အကြင်နာတရားကို ရွေးချယ်ပါ

တိုတောင်းတဲ့လူဘဝမှာ အတ္တတွေနဲ့ တစ်ယောက်တည်းအမှောင်ချနေမလား အကြင်နာတရားတွေမျှဝေပြီး အတူတူထွန်းလင်းကြမလား????

လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ရှုပ်ထွေးလှတဲ့ လောကကြီးမှာ ကိုယ့်ဘဝ အသက်ရှင်ချိန်ဆိုတာက ဖြစ်ပျက်ခဲ့တဲ့အချိန်တွေရယ် ဆက်ဖြစ်လာမယ့် အချိန်တွေရယ်နဲ့ တွက်မယ်ဆိုရင် တစ်စက္ကန့်ရဲ့ အစိတ်အပိုင်းတစ်ခုစာလောက်ပဲ ရှိပါတယ်။ ရလဒ်အနေနဲ့ကတော့ လူအတော်များများဟာ တိုတောင်းလှတဲ့ ဒီအချိန်လေးမှာ ရသလောက် ကိုယ့်အတွက်ခံစားဖို့ ဆိုတာမျိုးကို အသားပေးလာကြတယ်။ အသက်ရှင်ရတဲ့ နေ့ရက်တိုင်းမှာ ကိုယ်အောင်မြင်ဖို့၊ ကိုယ်ကြီးပွားဖို့၊ ကိုယ်အခွင့်အာဏာရဖို့ဆိုတာကို အဓိက အာရုံစိုက်ဖြစ်သွားကြတယ်။ ကံမကောင်းစွာနဲ့ပဲ သူတစ်ပါးအတွက် တွေးပေးတဲ့အချိန်ဆိုတာ အကျိုးလိုလို့ ညောင်ရေသွန်းတယ်ပဲ ခေါ်မလား။ ကိုယ့်အတွက်လည်း အကျိုးအမြတ်ပြန်ရှိလာမယ့် အခြေအနေမျိုးမှာပဲ အတွေ့များလာတာပါပဲ။

အချိန်အတော်များများမှာ သူများတွေ ဘယ်လို ဒုက္ခရောက်နေတယ်ဆိုတာမျိုးထက် ကိုယ်ခံစားရတဲ့ နာကျင်မှုတွေကိုပဲ ပိုမြင်လာကြတယ်။ မေတ္တာတရားတွေနဲ့ နားလည်နိုင်စွမ်းတွေဟာ ဝေမျှပေးလို့ရတဲ့အရာတွေဆိုတာကို မေ့မေ့ပျောက်ပျောက်ဖြစ်လာတယ်။ သူတစ်ပါးရဲ့ ကြင်နာမှုအပေါ်မှာတော့ အခွင့်ကောင်းယူဖို့ဝန်မလေးတော့ပေမဲ့ ကိုယ်က ပြန်ကြင်နာတတ်ဖို့ ဝန်လေးလာကြတယ်။ ကိုယ့်အပေါ် မကြင်နာတတ်တဲ့လူနဲ့ တွေ့တဲ့အခါ ကိုယ်ဘယ်လိုခံစားရမလဲ။ ဒီလိုပါပဲ ကိုယ်လည်း အခြားသူတွေကို ကြင်နာပေးဖို့ မေ့နေတဲ့အခါ သူတို့လည်း ကိုယ့်လိုပဲ နာကျင်တတ်ပါတယ်။

Related article >>> လူဖြစ်ရကျိုးနပ်ဖို့

ဒီသံသရာကို အဆုံးသတ်ဖို့အတွက် ကိုယ်ကပဲ စရမှာပါ။ ကိုယ်နဲ့အနီးဆုံးက လူတွေဆီကို ဖြန့်ကျက်ပါ။ ကိုယ့်ကိုယ်ကိုယ် မေတ္တာတရားနဲ့ လွှမ်းခြုံပါ။ ကိုယ်လုပ်တဲ့ လုပ်ရပ်တွေအပေါ်မှာ မျှမျှတတတွေးခေါ်ဖို့ သတိထားပါ။ အကြင်နာတရားကို ရွေးချယ်ခြင်းဟာ ပိုက်ဆံလှူလိုက်တာမျိုး၊ မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းကို မုန့်လိုက်ကျွေးလိုက်တာမျိုးထက် ပိုလေးနက်ပါတယ်။ ဒါဟာ နေ့စဉ်နဲ့အမျှ ကိုယ့်ကိုယ်ကိုယ်အတွက်ရော ကိုယ့်ပတ်ဝန်းကျင်က လူတွေအတွက်ပါ ကျင့်သုံးရမယ့် ကျင့်ဝတ်တစ်ခုပါ။ ဒါဟာ အက်မင်တို့ မေ့နေတတ်ကြတဲ့၊ မေ့ပစ်ဖြစ်ကြတဲ့ ဝတ္တရားတစ်ရပ်ပါ။

ကြင်နာခြင်းဆိုတာကို ရွေးချယ်ဖို့အတွက် ကရုဏာတရားနဲ့ နားလည်နိုင်စွမ်းတွေကို ကိုယ့်အတွက်ရော တစ်ပါးသူအတွက်ပါ ဖြန့်ကျက်ပေးဖို့ လိုပါတယ်။ ကိုယ်တိုင်ရဲ့ ပူပန်မှုကိုသာမကဘဲ အခြားသူရဲ့ ပူဆွေးမှုကို မြင်ပေးတတ်ဖို့ လိုပါမယ်။ ပိုကြီးတဲ့ ပိုအရောင်စုံတဲ့ ပိုပသာဒဖြစ်မယ့် ပန်းချီကားတစ်ခုကိုလိုချင်ရင်တော့ တစ်ခါတရံမှာ မာနတွေ အတ္တတွေကို ဘေးခဏချထားသင့်ရင် ထားရပါမယ်။ ကိုယ့်အသံကိုယ်လည်း နားထောင်ပါ။ သူများတွေကိုလည်း ပြောခွင့်ပေးလိုက်ပါ။ ဒါဟာ မေတ္တာဖြန့်ကျက်ခြင်းရဲ့ အစပါပဲ။

အကြင်နာတရားခေါင်းပါးဖို့ဆိုတာ သူတစ်ပါးအပေါ်မှာပဲ သက်ရောက်တယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပေါ်လည်း အကြင်နာတရား ခေါင်းပါးနေတတ်တယ်ဆိုတာကို သတိပြုမိပါသလား။ ကိုယ့်ရဲ့ အပြစ်တွေကို၊ မတတ်နိုင်မှုတွေ၊ ကျရှူံးမှုတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖူးပါသလား။ ကိုယ်ပြောင်းလဲလို့ မစွမ်းသာတဲ့ ကိုယ့်အခြေအနေတွေ ကိုယ်ပြန်ကြည့်ပြီး စိတ်ပျက်ဖူးပါသလား။ အဲ့အပြစ်တွေ လိုအပ်ချက်တွေကို လက်ခံဖို့ ကြိုးစားဖူးပါသလား။ ဆင်းရဲဒုက္ခဆိုတာတွေကို အသိအမှတ်မပြုနိုင်ဘဲ ခါးသီးနေသရွေ့တော့ ပျော်ရွှင်မှုနဲ့ ဝေးနေဦးမှာပါ။

Related article >>> ကိုယ့်ကိုယ်ကိုယ် တာဝန်ယူခြင်း

ကိုယ့်ကိုယ်ကိုယ် ကြင်နာဖို့ရွေးချယ်သွားနိုင်ပြီဆိုရင် အခြားသူတွေအတွက် လက်ဆင့်ကမ်းပေးဖို့က လွယ်သွားပါပြီ။ မေတ္တာတရားဆိုတာက ဖယောင်းတိုင်မီးလိုပါပဲ။ မီးစာဘယ်လောက်ကူးကူး လျော့မသွားဘဲ မျှဝေလိုက်တဲ့ အလင်းရောင်တွေသာ တိုးလာတဲ့ သဘောပါ။ ဒီလိုနဲ့ အကောင်းမြင်စိတ် ဖြန့်ကျက်ထားတဲ့ အလင်းရောင်တွေထိန်လင်းနေတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရှင်းရှင်းလင်းလင်းမြင်လာရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက်ပြန်တဲ့ အလင်းတွေမှာလည်း အကြင်နာတရားတွေ အတူပါလာပါလိမ့်မယ်။

ကြင်နာတတ်ဖို့ အထူးတလည် လေ့ကျင့်ယူဖို့မလိုပါဘူး။ အထီးကျန်နေတဲ့သူတစ်ယောက်ကို ပြုံးပြလိုက်တာမျိုး၊ စိတ်ညစ်နေတဲ့ သူတစ်ယောက်ကို စိတ်ရင်းနဲ့ အားပေးလိုက်တာမျိုးဟာလည်း ကြင်နာရာ ရောက်ပါတယ်။ မေ့နေတတ်တာက နားလည်ပေးဖို့ပါ။ သူ့ဘက် ကိုယ့်ဘက် ကြည့်ပေးကြမယ်ဆိုရင် အကြင်နာတရားတွေ တိုးပွားလာတာကို ခံစားရမှာပါ။ ဒါကြောင့် ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် အကြင်နာတရားကိုသာ ရှေ့တန်းတင်ကြမယ်ဆိုရင်ဖြင့် ပျော်ရွှင်တဲ့ဘဝမဟုတ်ရင်တောင် အေးချမ်းတဲ့နှလုံးသားကို ပိုင်ဆိုင်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

Myat (For Her Myanmar)

No Comments Yet

Comments are closed