထွက်ဘဲ ကြိတ်ငိုသည်။

“ကို… နောင်ဘဝဆိုတာများရှိခဲ့ရင်…”

“နောင်ဘဝဆိုတာ မရှိပါရစေနဲ့တော့ နှင်း။ အရင်အတိတ်ကလည်း ကို တို့ အခုလို ဆုတောင်းခဲ့လို့သာ အခုဒီဘဝမှာ ဒီလိုဖောက်ပြန်ခဲ့ကြရတာပါ။ အဲ့ဒါကြောင့် နောက်ထပ် ဆုတောင်းတွေ မမှားပါရစေနဲ့တော့နော်။ ကို တို့တွေ အိမ်ပြန်ကြရအောင်။ ဒီနေ့ဟာ ကို တို့နှစ်ယောက်လုံး အမှားကနေ အမှန်ကို ပြန်ပြင်နိုင်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်မှာပါ နှင်း။”

ကျွန်တော် နှင်းကို ချော့မော့ပြီး သေချာရှင်းပြကာ အောင်မြင်စွာ လမ်းခွဲနိုင်ခဲ့သည်။ နှင်း နှင့် လမ်းခွဲခဲ့ပြီး ထက်ဆီ ပြန်သွားတဲ့ ကျွန်တော့် အိမ်ပြန်ခရီးဟာ အင်မတန် ပေါ့ပါးလို့နေသည်။ ထက်ဆီမှာ ကျွန်တော့် အမှားကို ဝန်ခံပြီး ယခင်ကထက် ပိုချစ်ပေးနိုင်ပြီး ပိုဂရုစိုက်နိုင်ဖို့ ကျွန်တော်ကြိုးစားရမည်ဖြစ်ပေသည်။

နောက်ပြီး ဦးဆွေကို ကျွန်တော် စကားတစ်ခွန်းပြောရမည်။

“ဖောက်ပြန်ခြင်းဆိုတာ ခန္ဓာကိုယ်တစ်ခုက ခန္ဓာကိုယ်တစ်ခုကို လိုအပ်လို့ဖြစ်တဲ့အပြင် ဆုတောင်းတွေ မှားခဲ့ကြရင်လည်း ဖြစ်နိုင်ပါတယ် ဦးဆွေ…”

အတွေးထဲမှာတော့ ကိုယ့်အစီအစဉ်နှင့်ကိုယ် အားလုံးအိုကေမှာ စိုပြေနေသည်။ တကယ့်လက်တွေ့ ဘဝမှာတော့ ကျွန်တော့်ဖြစ်စဉ်ဟာ မြန်မာဗီဒီယိုဇာတ်လမ်းတစ်ခု မဟုတ်တာကို ကျွန်တော် သတိမေ့နေခဲ့သည်။ ကျွန်တော် အဆင်ပြေမယ်လို့ပဲ တွေးခဲ့မိပေမဲ့ ထက်သည် ကျွန်တော်ထင်ထားသလိုမဟုတ်ခဲ့။ ထက် တစ်ယောက် အင်မတန် ဒေါသကြီးတတ်တာကို ကျွန်တော်မေ့နေခဲ့ပေသည်။

ဆက်ရန်….

Moe (YUFL)

No Comments Yet

Comments are closed