ဒီထက်ပိုပြီး ထိုက်တန်ပါတယ်

လတ်တလောအပြောင်းအလဲလုပ်ဖို့ သတ္တိမရှိသေးရင်တောင် ကိုယ့်စိတ်သက်သာရာကို ဖန်တီးယူလို့ရပါသေးတယ်။

တစ်ခါတစ်ရံမှာ လူတွေဟာ အပြောင်းအလဲကို ကြောက်တဲ့စိတ်တစ်ခုတည်းကြောင့် ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေ၊ နေရာတွေကို ရယူဖို့ မေ့နေတတ်ကြတယ်။ အလုပ်ကိစ္စ (အသက်မွေးမှု)နဲ့ ပတ်သက်လာတဲ့အခါမှာလည်း လူတွေက တွေဝေလေ့ရှိကြတယ်။ ကိုယ်ပြောင်းလိုက်လို့ နောက်အလုပ်မှာ အဆင်ပြေပါ့မလား၊ လုပ်ဖော်ကိုင်ဖက်မကောင်းရင် ဘယ်လိုလုပ်မလဲ၊ အထက်လူကြီးက အရမ်းတင်းကြပ်ရင်ရော… စသည်ဖြင့် မေးခွန်းများစွာနဲ့ပဲ ကိုယ်မလုပ်ချင်တော့တဲ့ အလုပ်မှာ၊ ကိုယ့်အတွက်တက်လမ်းမရှိတဲ့ အလုပ်မှာ ချောင်ပိတ်နေကြတဲ့သူတွေ ရှိကြမှာပါ။ လတ်တလောအပြောင်းအလဲလုပ်ဖို့ သတ္တိမရှိသေးရင်တောင် ကိုယ့်စိတ်သက်သာရာကို ဖန်တီးယူလို့ရပါသေးတယ်။ အလုပ်နားတဲ့ရက်တွေမှာ ဝါသနာပါရာကို လုပ်ဖို့အချိန်ပေးပါ။ စိတ်ဝင်စားတဲ့၊ ဆက်မလိုက်စားမိတဲ့ အတတ်ပညာတစ်ခုခုကို ပြန်သင်ယူဖို့ကြိုးစားကြည့်ပါ။ အနည်းဆုံးတော့ ကိုယ်ချစ်တဲ့အရာတစ်ခုကို လုပ်ခွင့်ရနေသေးတာပေါ့။ ကိုယ်လည်းစိတ်ချမ်းသာရဖို့ ထိုက်တန်တဲ့သူမဟုတ်လား။

ပေါင်းသင်းဆက်ဆံရေးမှာလည်း အလားတူပါပဲ။ သူတို့ကလွဲလို့ ကိုယ့်မှာခင်ရမယ့်သူမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့တော့ ဖက်တွယ်မထားပါနဲ့။ ကိုယ်နဲ့ အဆက်အဆံမလုပ်ချင်တဲ့သူ၊ ကိုယ့်ကို အထင်သေးတဲ့သူ၊ ကိုယ့်ကွယ်ရာ အတင်းပြောတဲ့သူတွေကိုတောင် ဝေးဝေးရှောင်နိုင်သေးရင် သူငယ်ချင်းအမည်ခံပြီး ကိုယ့်အပေါ် ဒီလိုတွေလုပ်နေတဲ့သူကို မပယ်နိုင်စရာမရှိဘူးလို့တော့ မြင်မိတယ်။ ကိုယ့်ကိုစိတ်သက်သာရာမပေးနိုင်တဲ့ ခင်မင်မှုမျိုး၊ ပျော်ရွှင်ခြင်းထက် စိတ်မကောင်းဖြစ်စရာတွေပေးနေတဲ့ ခင်မင်မှုမျိုး၊ ကိုယ့်အတွက် တဖြည်းဖြည်း အဆိပ်အတောက်ဖြစ်လာစေတဲ့ ခင်မင်မှုမျိုးတွေကို ဖြတ်တောက်ပစ်လိုက်ပါ။။ ကိုယ်ကဒီထက်ကောင်းတဲ့ မိတ်ဆွေမျိုးနဲ့ ထိုက်တန်ပါတယ်။

Related article >>> တွေဝေနေဖို့ အချိန်မရှိပါ။

ကိုယ့်ရဲ့ ခံစားချက်တွေကိုလည်း လျစ်လျူမရှုပစ်ပါနဲ့။ ဝမ်းနည်းရတာတွေ၊ ပူဆွေးရတာတွေများလာတဲ့အခါ စိတ်အနေအထား ပုံမှန်မဖြစ်နိုင်တာ သဘာဝပါ။ စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးပါ၊ ဆေးသောက်သင့်ရင် သောက်ပါ၊ ဆရာဝန်နဲ့ ဆွေးနွေးပါ။ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ ကြိုးစားပါ။ လူတွေလှောင်ပြောင်မှာကြောင်တော့့ ကိုယ့်ရဲ့ကျန်းမာတဲ့ အသက်ရှင်ခြင်းကို မထိခိုက်ပါစေနဲ့။ စိတ်အေးချမ်းပြီး ဘဝအတွက်အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်နေထိုင်မှုနဲ့ ထိုက်တန်တဲ့ လူထဲက လူတစ်ယောက်ပဲမို့။

ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ပေါ်မှာလည်း မချင့်မရဲအောင့်သက်သက်နဲ့ လက်ခံလိုက်ရတာမျိုး မဖြစ်ပါစေနဲ့။ ရုပ်ရည်က ကိုယ့်ရဲ့ ဘဝကို အဆုံးအဖြတ်ပေးနိုင်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်လှမယ်ထင်ရင် ပြင်ပါ။ ပြင်လည်းမထူးပါဘူးဆိုတာတွေအပေါ် ခံစားမနေပါနဲ့။ သူတို့အမြင်မှာ လှဖို့ထက် ကိုယ့်ကိုယ်ကိုယ် လှနေတယ်လို့ ယုံကြည်မှုရှိနေဖို့က ပိုအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် မထိခိုက်သ၍၊ဆိုးကျိုးမများသ၍ ကိုယ်စိတ်ချမ်းသာအောင် လှလှပပပြင်ပြင်ဆင်ဆင်နေပါ။ ဆံပင်ဆိုးချင်သလား၊ ဆိုးလိုက်ပါ၊ လက်သည်းပုံဖော်ချင်သလား၊ လုပ်လိုက်ပါ။ ကိုယ်လုံးလှချင်သလား၊ Gym သွားဆော့လိုက်ပါ။ မိတ်ကပ်ဝယ်ချင်သလား၊ စိတ်ကြိုက်ရီဗျူးတွေ ကြည့်ပြီး အော်ဒါတင်လိုက်ပါ။ ဖိနပ်လှလှလေး လိုချင်သလား၊ shopping mall စုံအောင်ပတ်ကြည့်ပြီး အကြိုက်ဆုံးတစ်ခု ဝယ်ပစ်လိုက်ပါ။ သက်သက်ပိုက်ဆံဖြုန်းနေတယ်ဆိုတဲ့ စကားတွေကို လျစ်လျူရှုလိုက်ပါ။ ကိုယ်ရှာတဲ့ ပိုက်ဆံ ကိုယ့် စိတ်ချမ်းသာဖို့အတွက် သုံးဖို့ထိုက်တန်ပါတယ်။ ကိုယ်နေပျော်တဲ့ ကမ္ဘာလေးကိုယ် ဖန်တီးလိုက်စမ်းပါ။

Related article >>> ကိုယ့်ကိုယ်ကိုယ်သုံးသပ်နိုင်ဖို့

ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး အားမလိုအားမရဖြစ်နေမယ့်ဘဝ၊ ကိုယ့်နေ့စဉ်နေထိုင်မှုကို စဉ်းစားလိုက်တိုင်း အသက်ရှူရခက်နေတဲ့ ဘဝ၊ အချစ်ရေးမှာ အနိုင်ယူမှုတွေပဲ ကြုံနေရတဲ့ဘဝ၊ ခင်မင်မှုကို အမြတ်ထုတ်ခံနေရတဲ့ဘဝ အဲဒီဘဝတွေထဲက ရုန်းထွက်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ရက်ရောပါ။ လေးစားပါ။ ချစ်ပေးပါ။ ချီးကျူးပါ။ တစ်ခါတည်း ရတဲ့ဘဝမှာ ခက်ခက်ခဲခဲနဲ့ အသက်ရှူဖို့မရွေးချယ်ပါနဲ့။ သင်ဒီထက်ပိုပြီး ထိုက်တန်ပါတယ်။

Myat (For Her Myanmar)

No Comments Yet

Comments are closed